-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ-
(ဇန်န၀ါရီ ၃၁ ရက်၊ ၂၀၁၃၊)တိုင်းရင်းသား နယ်မြေ အားလုံးမှာ ထိုးစစ်တွေ ရပ်စဲဖို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) က ပြောကြား လိုက်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်အနီးက ကေအန်အယ်လ်အေ တပ်မဟာ ၇ နယ်မြေမှာ ဒီနေ့မနက်က ကျင်းပတဲ့---- ၆၄ ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနား မှာKNU -KNLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီပြောကြား လိုက်ပါတယ်။(DVB)
(ဇန်န၀ါရီ ၃၀ ရက်၊ ၂၀၁၃၊)
အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ အီတလီ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ အပျော်တမ်းအဖွဲ့ဝင်များပါဝင်သော နိုင်ငံစုံမျက်လှည့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေ့သစ်အလယ်တန်းကျောင်း၌ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ (JACBA)
(ဇန်န၀ါရီလ ၂၈ ရက်၊ ၂၀၁၃)
ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာလုပ်သားများအတွက် မတ်လ မတိုင်မီ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ၎င်းအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်း ၁၀ ခုထိ တိုးချဲ့လုပ်ကိုင်ပေးသွားမည်ဟု သိရသည်။ ယခင် ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်း ၅ ခုသာ ထားရှိရာမှ ယခုလို တိုးချဲ့ဖွင့်လှစ်ရန် ဇန်နဝါရီလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန က ဆိုသည်။ နှစ်နိုင်ငံ ညှိနှိုင်းမှုအရ လျာထားသည့် စခန်း ၁၀ ခုမှာ စမုပရာကန်၊ စမုစခွန် (မဟာချိုင်)၊ စူရတ်ဌာနီ၊ ချင်းမိုင်၊ လရောင်၊ ပထုံဌာနီ၊ ကန်ချနဘူရီ၊ နခွန်ရတ်ခ်ျ စီမာ၊ ခွန်ခန်နှင့် ဆွန်ခလာ တို့ ဖြစ်သည်။ ထိုစခန်းများအား အလုပ်သမားများ အလုပ်လုပ်ကိုင်သည့် နေရာဒေသ အခြေအနေ၊ မှတ်ပုံတင် လာရောက်ပြုလုပ်မှု အခြေအနေပေါ်မူတည်၍ အတည်ပြုရွေးချယ် သွားမည်ဖြစ်သည်။ ယင်းကဲ့သို့ ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေး စခန်းများသို့ မြန်မာလုပ်သားများ အနေဖြင့် ခွင့်ပြုကာလအတွင်း သက်ဆိုင်ရာ အလုပ်ရှင်များမှ တဆင့် မှတ်ပုံတင်မည့် အထောက်အထားများ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ပြောကြားသည်။ ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာ လုပ်သားများ အနေဖြင့် ထိုင်း-မြန်မာ နယ်စပ် စခန်းများရှိ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများသို့ပြန်လာကာ မှတ်ပုံတင်ရန် မလိုတော့ဘဲ ထိုင်းနိုင်ငံ အတွင်းရှိ နီးစပ်ရာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းများသို့ သွားရောက်ပြီး အထောက်အထားများ ရယူဆောင်ရွက်နိုင်မည်ဖြစ်သည်။(မဇ္ဈိမ)
(ဇန်န၀ါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်)
ဖြစ်ရပ် ၁။ ။ ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့၊ အမှတ်(၅)ရပ်ကွက်အပိုင်ရှိ ၀မ်းစကင်းကျေးရွာတွင် ယမန်နေ့ညက အာဝါဒေး(စုပေါင်းလောင်းကစားပွဲ) ကျင်းပရာသို့ အမည်မသိ သေနတ်သမားတစ်စု ၀င်ရောက်လာပြီး လောင်းကစားဝိုင်းများမှ ငွေကြေးများကို လုယက်ယူငင်သွားခဲ့သည်။(KIC)
ဖြစ်ရပ် ၂။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ၏ ပညာရေးကွန်ယက်မှ ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၉ဦးသည် ယနေ့ညနေ ၅နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ဒေါက်တာစင်သီယာမောင်အား လာရောက်တွေ့ဆုံ ခဲ့သည်။(KIC)
(ဇန်န၀ါရီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်)
ကချင်ဒေသအတွင်း အစိုးရတပ်၏ ထိုးစစ်ဆင်မှုကို ချက်ချင်းရပ်တန့်ပေးရန် ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများက ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးနှင့် တရုတ်ကောင်စစ်ဝန် ရုံးရှေ့တို့တွင် ယနေ့မနက်၌ သွားရောက်စုဝေးပြီး ဆန္ဒဖော်ထုတ် ခဲ့ကြသည်။(KIC)
(ဇန်န၀ါရီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်)
ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေဒေသ တွင် မြန်မာအစိုးရစစ်တပ်က အရပ်သား (ဟိုင်းလိုက်)ကား ၃စီးကို ဇန်န၀ါရီလ ၂၂ရက်နေ့က ချောဆွဲခဲ့သည်ဟု ဒေသခံများက ပြောဆိုနေ ကြသည်။
(ဇန်န၀ါရီလ ၂၃ ရက်၊ ၂၀၁၃)
ဖြစ်ရပ် ၁။ ။ မလေးရှားနိုင်ငံတွင် တရားမ၀င်ဝင်ရောက်လာကြသော မြန်မာနိုင်ငံသား ၅၄ ဦးကို မလေးရှားလူ ကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့က လက်ရဖမ်းဆီးလိုက်ကြောင်းသိရသည်။ (RFA)
ဖြစ်ရပ် ၂။ ။ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် အထူးစီးပွါးရေးဇုန် တခု တည်ထောင်ရန် အဆိုပြုချက်ကို ထိုင်း ကက်ဘိနက် ဝန်ကြီးများအဖွဲ့က ဇန်နဝါရီလ ၂၀ ရက်နေ့က အတည်ပြုလိုက်သည်။ ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖွဲ့စည်းရေးကို အထောက်အကူပြုရန် နှင့် အရှေ့-အနောက် စီးပွားရေး လမ်းမကြီး (East-West Economic Corridor) အစီအစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ အမျိုးသား စီးပွါးရေးနှင့် လူမှု ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ (NESDB) က အထူးစီးပွါးရေးဇုန် တည်ထောင်ရန် စီမံကိန်းကို အဆိုပြုခြင်း ဖြစ်သည်။ အဆိုပြုချက် မူကြမ်းအား Uttaradit တွင် ပြုလုပ်ခဲ့သည့် ကက်ဘိနက် အစည်းအဝေးတခုတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ကက်ဘိနက် အဖွဲ့က ထောက်ခံထားသည့် စီမံကိန်း စည်းမျဉ်း စည်းကမ်းများအရ အထူးစီးပွါးရေးဇုန်တွင် မဲဆောက် ခရိုင် တခုလုံး သို့မဟုတ် မဲဆောက်ခရိုင်၏ အစိတ်အပိုင်းတခု ပါဝင်နိုင်သည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူ မစ္စတာ Tossaporn Serirak က ဆိုသည်။ ဒေသတွင်း နိုင်ငံများ၏ စီးပွါးရေးကို ၂၀၁၅ ခုနှစ်တွင် တပေါင်းတစည်းတည်း ဖြစ်လာစေမည့် ဒေသတွင်း အကောက်ခွန် လုပ်ထုံးလုပ်နည်းများ တပြေးညီ ဖြစ်စေရေး ASEAN Single Window စနစ်နှင့် သဟဇာတဖြစ်မည့် one-stop (တနေရာတည်း အပြီး) ဝန်ဆောင်မှု စနစ်ကိုလည်း အထူး စီးပွါးရေးဇုန်အတွင်း အကောင်အထည် ဖော်သွားမည်ဟု သူက ဆိုသည်။ထိုင်းဝန်ကြီးချုပ်သည် အထူး စီးပွါးရေးဇုန် မူဝါဒ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည် ဖြစ်ပြီး စီမံကိန်းအား ထိုကော်မတီက ကြီးကြပ် အကောင်အထည် ဖော်ရမည် ဖြစ်သည်။ ကနဦးတွင် ထိုစီးပွါးရေးဇုန်အား မဲဆောက် ခရိုင် အတွင်းရှိ Mae Pa ဒေသ နှင့် Tha Sai Luad ဒေသ များတွင် တည်ထောင်မည် ဖြစ်ကာ ထိုဇုန်အတွင်းတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအား နယ်နိမိတ် ခွဲခြားထားသော သောင်ရင်းမြစ် အနီး ဧရိယာ ၅,၆၀၀ rai (၈.၉၆ စတုရန်း ကီလိုမီတာ) ပါဝင်မည် ဖြစ်သည်။သောင်ရင်းမြစ်ကို ဖြတ်၍ ဆောက်လုပ်ထားသည့် ပထမမြောက် ချစ်ကြည်ရေး တံတား တည်ရှိပြီး ဖြစ်သော်လည်း ယာဉ်ပိတ်ဆို့မှုကို သက်သာစေရန် ရည်ရွယ်၍ ဒုတိယမြောက် ချစ်ကြည်ရေး တံတားကို ထိုမြစ်ကို ဖြတ်၍ ဆောက်လုပ်မည် ဖြစ်သည်။(မဇ္ဈိမ)
(ဇန်န၀ါရီလ ၂၁ရက်၊ ၂၀၁၃ခုနှစ်)
ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ကန့်ပိဘန်းရပ်ကွက်ရှိ SPT သိုးမွေးစက်ရုံအရှေ့ ပြင်ပတန်းလျား မီးလောင်၍ ဒုက္ခ ရောက်နေသည့် မီးဘေးသင့် အလုပ်သမား ၅၀၀ ခန့်ကို မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ- JACBA အဖွဲ့မှ ပစ္စည်းများ ယနေ့ သွားရောက်လှူဒါန်းခဲ့သည်။(KIC)
(ဇန်နဝါရီလ ၁၉ရက်၊ ၂၀၁၃ခုနှစ်) ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး – KNU ဗဟိုတရားရေးတာဝန်ခံဟောင်း ပဒိုစောဒေးဗစ်ထော၏ ၃လပြည့် သတိရ အောက်မေ့ဖွယ် ဆုတောင်းပွဲကို ယနေ့မနက် ၁၀နာရီတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ၊ ဆာသူးလေကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြ သည်။(KIC)
(ဇန်န၀ါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်)
ဖြစ်ရပ် ၁။ ။ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မဲ့ကနဲကျေးရွာအနီးတွင် ယနေ့မနက် ၁၀နာရီကျော်၌ ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော်-ဒီကေဘီအေမှ အသက် ၂၇နှစ်အရွယ် တပ်သားစောဖါးဒို့ခို့သည် မြေမြုပ်မိုင်းထိ၍ ညာဘက်ခြေထောက် ဖြတ်သွားခဲ့သည်။(KIC)
ဖြစ်ရပ် ၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဝှေ့ကလုတ်ရွာမှာရှိတဲ့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅ဝ က သူတို့ရဲ့လုပ်အားခလစာတိုးပေးဖို့ အလုပ်မဆင်းဘဲ စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ မနက်ပိုင်းက ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဆန္ဒပြအလုပ်သမားတွေရဲ့ တစ်ရက်လုပ်အားခ ဘယ်လောက်တိုးပေးမယ် ဆိုတာကိုတော့ တရုတ်ပြည်ကနေ စက်ရုံလုပ်ငန်းရှင် ပြန်လာတဲ့အခါမှ ဆက်လက်ညှိနှိုင်း တောင်းဆိုကြမှာဖြစ်ပါတယ်။ ယူနီအိုးရှင်းစက်ရုံကို ထိုင်းအလုပ်သမား ကြီးကြပ်ကာကွယ်ရေးရုံးက တာဝန်ရှိသူတွေကိုယ်တိုင် သွားရောက်ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ အခြေအနေကိုလည်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ရဲ့ ဥက္ကဌ ဦးမိုးကြိုးကပြောပါတယ်။(RFA)
(ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၃ခုနှစ်)
ဖြစ်ရပ် ၁။ ။ ကွယ်လွန်သူ ကရင့်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် သားကြီး စောနေကော်မြတို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ သတိရအောက်မေ့သည့်အနေဖြင့် ခရစ်ယာန်ဘာသာအရ ၀တ်ပြုဆုတောင်းပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့၊ ဟွေးမယ်ပရွာတွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။(KIC) ဖြစ်ရပ် ၂။ ။ ထိုင်းပြည်ထဲရေးဝန်ကြီး နိုင်ကျာရုဖုန် ရေယန်ဆုဝမ် အပါအဝင် ထိုင်းတာ့ခ်ခရိုင်မှူးနှင့် ထာ့ဆောင်ယန်း မြို့နယ်မှူးတို့သည် ထိုင်း နိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြိ့နယ်အတွင်းရှိ မယ်လကရင်ဒုက္ခသည်စခန်းသို့ ယမန်နေ့က သွားရောက်လေ့လာခဲ့သည်။(KIC)
(ဇန်န၀ါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ JaGuar(ဂျာဂွါ) စတီးစက်ရုံတွင် ထိုင်းအလုပ်ရှင်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ဦး ကို အလုပ်ထုတ်ပယ်ခဲ့၍ ယခုလ ၄ရက်နေ့က ကျန်အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုဖြစ်ပွားကာ မြန်မာရွှေ့ပြောင်း ကူညီပေးနေသည့် အဖွဲ့အစည်းများ၏ ကြားဝင်ကူညီပေးမှုကြောင့် ပြေလည်မှု ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။(KIC)
( ဇန်နဝါရီ ၉၊၂၀၁၃)
ဖြစ်ရပ် ၁။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော်ရှိသည့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် လာမည့် ကြာသပတေးနေ့မှစတင်ကာ မြန်မာရုပ်ရှင်ကားများ စတင်ပြသမည်ဖြစ်သည်။ မဲဆောက်မြို့၌ ယခုလ ၁၀ ရက်နေ့တွင်စတင်ဖွင့်လှစ်မည့် TESCO Lotus ကုန်တိုက်ကြီးတွင် အဆင့်မြင့် ရုပ်ရှင် ရုံ ၄ ခုပါရှိမည့်အနက် ထိုင်းရုပ်ရှင်ကားနှင့်မြန်မာရုပ်ရှင်ကားများကို ၂ ရုံစီပြသမည်ဖြစ်သည်။ ထိုင်းစားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို လက်လီ လက်ကားဖြန့်မည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာ ဘက်ခြမ်းရှိဝယ်လက်များကို အဓိကထားဖွင့်လှစ်ခြင်းဖြစ်သည်ဟု ထိုင်းကုန်သည်များက သုံးသပ်ပြောဆိုကြသည်။ (Irrawaddy Blog)
ဖြစ်ရပ် ၂။ ။ ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်ရှိ နိုင်ငံတကာလေဆိပ်တွင် ကြံ့ချိုများ မှောင်ခိုသယ်ဆောင်သူ ဗီယက်နမ်လူမျိုးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းတာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။ အဆိုပါ ဗီယက်နမ်အမျိုးသားသည် ဒေါ်လာ ၆ဝဝဝဝဝ ကျော်ခန့်တန်ဖိုးရှိ ကြံ့ချိုများကို ¤င်း၏ ခရီးဆောင်သေတ္တာအတွင်း၌ထည့်ကာ မှောင်ခိုတင်သွင်းရန် ကြိုးပမ်း ခဲ့ကြောင်း၊ ယင်းကြံ့ချိုများကို မိုဇမ်ဘစ်နိုင်ငံမှသယ်ဆောင်လာခဲ့သည်ဟု ယူဆရကြောင်း တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအာဏာပိုင်များက ပြောကြားသည်။ အသက်(၅၆)နှစ်အရွယ်ရှိ ဗီယက်နမ်အမျိုးသားသည် ဇန်နဝါရီ ၆ ရက်က အီသီယိုးပီးယားနိုင်ငံမှ ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်သို့ဆိုက်ရောက်လာခဲ့ကြောင်း၊ ¤င်းသည် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ထွက်ခွာမည့် လေယာဉ်တစ်စင်းနှင့်အတူ လိုက်ပါရန် စောင့်ဆိုင်းနေချိန်အတွင်း ကြံ့ချိုများနှင့်အတူ အဖမ်းခံရခြင်းဖြစ်ကြောင်း သုဝဏ္ဏဘူမိလေဆိပ်မှ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအရာရှိတစ်ဦး က ပြောသည်။ (အေအက်ဖ်ပီ)
( ဇန်နဝါရီ ၈၊၂၀၁၃)
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ထဲမှာရှိတဲ့ ကာရာအိုကေဆိုင်တခုမှာ ရောင်းစားခံထားရတဲ့ မြန်မာ မိန်းကလေးတွေကို ထိုင်းအာဏာပိုင်တွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ယမန်နေ့ ဇန်န၀ါရီလ ၇ ရက်နေ့က ကယ်တင်လိုက်တယ်လို့ ထိုင်း ရုပ်သံက ကြေငြာပါတယ်။ လတ်တလောမှာတော့ ကယ်တင်ထားတဲ့ မိန်းကလေးတွေကို ထိန်းသိမ်းထားပြီး ဆိုင်ပိုင်ရှင်ကို အရေးယူဖို့ ထိုင်း အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။ ထိုင်းအာဏာပိုင်တွေ ကယ်တင်လိုက်တဲ့ မိန်းကလေးတွေ ထဲမှာ အသက် ၁၈ နှစ် မပြည့်တဲ့ သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။(Irrawaddy Blog)
( ဇန်နဝါရီ ၇၊၂၀၁၃)
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ်မရပ်စဲရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီကနေ့ ဇန်န၀ါရီလ ၇ရက်နေ့ ကနေ ၁၁ရက်နေ့ထိ ၄ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေ ပါတယ်။(RFA)
( ဇန်နဝါရီ ၆၊၂၀၁၃)
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ပြည်နယ်၊ မဲဆောက်မြို့နယ်၊ ကန်ဘိဘန်းရပ်ကွက်ရှိ SPT Knitting Co,ltd (အရပ်အခေါ်-ပေါင်မုန့်ရုံ) ပြင်ပလုပ်သားတန်းလျားတွင် မီးဘေးသင့်ခဲ့ရသည်။ ဤသို့ မီးဘေးသင့်ခဲ့ပြီးနောက်ပိုင်း အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီး၊ ဘ၀တူ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အချင်းချင်းတို့က လိုအပ်သော အလှူငွေများ၊ အ၀တ်အထည်များ၊ အစာခြောက်များ နှင့် လူသုံးကုန် ပစ္စည်း အမျိုးမျိုးတို့ကို ယနေ့ ထိတိုင်ပေးပို့လျက်ရှိသည်။ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) သည် မက်ပ်ဖောင်ဒေး ရှင်းရေဒီယိုမှတဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံတို့ထံ လှုံ့ဆော်စည်းရုံးခဲ့ရာ ယနေ့တွင်မူ အစာခြောက်အချို့၊ အလှူငွေ (၉၀၀) ဘတ် ခြုံစောင်နှင့် အ၀တ်အထည်အချို့တို့ကို ကွင်းဆင်းလှူဒါန်းခဲ့ကြသည်။(JACBA)
( ဇန်နဝါရီ ၅၊၂၀၁၃)
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကူညီပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်နဲ့ ကိုဘိုကြည် တို့ဟာ ဒီကနေ့ နေ့လည်မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာပါတယ်။(RFA)
( ဇန်နဝါရီ ၄၊၂၀၁၃)
ဖြစ်ရပ် ၁။ ။၆၅ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အမှတ်တရ မော်တော်ဆိုင်ကယ်လ်မဲရှင်ဟု တင်စားနိုင် လောက်နိုင်သည့်ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ နေ့သစ်အလယ်တန်းကျောင်း၏ (၇) နှစ်မြောက်ကျောင်းတည်ထောင်ခြင်းနေ့ အထိမ်းအမှတ် ကံစမ်းမဲ ဖွင့်ပွဲမှ ပထမဆုဆိုင်ကယ်လ်ပေါက်မဲအား ယနေ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (JACBA)
ဖြစ်ရပ် ၂။ ။မြ၀တီမြို့ အမှတ် (၁) ရပ်ကွက်တွင် ဇန်န၀ါရီ ၃ ရက်၊ နံနက် ၀၀း၃၀ က မီးလောင်မှု့ ဖြစ်ပွားရာ အိမ် (၃)လုံးခန့် လောင်ခဲ့ပါတယ်။ (၈) နှစ်အရွယ် မိန်ကလေးတစ်ဦး မီးလောင်ရာမှာ သေဆုံးသွားပြီး ရပ်ကွက်ပြည်သူနဲ့ မီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်ခဲ့ကြကြောင်းသိရပါတယ်။ (JACBA)
(ဇန်န၀ါရီ ၃၊၂၀၁၃)
အဖွဲ့တစ်ဖွဲ့မှ ထိန်းချုပ်ထားသည့် အဓမ္မလိင်ကျွန်အဖြစ် စေခိုင်းခံရသော အင်ဒိုနီးရှား အမျိုးသမီး ၇ ဦးကို အီနာနမ်မြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ကိုတာ ကီနာဘာလူး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဒီကမ်၏ပြောကြားချက်အရ ထိုအမျိုးသမီးများသည် အသက် ၂၀ မှ ၄၁ နှစ်အတွင်းရှိပြီး စားသောက်ဆိုင်တွင် အလုပ်ရမည်ဟုပြောကာ မလေးရှားသို့ ခေါ်ဆောင်ခံလာရကြောင်း၊ မလေးရှားသို့ ရောက်ချိန်တွင်အခန်းများအတွင်းပိတ်လှောင်ထားခြင်းခံရကြောင်းသိရသည်။ထိုအမျိုးသမီး များသည် အခန်းတွင်းထည့်ကာ သော့ပိတ်ထားပြီး ရိုက်နှက်ကာ အတင်းအဓမ္မ လိင်ကျွန်အဖြစ် ခိုင်းစေခြင်းခံခဲ့ရသူများဖြစ်သည်။ ထိုအမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ပွဲစားနှစ်ဦးဖြစ်သည့် အသက် ၄၂ နှစ် အရွယ် အမျိုးသားတစ်ဦးနှင့်၊ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားကြောင်း၊ သူတို့နှစ် ယောက်ကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် ရှောင်တခင် ၀င်ရောက်စီးနင်းရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ပွဲစားများကို ၂၀၀၇ ခုနှစ် လူကုန်ကူးမှုဥပဒေဖြင့် အရေးယူသွားမည်ဟု ရဲအရာရှိကဆိုသည်။(မောက္ခနိုင်ငံတကာသတင်း)
(ဇန်န၀ါရီ ၂၊၂၀၁၃)
မလေးရှားနိုင်ငံ Alor Setar ခရိုင်တွင် ရခိုင် အလုပ်သမား (၃) ဦး အသတ်ခံရပြီးနောက်ပိုင်း အဆိုပါ ဒေသတွင် အလုပ် လုပ်ကိုင်နေသော ရခိုင်အမျိုးသား တချို့ မိမိ နေရပ် ဒေသသို့ပြန်သွားကြသည်ဟု မလေးရောက် ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ကိုမောင်သန်းနိုင်က ပြောသည်။(Narinjara ) (ဇန်န၀ါရီ ၁၊၂၀၁၃) မလေးရှားနိုင်ငံ Kedah ပြည်နယ်ရှိ ရာဘာခင်းတွင် အလုပ်လုပ်ကိုင်နေသောရခိုင်အမျိုးသား(၄)ဦးသည် ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ဒေသခံဘင်္ဂလီအုပ်စုတစ်စု၏ အကြမ်းဖက်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရခိုင်အမျိုးသား (၃)ဦးသေဆုံးပြီး၊ တစ်ဦးမှာထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ အကြမ်းဖက်သတ်ဖြတ်ခြင်းကြောင့် သေဆုံးသူ ရခိုင်အမျိုးသား(၃)ဦးမှာ ကိုမောင်ခိုင်သောင်း (၃၈ နှစ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာ)၊ ကိုလှမောင်တင် (၂၁ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)နှင့် ကိုမောင်သန်းရွှေ (၁၆)နှစ်တို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူမှာ ဦးအထွီးချေ (၄၈ နှစ်၊ မြောက်ဦးမြို့နယ်၊ စေတီတောင်ကျေးရွာ)တို့ဖြစ်သည်။(Arakan Times)

No comments:
Post a Comment