ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 28, 2014

===ငါးလေးတစ်ကောင်ဖမ်းမိတယ်===

>
ကျုပ် သေချင်ပြီ၊ သေချင်ပြီ၊ သေချင်ပြီဗျာ။ နေမထူး၊ သေမထူးတဲ့ ဘဝမှာ ဘာလို့များ ကျုပ်က ရှင်သန်နေရဦးမှာလဲ။ အမြန်ဆုံးသာ သေလိုက်ချင်ရဲ့။ တကယ်ဆို မနေ့ကတည်းက ကျုပ်သေခဲ့ဖို့ကောင်းတယ်။ အခုတော့ ဒုက္ခဝဋ်ဆင်းရဲတွေထဲမှာ ကျန်ရစ်ရှင်သန်နေရလေတော့ ကျုပ်က ကံဆိုးသူလား၊ ကံကောင်းသူလား။ ကမ္ဘာဟာ ရွာကြီးတစ်ရွာတဲ့။ ဟုတ်မယ်။ ကမ္ဘာကြီး အဲသည်လောက် ကျဉ်းသွားလို့သာ ကျုပ်တို့လည်း ဒီ ၄ပေသာသာလောက်ရှည်၊ ၂ပေလောက်ကျယ်ပြီး၊ ၂ပေလောက်နက်တဲ့ ဒီပလစ်စတစ်ဗုံးကြီးထဲမှာ နေ နေရတာပေါ့။ ကျုပ်တို့ တစ်ချို့အမျိုးတွေတော့ ကျယ်ပြောတဲ့ ကန်ကြီးတွေထဲမှာ လတ်ဆတ်တဲ့ လေကိုရှုပြီး နွေးထွေးတဲ့ နေရောင်ခြည်ရှိတဲ့ ကောင်းကင်ပြာကြီးကို မော့ကြည့်နေကြမှာ။ ကျုပ်မှာသာ။ ဒီလောက် ပုပ်စော်နံတဲ့ရေတောင် သည်လောက် ပုပ်စော်နံပါ့မလား။ ရေတွေက မည်းပုပ်နေတာပဲ။ မည်းပုပ်နံစော်နေတဲ့အထဲ မှောင်ကမှောင်နေသေးတယ်။ ဘယ်မှာလဲ နေရောင်ခြည်နုနု၊ ဘယ်မှာလဲ လတ်ဆတ်တဲ့ လေ။ ကျုပ်ရှုနေရတဲ့လေကို တတ်သိသလောက် ခွဲခြမ်းစိပ်ဖြာကြည့်လိုက်တယ်။ ရွံ့ပုပ်နံ့က ၃၀ရာခိုင်နှုန်း၊ ပုပ်နေတဲ့ ရေမှော်နံ့က ၂၀ရာခိုင်နှုန်းလောက်နဲ့ ကျုပ်တို့တွေက နံစော်နေတဲ့ ကိုယ်နံ့တွေက ၅၀ရာခိုင်နှုန်းလောက်ရှိမယ်။ ဒီလို အနေဆင်းရဲ၊ အစားဆင်းရဲဖြစ်နေမှတော့ ဘယ်သူက နေပျော်တော့မှာလဲ။ ဘယ်သူ့ကို ကြည့်လိုက် ကြည့်လိုက် ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်။ ဘယ်မှာလဲ အပြုံးတွေ၊ ဘယ်မှာလဲ အပျော်တွေ၊ ဘယ်မှာလဲ တက်ကြွမှုတွေ။ ငှက်ဆိုတာ ပျံရင်းသေ ဆိုရင် ငါးဆိုတာလည်း ကူးရင်းသေသင့်တယ် မဟုတ်လား။ ခုတော့ ရေနစ်သေတဲ့ငါးလို့များ ရှိလာတော့မလားဘဲ။ အော်.. ဒုက္ခတွေ၊ ဒုက္ခတွေ။ သေမှပဲ အေးမှာ။

 v v v

 ဟော.. အသံတွေ ကြားတယ်။ ဝယ်သူလာပြီပဲ။ ကောင်းတယ်။ တင်းပုတ်နဲ့ပဲ ထုသတ်သတ်၊ ဇက်ပဲ လိမ်ချိုးချိုး၊ ဓါးနဲ့ပဲ တစ်ခါထဲ ပိုင်းပိုင်း လုပ်ချင်သလိုသာ လုပ်ကြပါစေ။ မြန်မြန်သေတော့ မြန်မြန်အေးတာပေါ့။ ဒီလောက် မွန်းကြပ်လှတဲ့ နေရာမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ ရှင်သန်နေရတဲ့ ဒုက္ခက မြန်မြန် လွတ်မြောက်ချင်ပါပြီ။ အံမယ်.. ဝယ်သူက အမျိုးသမီးတစ်ယောက်ပါလား။ သူကကော မနေ့ညနေတုန်းကလူလို စားသောက်ဆိုင်ကပဲ ထင်ပါ့။ မနေ့တုန်းက ပါသွားတဲ့ကောင်တွေတော့ အရိုးတခြား၊ အသားတခြား စိစိညက်ညက် ကြေပြီးရောပေါ့။ မနေ့တုန်းက သွေးနည်းပြီး အတင်းထွက်ပြေးခဲ့လို့ ကျုပ်ကျန်ခဲ့ရတာ။ ဒီတော့ ဒုက္ခနွံမှာ တစ်ရက်ပိုပြီး ရှင်သန်ရတာပဲ ထူးတယ်။ ခုတော့ ထွက်မပြေးတော့ပါဘူး။ တော်ကြာ သူက အကုန်လုံးကို မဝယ်ဘူးဆိုရင် ကျန်နေခဲ့မှာစိုးလို့ ရှေ့ဆုံးကနေပဲ လက်နက်ချတော့မယ်။ ဟောဟော.. ဗုံးထဲကို ဇကာပိုက်ခြင်းကြီး ကျလာပြီ။ ပိုက်ခြင်းက ကျုပ်ဘေးကနေ ကပ်ပြီးတော့ ကျလာတာဗျ။ အံမယ်.. အကျင့်ပါနေတဲ့အတိုင်း ကျုပ် လန့်ပြီး ရှောင်ထွက်လိုက်မိတယ်။ ရယ်ချင်လိုက်တာဗျာ။ ကျုပ်ကိုကျုပ်ရော၊ တခြားပတ်ပြေးနေတဲ့ ကောင်တွေကိုရော။ ပါသွားတဲ့ ကောင်တွေကို မော့ကြည့်လိုက်တော့ တစ်ချို့ကတော့ ငိုလို့၊ တစ်ချို့ကတော့ အတင်းရုန်းကန်လို့၊ တစ်ချို့ကတော့ ငြိမ်သက်လို့။ ဟင်း.. ငိုနေတဲ့ကောင်တွေကို ကြည့်ပြီး ကျုပ်သနားသွားမိတယ်။ နောက်ပြီး အတင်းရုန်းကန်နေတဲ့ကောင်တွေကို ကြည့်ပြီး သေဘေးဆိုတာကို ကွင်းကွင်းကွက်ကွက် မြင်လာတော့တယ်။ ဟုတ်တယ်။ အဲဒီပိုက်ခြင်းထဲပါသွားတာနဲ့ ဒီညနေ နေဝင်တာကို မမြင်ရတော့ဘူးဆိုတာ အသေအချာပဲ။ အေးလေ.. စကားအဖြစ်သာ ပြောရတာပါ။ ဒီကန်ထဲမှာလည်း နေဝင်တာကို မြင်ရတာမှ မဟုတ်တာ။ ဟော.. ဇကာပိုက်ကာ နောက်တစ်ခေါက်ကျလာပြန်ပြီ။ ကျုပ်နဲ့ခပ်လှမ်းလှမ်းကကောင်တွေ ပါသွားတယ်။ ရုန်းကန်နေလိုက်ကြတာဗျာ။ သူတို့ကို ကြည့်ပြီး ကျုပ် သေချင်တဲ့စိတ်ပျောက်သွားတယ်။ ပြီးတော့ သေရမှာတောင် ကြောက်လာသလိုပဲ။ သေတယ်ဆိုတာ ဘယ်လိုမျိုးပါလိမ့်။ သေပြီးရင်ကော ကျုပ် ဘာဖြစ်ဦးမှာလဲ။ ငါးတော့ ထပ်မဖြစ်ချင်တော့ဘူး။ အဲတာ အသာထားစမ်းပါဦးလေ။ ဘယ်လို ဘယ်ပုံ သေရမှာလဲဆိုတာပဲ အရင်တွေးပူစမ်းပါဦး။ တင်းပုတ်တို့ ဘာတို့နဲ့ ထုသတ်လိုက်လို့ တစ်ချက်တည်း အသက်ထွက်သွားမယ်ဆိုရင် တော်သေးတယ်။ တော်ကြာ အရှင်လတ်လတ် ထည့်ပြုတ်ခံနေရမှ။ တော်ပြီ။ ကျုပ် မသေချင်တော့ဘူး။ ကျုပ်မှာ သေချင်စိတ် လုံးဝမရှိတော့ဘူး။ ထောင့်တစ်ထောင့်နား တိုးပြီး ပုန်းနေလိုက်မိတယ်။ ခုမှပဲ ပိုပြီး သေချာသွားတော့တယ်။ ကျုပ် တကယ်မသေချင်တော့ဘူး။ နေလို့ရသလောက်တော့ ငါးဘဝမှာ နေချင်ပါသေးရဲ့။ ကျုပ်ဘာသာ ရေပုပ်ထဲမှာပဲ ရှင်သန်ရ ရှင်သန်ရ၊ နံစော်နေတဲ့ လေပဲ ရှုရ ရှုရ၊ မဝရေစာပဲ စားရ စားရ။ ကျုပ် မသေချင်တော့ဘူးဗျာ။ ဟော.. ဇကာပိုက်ကြီးက ကျလာပြန်ပြီ။ အလန့်လန့်အဖျပ်ဖျပ်နဲ့ အပြေးအလွှား ကူးခတ်နေကြတာဗျာ။ ကျုပ်တို့အတွက်တော့ ဒါဟာ ကမ္ဘာပျက်တဲ့နေ့ပဲ။ တစ်ခေါက်ပြီး တစ်ခေါက်ပြီး ဇကာပိုက်ခြင်းထဲ ပါသွားလိုက်ကြတာ အထဲမှာ သိပ်တောင် မကျန်တော့ဘူး။ ဘယ်ကောင်မှ ကျုပ်လို ထောင့်ကပ်နေရမယ်ဆိုတာ မသိဘူးထင်ပါရဲ့။ ပြေးလွှားနေလိုက်ကြတာ။ အဲသည်လို ပြေးလွှားနေလို့လည်း ပိုက်ထဲ တန်းပါသွားတာပဲ။ ငတုံးတွေ။ အပေါ်က လူကလည်း ဒီနေ့မှ စိတ်ရှည်လိုက်တာ။ တစ်ကောင်မကျန် ဖမ်းခေါ်သွားမယ်လို့များ စိတ်ကူးနေသလား မသိ။ တစ်ခေါက်ပြီး တစ်ခေါက် စိတ်ရှည် လက်ရှည် လိုက်ပြီး ဖမ်းဆယ်နေတယ်။ ဘုရား သိကြားမလို့ ကျုပ်ကို ဒင်း မမြင်ပါစေနဲ့။ “ကုန်ပြီဗျ။ စုစုပေါင်း ၆၈ကောင်။” ဟော.. ဒင်းအသံထွက်လာပြီ။ အဟေးဟေး။ ကျုပ်ကို ဒင်း မမြင်ဘူးဘဲ။ ကျုပ်တော့ လွတ်ပြီ။ ကျွတ်ပြီ။ တစ်ကောင်တည်းမို့လားမသိဘူး။ အသက်ရှုတောင် ချောင်သွားသလိုပဲ။ ပျော်ပျော်ရွှင်ရွှင်ကြီး ကူးခတ်ပစ်လိုက်ချင်ရဲ့။ တော်ကြာ မြင်သွားမှာစိုးလို့သာ။ ငြိမ်နေရတယ်။ အသံတောင် ရဲရဲမရှုရဲပါဘူးဗျာ။ “ဟိုမှာ တစ်ကောင်ကျန်နေသေးသလားလို့။” တော်တော် အမြင်စူးရှတဲ့ မိန်းမ။ သွားပါပြီ။ သွားပါပြီ။ ကျုပ်ကို သူ မြင်သွားပြီ။ ကျုပ်တော့ သေတော့မယ်။ ကျုပ် ရင်ထဲမှာ တအားကို တုန်လှုပ်ခြောက်ခြားသွားတယ်။ ဒါပေမယ့် တုပ်တုပ်မှ မလှုပ်ရဲဘူး။ “မကျန်တော့ဘူးလားလို့” “ကျန်သေးတယ်။ ဟိုမှာ ထောင့်မှာ ငြိမ်ပြီးတော့ ကပ်နေတယ်လေ။ အဲတာလေးပါ ဆယ်ပေးပါ။” အမျိုးသမီးရဲ့ အသံအဆုံးမှာ ပုံးထဲကို ဇကာခြင်းက ကျလာတော့တယ်။ ရေတွေထဲကို ဇကာခြင်းနဲ့ ခပ်ကြမ်းကြမ်း ဆွဲမွှေနေတယ်။ ကျုပ်က ပတ်ပြေးတယ်။ ဒင်းက အတင်းလိုက်ဖမ်းတယ်။ ဒါပေမယ့် ဘယ်လိုပြေးပြေး ကျုပ်မလွတ်ခဲ့ပါဘူး။ အင်းလေ.. သေနေ့စေ့ပြီ ထင်ပါရဲ့။ ဒင်းရဲ့ ပိုက်ထဲ ကျုပ် ပါသွားတယ်။ အတင်း ရုန်းပြီး ခုန်ထည့်ပစ်လိုက်တယ်။ ဘယ်လိုဖြစ်လို့လဲ မသိဘူး။ ကျုပ်တစ်ကိုယ်လုံး လေထဲမြောက်သွားတာ သိလိုက်တယ်။ အဲဒီနောက် အသည်းတွေ အေးကနဲ ဖြစ်သွားတာပဲ။ ကျုပ်ကိုယ်ကျုပ် သတိထားမိတော့ ကျုပ်က ရွံ့ နွံတွေ ရှိတဲ့ မြောင်းထဲ ရောက်နေပါပေါ့လား။ အားလားလား.. ကံကောင်းလိုက်တဲ့ ကျုပ်။ သေဘေးက လက်မတင်လေးတင် လွတ်တာပဲ။ ရေစပ်စပ်လေးပဲ ရှိတယ်ဆိုပေမယ့် ရွံ့နွံအစိုတွေစိုတော့ နေသာသေးတာပေါ့။ “ဟယ်.. မြောင်းထဲကျသွားပြီ။” အမျိုးသမီးရဲ့ အသံ။ ဒင်း အသံကို ကြားကိုမကြားချင်တော့ဘူး။ ဒင်း မြန်မြန် ပြန်စမ်းပါ။ “မြောင်းထဲကျသွားပြီ အစ်မ။” “ဆယ်ပေးပါ။” အံမယ် အံမယ်။ ဆယ်ပေးပါတဲ့။ ဒင်းက လုပ်လိုက်သေးတယ်။ “ဟာ.. အံမယ်လေး မြောင်းထဲကျတာပါဆို။ အစ်မကလည်း မဆယ်ပါနဲ့တော့။ မြောင်းက ညစ်က ညစ်ပတ်နဲ့။ ထားလိုက်ပါတော့။ လာလာ.. ကျွန်တော် ဒီ ပလတ်စတစ်အိတ်တွေထဲ လေဖြည့်လိုက်ဦးမယ်။” အိတ်တစ်ဝက်လောက် ရေဖြည့်ထည့်ထားတဲ့၊ကျွန်တော့်ဘော်ဒါတွေ သွေးပျက်မတတ် ကူးခတ်နေကြတဲ့ ပလစ်စတစ်အိတ်အဖြူထုပ်ကြီးကို သူက မသွားတယ်။ မဘုရားလေးက စိတ်မလျော့ချင်သေးတဲ့ မျက်နှာလေးနဲ့ ကျုပ်ကို လှမ်းကြည့်နေသေးတယ်။ ကျုပ် သူ့ကို တိတ်တိတ်လေး ချောင်းကြည့်နေမိတယ်။ ဒင်းက တစ်ခုခု စဉ်းစားနေပုံပဲ။ ဒင်း ဘာဆက်လုပ်မို့ပါလိမ့်။ ကျုပ် အတွေးမဆုံးသေးဘူး။ ဒင်းက မြောင်းဖုံးကို လှပ်လိုက်တယ်။ ဒင်း လက်ဖြူဖြူလေး တစ်ဖက်က ကျုပ်ဆီကို လှမ်းလာတယ်။ ကျုပ် အတင်း ရုန်းကန် ပြေးလွှားကြည့်တယ်။ ရွံ့ထဲ အတင်းတိုးဝင်ပစ်လိုက်တယ်။ ရွံ့က ကျုပ်တစ်ကိုယ်စာတောင် မနက်လေတော့ သူ့လက်ထဲကနေ ကျုပ် ပြေးလို့ မလွတ်တော့ဘူး။ အတင်းရုန်းကန်နေတဲ့ ကျုပ်ကို ဒင်းက သေသေချာချာ ဆုပ်ကိုင်ပြီး ဟိုပလစ်စတစ်အိတ်ထဲ သွားထည့်တယ်။ ကျုပ် စိတ်လျော့လိုက်တော့တယ်။ သေချာသွားပြီ။ ဘယ်လိုမှ ပြေးမလွတ်တော့မှာ သေချာသွားပြီ။ ကျုပ် စိတ်ဓါတ်တွေ အကြီးအကျယ် ကျဆင်းသွားတယ်။ ဘယ်လိုကြံကြံ နောက်ဆုံးတော့ သေရတော့မှာပဲ။ အင်းပေါ့လေ။ ကံစီမံရာပေါ့။ ဟိုတွေး သည်တွေး တွေးနေတုန်း ကျုပ်တို့ကို ထည့်ထားတဲ့ အိတ်ကြီးထဲကို လေတွေဝင်လာတယ်။ အိတ်ကြီးက တဖြည်းဖြည်း ဖောင်းပြီး လေတွေနဲ့ ပြည့်လာတယ်။ အိတ်ထဲ လေအပြည့်ထည့်ပြီးတော့ အိတ်ကို သူတို့က ချည်လိုက်တယ်။ ခုတော့ ကျုပ်တို့တွေက လေဖြည့်ထားတဲ့ ပလစ်စတစ်အိတ်အကြည်ထဲမှာ ကူးခတ်နေရပြန်ပြီတော့။ ရေတွေက ဖြူဖွေးသန့်ရှင်းနေပါတယ်။ လေကောင်းလေသန့်လည်း ရှိနေပါတယ်။ ကျဉ်းကျုတ်လိုက်တာတော့ မပြောပါနဲ့တော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ သည်ဟာတွေကို ဘယ်အကောင်မှလည်း စိတ်မဝင်စားတော့ပါဘူး။ ကျုပ်လည်း ဘာမှ မတွေးချင်တော့ပါဘူး။ မကြာခင်မှာ သေရတော့မှာပဲမဟုတ်လား။ v v v အဲသည် အမျိုးသမီးက ကျုပ်တို့ကို ကားနောက်ခန်းက ခုံပေါ်တင်လိုက်တယ်။ နောက်တော့ သူက ခါးကို မတ်နေအောင် ထိုင်လိုက်ပြီး ကားကို မောင်းထွက်သွားလေရဲ့။ သေမင်းနဲ့ ကျုပ်တို့ကို မိတ်ဆက်ပေးတော့မယ့် သေမင်းရဲ့ တမာန်တော်ကြီးက ကားထဲမှာ သီချင်းတောင် ဖွင့်လိုက်သေးတယ်။ အံမယ် အံမယ် ဒင်းက လိုက်တောင်ဆိုလိုက်သေး။ ကျုပ်တို့ကောင်တွေကတော့ ငိုလို့၊ယိုလို့။ အင်းပေါ့လေ.. ဒင်းက ကျုပ်တို့ရဲ့ ငိုသံတွေကို ဂရုစိုက်သူမှ မဟုတ်ဘဲ။ နားညည်းတယ်တောင် ထင်ဦးမှာ။ တူဖြစ်တုန်း နှံနိုင်ကြပါစေ။ ကျုပ် နာနာကြည်းကြည်းနဲ့ မေတ္တာပို့မိတယ်။

 v v v

ဘယ်ကွေ့လိုက်၊ ညာကွေ့လိုက်၊ ဆောင့်ရပ်လိုက် လုပ်နေတဲ့ ကားပေါ်မှာ အထုပ်ကြီးတစ်ထုပ်လုံးက ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်၊ ဟိုဖက်ထိပ်ကနေ သည်ဖက်ထိပ် လှိမ့်သွားလိုက်နဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ။ အထဲမှာ ဘယ်လိုနေရမှန်းတောင် မသိတော့ဘူး။ မူးလိုက်တာလည်း လွန်ရော။ ဘယ်လိုမှကို မနေသာအောင်ပဲ။ စုပြုံကြပ်ညှပ်သပ်နေရတဲ့အထဲ သည်လိုဖြစ်နေတော့ အားလုံးခမျာ မျော့နေတော့တာပဲ။ ဒီပုံအတိုင်းသာဆို လမ်းမှာတင် အသက်ထွက်တော့မယ် ထင်ရဲ့။ ဘုရား.. ဘုရား။ ဟော.. ကားရပ်သွားပြီ။ ရောက်ပြီထင်တယ်။ ဒင်း ကားပေါ်က ဆင်းလာပြီး ကျုပ်တို့ကို လာယူတယ်။ အံမယ်.. ကျုပ်တို့ကို ကြည့်ပြီး ပြုံးလိုက်သေးတယ်။ ဒင်းမို့လို့ သည်လောက် ကြည်ကြည်လင်လင် အပြုံးမျိုးကို ပြုံးပြနိုင်တယ်။ တော်တော် အသည်းနှလုံးမရှိတဲ့ မိန်းမ။ ဒင်းက ကျုပ်တို့ကို မနိုင်မနင်းနဲ့ မတယ်။ ကျုပ်တို့ကို ခေါ်သွားမယ့် နေရာက အတော်လှမ်းတယ် ထင်ပါရဲ့။ ကျုပ်တို့ကို လမ်းမှာ နှစ်ခါချပြီး ခဏနားလိုက်သေးတယ်။ ကျုပ် အားတင်းပြီး ပတ်ဝန်းကျင်ကို စပ်စုကြည့်လိုက်တယ်။ မြင်မြင်သမျှက စိမ်းစိုနေတဲ့ သစ်ပင်တွေ၊ မြက်ခင်းစိမ်းတွေ၊ ကြည်လင်နေတဲ့ မိုးသားပြာပြာတွေ၊ တိမ်ဖြူဖြူတွေ။ ပလစ်စတစ်အိတ်ထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင်ခြည်ဟာလည်း နွေးထွေးလိုက်တာ။ ဒုက္ခထဲက သုခဆိုရမလား။ သည်လိုလေး တစ်သက်လုံး နေရမယ်ဆိုရင် ဘယ်လောက်များ ကောင်းမလဲနော်။ ဘာပဲဖြစ်ဖြစ်ပါလေ။ မသေခင် သည်လိုလေး တစ်ခေါက် နေခွင့်ရလိုက်တာပဲ အတော်ကံကောင်းနေပါပြီ။

 v v v ကျုပ်နားထဲမှာ ကျုပ်နဲ့ ယဉ်ပါးခဲ့ဖူးတဲ့ အသံတွေ ကြားနေရသလိုပဲ။ ဟုတ်တယ်.. ဒီအသံတွေကို ကျုပ် သေသေချာချာ ရင်းရင်းနှီးနှီး သိတယ်။ ဒါဟာ ကန်စပ်မှာ ရေပုတ်တဲ့အသံ။ ရေလှိုင်းလေးတွေ ကန်ဘောင်ကို ရိုက်ခတ်နေတဲ့ အသံ။ ကျုပ် အသံကြားရာဖက်ကို အတင်းတိုးဝှေ့ကြည့်လိုက်တယ်။ ကျုပ်နည်းတူ တခြားကောင်တွေလည်း အသံကြားရာဖက် အတင်းတိုးဝှေ့ကြည့်ကြတယ်။ လားလား.. ကျုပ်တို့ရှေ့မှာ ကြီးမားကျယ်ပြန့်လိုက်တဲ့ ရေကန်ကြီး။ ရေကန်စပ်မှာ ကျုပ်တို့ကိုချပြီးတော့ သူမက ချည်ထားတဲ့ ကြိုးတွေကို ဖြည်တယ်။ သူမက ကျုပ်တို့ကို မသတ်ဘူးလား။ ကျုပ် မတွေးတတ်တော့ဘူး။ သူမ မျက်ဝန်းတွေက ကျုပ်တို့ကို ငုံ့ကြည့်ပြီး ပြုံးလို့နေတယ်။ သူမ မျက်ဝန်းတွေထဲမှာ ကြင်နာသနားတဲ့ အရိပ်တွေ နောက်ပြီး နူးညံ့သိမ်မွေ့မှုတွေကို ကျုပ်ရှာတွေ့လိုက်တယ်။ သူမက ကျုပ်တို့ကို သတ်ဖို့ ဝယ်ခဲ့တာ မဟုတ်ဘူးလား။ ကြိုးတွေဖြည်ပြီးသွားတော့ သူမက ကျုပ်တို့ကို ရေထဲ အသာယာ သွန်ချတယ်။ ကျုပ်တို့တွေ အားလုံး ဝမ်းသာအားရ အပြေးအလွှားထွက်ကြတယ်။ တစ်ချို့ကောင်တွေက မူးနေလို့ ထင်တယ်။ ချက်ချင်း ထွက်မလာနိုင်ဘူး။ အိတ်ထဲမှာ ကပ်နေတယ်။ သူတို့တွေကို သူမက အသာလေး တွန်းထုတ်ပေးတယ်။ နေရာသစ်က သာယာလိုက်တာ။ ရေပြင်ကြီးက အကျယ်ကြီးပဲ။ ပတ်ပတ်လည်မှာ သစ်ပင်တွေက အုံ့ဆိုင်းနေတယ်။ ရေတွေ ကြည်လင်သန့်ရှင်းနေလိုက်ပုံကလည်း ဟိုးမိုးသားပြာပြာထက်က တိမ်စိုင်ဖြူလွှလွှလေးတွေကို မြင်တွေ့နေရတဲ့အထိ။ အား.. ရှုရှိုက်ရတဲ့ လေထုကလည်း လတ်ဆတ်လိုက်တာ။ အစားအသောက်တွေကလည်း ပေါမှပေါ။ သူမက ပျော်မြူးနေတဲ့ ကျုပ်တို့ကို ပြုံးပြီးတော့ ကြည့်နေတယ်။ “မင်းတို့လေးတွေ နေရာအသစ်၊ အိမ်အသစ်မှာ ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်ကြပါစေ။ ဘဝဆက်တိုင်းဆက်တိုင်း သည်လိုမျိုး ဒုက္ခတွေကနေ ကင်းဝေးပါစေတဲ့။” သူမက ကျုပ်တို့အတွက် ဆုမွန်တွေ တောင်းပေးနေတယ်။ သူမကို ကျေးဇူးတင်လွန်းလို့ ကျုပ်လေ သူမ မျက်နှာကို အကြာကြီး မော့နေကြည့်နေမိတယ်။ ကျုပ်ကောင်တွေတောင် ရေနက်ဖက်ကို ကူးသွားကုန်ကြပြီ။ ကျုပ်က မသွားသေးဘဲ သူမ မျက်နှာလေးကို အလွတ်မှတ်မိသွားအောင်ထိ ကြည့်နေမိတယ်။ ဘယ်လောက်များတောင်လဲဆိုရင် သူမကို မော့ကြည့်နေတဲ့ ကျုပ်ကို သူမက မြင်သွားတဲ့အထိပါပဲ။ “ငါးကလေး.. သွားလေ.. ဟိုးရေအနက်ထဲထိ ကူးခတ်ချေ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချည်နော် ငါးကလေး။” သူမက ကျုပ်ကို ငုံ့ကြည့်ပြီးတော့ ပြောလိုက်တာပေါ့။ သူမ အသံလေးက ချိုလွင်လိုက်တာလေ။ ကျုပ်လေ ကိုယ်ကို တစ်ပတ်လှည့်ပြီး ကူးခတ်ပြလိုက်တယ်။ “အိုး ..” ကျုပ်ကို ကြည့်ပြီး သူမက ရယ်လိုက်တာလေ ဖြူဖွေးစီတန်းနေတဲ့ သွားလေးတွေတောင် ပေါ်လို့။ သူမကို စိတ်ထဲကနေ ချစ်ခင်စွာ နှုတ်ဆက်လိုက်ပြီးတော့ ကျုပ် ရေနက်ပိုင်းကို ကူးခတ်လာခဲ့တယ်။

 v v v

သူမရဲ့ ကျေးဇူးကြောင့် တဒင်္ဂလေးအတွင်းမှာ ကျုပ်တို့ ဘဝတွေ ပြောင်းလဲ ကောင်းစားသွားတယ်။ ကျဉ်းကျဉ်းကျုတ်ကျုတ် နေရာလေးမှာ မလွတ်မလပ် ကူးခတ်ခဲ့ရသမျှ အတိုးချပြီး ကန်ထဲမှာ ပြေးလွှားကူးခတ်ပစ်လိုက်မိတယ်။ အကြောအခြင်တွေအကုန်လုံး ညောင်းညာနေတာတွေ ပြေသွားတာပဲ။ ရေမှော်ပင်လေးတစ်ပင်ကိုလည်း ပြေးစားလိုက်သေးတယ်။ လတ်လတ်ဆတ်ဆတ်မို့ အရသာရှိလိုက်တာများလေ ပြောမနေပါနဲ့တော့။ ကျုပ်ဘေးမှလည်း ကျုပ်လိုပဲ မြူးတူးပျော်ပါးနေကြတဲ့ ဘဝတူတွေ။ ဘယ်သူ့ကို ကြည့်လိုက်ကြည့်လိုက် တက်ကြွ ရွှင်လန်းနေတော့တာပဲ။ ဒီလိုဆိုပြန်တော့လည်း ရှင်သန်ရခြင်းဟာ အဓိပ္ပာယ်တွေ ပြည့်ဝလို့ နေပြန်ပါရော။ 

v v v 

 အခုတော့ ဘဝဆိုတာ မမျှော်လင့်ထားတာတွေ ဖြစ်တတ်တဲ့ သဘော သဘာဝ ရှိတယ်ဆိုတာ ကျုပ် သိသွားပါပြီ။ မျှော်လင့်ချက်ဆိုတာလည်း သေသည်အထိ ဆုပ်ကိုင်ထားရမယ့် အရာလို့ ကျုပ် နားလည်လိုက်ပါပြီ။ ဒါတင်ဘယ်ကဦးမလဲ… တကယ်တမ်း သေရတော့မယ်ဆိုရင် သေချင်တယ်ဆိုတဲ့သူတောင် သေဘေးကို ကြောက်တတ်တဲ့
အကြောင်းကိုလည်း ကောင်းကောင်းကြီးကို သဘောပေါက်သွားခဲ့လေရဲ့။

 လေးစားခြင်းဖြင့်

*မြတ်ပန်းနွယ်*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)