-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** အပြောင်းအရွှေ့ ကာလပိတ်ချိန်ထိ ဒေးဗစ်ဗီလာကို ခေါ်ယူရန် အာဆင်နယ် ကြိုးပမ်းမည်**
အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် ဇန်န၀ါရီအပြောင်းအရွှေ့ကာလ ကစားသမားခေါ်ယူမှုနှင့် ပတ်သက်၍ ယခုတိုင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် စပိန်လာလီဂါ ကလပ် ဘာစီလိုနာတိုက်စစ်မှူး ဒေးဗစ်ဗီလာကိုမူ ယခု ဇန်န၀ါရီအပြောင်းအရွှေ့ကာလပိတ်ချိန်ထိ ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် အာစင်ဝင်းဂါးသည် ဒေးဗစ်ဗီလာကို ခေါ်ယူရေးနှင့်ပတ်သက်၍ ဘာစီလိုနာအသင်း တာဝန်ရှိ သူများနှင့် အပြောင်းအရွှေ့ပိတ်ချိန်အထိ နောက်ဆုံး ကမ်းလှမ်းမှုတစ်ရပ်ပြုလုပ်မည်ဟုလည်း ဆိုသည်။ အာစင်ဝင်းဂါးသည် ယခုအပြောင်းအရွှေ့ကာလတွင် တိုက်စစ်ပိုင်းအတွက် အန်ဒရီလိုပက်ဇ်၊ အေဒင်ဇက်ကိုနှင့် ဒေးဗစ်ဗီလာတို့ကို ပစ်မှတ်ထားခဲ့ကြောင်း ၎င်းတို့ထဲတွင် ဘာစီလိုနာတိုက်စစ်မှူး ဒေးဗစ်ဗီလာမှာ ထိပ်ဆုံးမှ ခေါ်ယူ ရန် ပစ်မှတ်ထားခဲ့သည့် ကစားသမားဖြစ်ကြောင်း ဆိုသည်။ ယခု ဇန်န၀ါရီ အပြောင်းအရွှေ့ကာလအတွင်း မည်သည့် ကစားသမားတစ်ဦးတစ်ယောက်ကိုမှ အာဆင်နယ်အသင်းအနေဖြင့် မခေါ်ယူနိုင်ခဲ့ပါက အာဆင် နယ်ပရိသတ်များ၏ ဝေဖန်မှုနှင့် စိတ်ဆိုးဒေါသထွက်မှုများ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းနှင့် မိမိအနေဖြင့်လည်း အပြောင်း အရွှေ့ကာလတွင် ကစားသမားခေါ်ယူမှုနှင့် စပ်လျဉ်း၍ ငွေကြေးအမြောက်အမြားသုံးစွဲရန် ရည်ရွယ်ထားခဲ့ကြောင်း
ပြောကြားခဲ့သည်။
**ဘာလော့တယ်လီအား စာချုပ်တစ်ရပ်ချုပ်ဆိုရန် အေစီမီလန်သဘောတူညီမှု ရရိ**
အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းသည် ပရီမီယာလိဂ်ကလပ် မန်စီးတီး အသင်းမှ အီတလီတိုက်စစ်မှူး မာရီယိုဘာလော့တယ်လီအား လေးနှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထားခဲ့ကြောင်း အေစီမီလန်အသင်းက အခိုင် အမာပြောကြားခဲ့သည်။ မန်စီးတီးတိုက်စစ်မှူး ဘာလော့တယ်လီသည် ဇန်န၀ါရီ ၃၀ ရက်တွင် အေစီမီလန် အသင်းနှင့် ကျန်းမာရေးဆေးစစ်မှုပြုလုပ်ပြီးပါက ၎င်း၏အပြောင်းအရွှေ့ အကောင် အထည်ပေါ်နိုင်ကြောင်း မန်စီးတီးအသင်း မန်နေဂျာ ရောဘတ်တိုမန်စီနီက ပြောကြားခဲ့သည်။ အေစီမီလန်အသင်းနှင့် မန်စီးတီးအသင်းတို့သည် ဘာလော့တယ်လီ၏ အပြောင်းအရွှေ့နှင့် ပတ်သက်၍ဆွေးနွေးမှုများပြုလုပ်လျက်ရှိပြီး ပြောင်းရွှေ့ကြေးအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းဖြင့် သဘောတူညီချက်ရရှိရန် နှစ်သင်းစလုံးက ယုံကြည်ထားကြသည်။ ''အေစီမီလန်အသင်းက ဘာလော့တယ်လီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်ကတည်းက ဆွေးနွေးမှု တွေလုပ်နေတာပါ။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဘာလော့တယ်လီကို အီတီဟက်ဒ်မှာ ဆက်နေစေချင်ပေမယ့် သူ့ရဲ့မွေးရပ်ဌာနေ အီတလီမြေကိုပြန်ဖို့ အခွင့်အရေးတစ်ရပ်လို့ပဲ ယူဆရမှာပါ''ဟု မန်စီးတီးအသင်း မန်နေဂျာ မန်စီနီကပြောကြားခဲ့သည်။ မန်စီးတီးတိုက်စစ်မှူး ဘာလော့တယ်လီကို မန်စီးတီးအသင်းက ၂၀၁၀ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းဖြင့် ခေါ်ယူစာချုပ်ခဲ့ပြီး မန်စီးတီးအသင်းအတွက် ပရီမီယာလိဂ် သွင်းဂိုး ၂၀ အထိ သွင်းယူပေးခဲ့သည့် တိုက်စစ်မှူးလည်း ဖြစ်သည်။၎င်း၏ မန်စီးတီးရောက်သည့် ပထမရာသီတွင် ၂၈ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။
**လက်ရှိချန်ပီယံ ဇမ်ဘီယာအသင်းပြိုင်ပွဲမှထွက်ရပြီ**
အာဖရိကနိုင်ငံများဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိကနိုင်ငံ၌
ကျင်းပလျက်ရှိရာ လက်ရှိချန်ပီယံ ဇမ်ဘီယာအသင်းသည် ဘာကီနာဖာဆို
အသင်းကို ဂိုးမရှိ သရေကျပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။ ဘာကီနာဖာဆိုအသင်းသည်
သရေကျပြီးနောက် ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ လက်ရှိ ချန်ပီယံ
အသင်းသည် ယင်းအဆင့်မှ ထွက်ရခြင်းသည် ၁၉၉၀ ခုနှစ်က အယ်လ်ဂျီးရီးယား
အသင်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။
** အသင်း၏တိုက်စစ်အင်အားကို ထပ်မံဖြည့်တင်းရန် မလိုအပ် ကြောင်း ဘိုအာ့စ်ပြောကြား** တော့တင်ဟမ်ဟော့စပါးအသင်း မန်နေဂျာ ဗီလာ ဘိုအာ့စ်သည် ယခုအပြောင်း အရွှေ့ကာလအတွင်း အသင်း၏တိုက်စစ်အင်အားကို ထပ်မံဖြည့်တင်းရန် မလိုအပ် ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စပါးအသင်းသည် စကော့တလန်ကလပ် ဆဲလ်တစ် ရှေ့တန်းတိုက်စစ်မှူး ဂါရီဟော့ပါနှင့် ဆီဗီလာတိုက်စစ်မှူး အယ်လ်ဗာရိုနီဂရီဒိုတို့ကို ခေါ်ယူရန် ချိတ်ဆက်မှု များပြုလုပ်ခဲ့သော်လည်း အဆိုပါကစားသမားများကို ပြင်းထန်သော ချဉ်းကပ်မှုမျိုးမရှိခဲ့ ကြောင်းနှင့် လက်ရှိအသင်း၏ တိုက်စစ်မှူးများနှင့်ပင် လုံလောက်နေသေးကြောင်း နည်းပြ ဗီလာဘိုအာ့စ်က ဆိုသည်။ ဂိုးသွင်းစက်ဟုတင်စားလောက်သော ဂျာမိန်းဒီဖိုး ဒဏ်ရာမှပြန်လည်သက်သာကာ အသင်းတွင် ပါဝင်ကစား နိုင်တော့မည်ဖြစ်၍ စပါးအသင်း၏ တိုက်စစ်အတွက် ပိုမိုတောင့်တင်း လာတော့မည်ဖြစ်ကြောင်းလည်း ဗီလာ ဘိုအာ့စ်က ပြောကြားခဲ့သည်။ စပါးအသင်းသည် တိုက်စစ်ပိုင်းကောင်းမွန်သည်ဟု ဆိုသော်လည်း အသင်းအတွက် လွယ်ကူသည့် ပြိုင်ပွဲဆိုသည်မှာမရှိကြောင်းနှင့် အသင်းမှကစားသမားများ အနေ ဖြင့် အနိုင်ရရှိရေး ကိုသာ အာရုံစိုက်ကစားစေလိုကြောင်းလည်း စပါးအသင်းနည်းပြ ဗီလာဘိုအာ့စ်က ဆိုသည်။
**ဘောလုံသတင်း အတိုအထွာများ**
အဲဗာတန်အသင်းသည် အက်ဖ်စီတွမ်တီးအသင်းမှ ကွင်းလယ်ကစား သမား လီရွိုင်ဖာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၈ ဒသမ ၆ သန်း ပေး၍ စာချုပ်တော့မည်ဖြစ်သည်။
ဘရာဇီးကွင်းလယ်ကစားသမား ကိုရန်သီရင်အသင်းမှ ပေါလင်ဟို အားအင်တာမီလန်အသင်းက ဇန်န၀ါရီအပြောင်းအရွှေ့ကာလ မပိတ်မီ ခေါ်ယူမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
ဆန်တို့စ်အသင်းမှ အသက် ၂၀ အရွယ်တိုက်စစ်မှူး နေမာအား ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ်တို့က ခေါ်ယူရန် အပြိုင်ကြိုးစားလျက် ရှိသည်။
ရှက်ဖ်ဖီးအသင်းမှ လာဗရီအား ဆောက်သမ်တန်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ချထားလိုက်ပြီဖြစ်ကြောင်း ရှက်ဖ်ဖီးက သတင်းထုတ်ပြန်သည်။
ဆီဗီလာအသင်းမှ ဒီဂိုလိုပက်ဇ်အား ရီးရဲမက်ဒရစ်အသင်း ခေါ်ယူ မည်ဖြစ်ရာ ပြောင်းရွှေ့ကြေးညှိနှိုင်းလျက်ရှိသည်။
မန်ယူကစားသမား မက်ကူလော့အား ချာလ်တန်အသင်းသို့ အငှားချထားလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
နော့တင်ဟမ်အသင်းမှ မိုလိုနေအား ဘရစ်စတိုးအသင်းသို့ အလွတ် ပြောင်းရွှေ့ဖြင့် ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်သည်။
လိဒ်ယူနိုက်တက်အသင်းမှ ဒန်နီပေါ့အား ရှက်ဖ်ဖီးအသင်းသို့ အငှား စာချုပ်ဖြင့် ချထားလိုက်ပြီဖြစ်သည်။
ဝက်စ်ဘရွန်းအသင်းမှ ကရင်းဒေါ်ဆင်အား ဘော်လ်တန်အသင်း သို့ နှစ်နှစ်စာချုပ်ဖြင့် အငှားချထားလိုက်ပြီဖြစ်ကြောင်း ၀က်စ်ဘရွန်း အသင်းက သတင်းထုတ်ပြန်သည်။
မန်ယူအသင်းသည် ဖီဒါရီကိုမာချေဒါအား စတုဂတ်အသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက်ကစားခွင့် ပြုလိုက်ပြီဖြစ်သည်။
တိုက်စစ်မှူး ဒရော့ဘာနှင့် အနယ်လ်ကာတို့ အသင်းမှထွက်ခွာသွား ခြင်းသည် အသင်း၏တိုက်စစ်ကို အားနည်းစေခဲ့ကြောင်း နည်းပြ ဘင်နီတက်ဇ်က ထုတ်ဖော်ပြောကြားသည်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်းက အင်္ဂလန် ထိပ်တန်းကလပ်အသင်းတစ်သင်းတွင် ကစားလိုသောဆန္ဒ ပြင်းပြ
နေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။
**နိုင်လင်းကြည်**

No comments:
Post a Comment