စပိန်။
သူတို့ရဲ့ ဒီတစ်ကြိမ်ဖြစ်မှု၊ ပျက်မှုက နည်းနည်းတော့ ၀ိရောဓိ ဆန်တယ်။ နှစ်ပွဲကစား နှစ်ပွဲရှုံး။ ရဂိုးကတစ်ဂိုး၊ ပေးဂိုးက ခုနစ်ဂိုး။ ရမှတ်က သုည။အုပ်စုပွဲသုံးပွဲဆိုတဲ့ သက်တမ်းမပြည့်ခင်မှာတင် ပြိုင်ပွဲကထွက်ဖို့ သေချာခဲ့ ရတဲ့အဖြစ်။ ဒါမျိုး သူတို့ဘယ်နှကြိမ်ဖြစ်ဖူးသလဲ။ ပြန်ကြည့်။ ၁၉၈၂ ခုနှစ် ကနေစပြီး ဒီပြိုင်ပွဲအထိ နောက်ဆုံးကမ်္ဘာ့ဖလား ပြိုင်ပွဲကိုးကြိမ်မှာ ဒီတစ်ကြိမ် ဖြစ်ပျက်မှုက ဒုတိယအကြိမ်။ ၁၉၉၈ ခုနှစ်မှာ အုပ်စုအဆင့်က ထွက်ရပြီးတဲ့ နောက် ဒါဟာ ဒုတိယအကြိမ်အုပ်စုကထွက်ရမှု။ အထူးသဖြင့် သူတို့ဟာ လက်ရှိ ကမ်္ဘာ့ချန်ပီယံ၊ လက်ရှိဥရောပချန်ပီယံ။ ထပ်ပြီးပြောရရင် ၂၀၀၈ ကနေ ၂၀၁၂ အထိ ပြိုင်ပွဲကြီးနှစ်ရပ်မှာ ဆက်တိုက်ချန်ပီယံဖြစ်ခဲ့တဲ့ အသင်း။ ယူရို ၂၀၀၈၊ ၂၀၁၂ အဓိကပြိုင်ပွဲကြီးနှစ်ရပ်မှာ သုံးကြိမ်တိတိ အောင်ပွဲရခဲ့တဲ့အသင်း။ အဲဒီလိုအသင်းက ရုတ်ချည်း ဒီလိုအုပ်စုကထွက် ရတဲ့အခါ သူတို့ဆီမှာ ပွက်ပွက်ညံတယ်။ ဘာကြောင့် ဘယ်လိုကအစ ဘယ်ရွေ့ ဘယ်မျှအဆုံး။ တွေးကုန်ကြတယ်။ ပြောချင်တဲ့ အဓိပ်္ပာယ်က ဘာကြောင့် ဒီလိုဖြစ်သလဲ။ ဘယ်သူ ကြောင့် ဒီလိုပျက်သလဲကအစ ဒီအပျက်ဟာ ဘယ်လောက်ကြာမလဲ ဆိုတာ အဆုံး။ သူတို့ကိုယ်သူတို့ ပြန်တွေး၊ ပြန်မေးကြသလို သူတို့ အတွက် မေးကြ၊ တွေးကြတာတွေလည်း ဒုနဲ့ဒေး။
အဲဒီမှာ အားလုံး တညီတညွတ်တည်း တွေးကြရတာက စပိန်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်။ ဒါကို သရုပ်ခွဲပြမယ်။ တစ်အချက် သူတို့အစုအဖွဲ့အတွင်းမှာ အောင်မြင်မှု အရ ပြီးပြည့်စုံလွန်းတဲ့ကစားသမားတွေများတယ်။ ဇာဗီ၊ အင်နီယေစတား၊ အလွန်ဆို၊ ကာဆီးလက်စ်၊ တောရက်စ်၊ ဒေးဗစ်ဗီလာတို့ကအစ ဖာဘရီဂတ်စ်၊ ဘက်စကွတ်၊ ဗီဘေး၊ ရာမိုင်၊ မာလာတို့အဆုံး အားလုံးနီးပါးဟာ ကစား သမားဘ၀အနေနဲ့ ရသင့်ရထိုက်တဲ့ အမြင့်မားဆုံး အောင်မြင်မှုတွေကိုရပြီး၊ ယူနိုင်ပြီးသားသူတွေ။ နိုင်ငံအသင်းလက်ရွေးစင်အဆင့်နဲ့ ကြည့်မလား။ ကမ်္ဘာ့ ဖလားရော၊ ဥရောပဖလားပါရပြီးသူတွေ။ ကလပ်အသင်းတွေအနေနဲ့ ကြည့် မလား။ ချန်ပီယံလိဂ်လို ဆုဖလားကိုပါ ရပြီး ယူပြီးသားသူတွေဆိုတော့။ အဲဒီအတွက် သူတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အပေါ် သံသယရှိကြတဲ့အပေါ် အပြစ်လို့ မြင်မလား။
(ချီလီ ကို၂ဂိုးရှုံးပြီးပြိုင်ပွဲကထွက်ရတော့မယ့်အချိန်မှာ)
တကယ်တော့ ဒါကိုနဂိုကတည်းက သံသယရှိခဲ့တာ။ အရှင်းဆုံးပြော ရရင် စပိန်ရဲ့ ၂၃ ဦးစာရင်းမှာ ဥရောပဖလားနှစ်ကြိမ်နဲ့ ကမ်္ဘာ့ဖလားတစ် ကြိမ်ကို ဆက်တိုက်ရယူပေးခဲ့တဲ့ ကစားသမား ၁၀ ဦးအထိပါတယ်။ အဲဒီ ၁၀ ဦးထဲမှာ အသက် ၃၀ နဲ့ ၃၀ ကျော်ကစားသမားက ခြောက်ဦးအထိ ပါ တယ်။ ပြောချင်တဲ့ အဓိပ်္ပာယ်က လက်ရှိအချိန်ဟာ သူတို့ရဲ့ ဘောလုံးသမား ဘ၀ နေ၀င်ချိန်။ အဲဒီလိုအချိန်မှာ သူတို့ဟာ လက်ရွေးစင်အသင်းနဲ့အတူ ရသင့်ရထိုက်တဲ့ အောင်မြင်မှုတွေကိုပါ ရယူပြီးသားဆိုတော့ သူတို့မှာ သူတို့ ကိုယ်သူတို့ တာဝန်ကျေပြီလို့ မယူဆဘူးဆိုပြီး ဘယ်သူငြင်းမလဲ။
အရှင်းဆုံး ပြောရရင် သူတို့ဟာ ကစားသမားအင်အားအရ၊ စုဖွဲ့မှုအရ ဟော်လန်နဲ့ချီလီ ထက်မနိမ့်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရမှာ သူတို့ဟာ အဲဒီနှစ်သင်းကို မမီဘူး။ စပိန်ရဲ့ ဖွဲ့စည်းမှုကို ပြန်ကြည့်ရင် အင်နီယေစတာ၊ ဇာဗီ၊ အလွန်ဆို၊ ရာမိုင်၊ ဆေးလ်ဗားတို့က ၂၈ နှစ်ကနေ ၃၀ နဲ့ ၃၀ကျော်တွေ။ ဗန်ပါစီ၊ ရော်ဘင်၊ စနိုက်ဒါ၊ ရွန်ဗယ်လာ၊ ဒီဂျောင်စတဲ့ ဟော်လန်ရဲ့ ပင်မဒေါက်တိုင်တွေ ကလည်း ၃၀နဲ့ ၃၀ ၀န်းကျင်ကစားသမားတွေ။ အပိုင်းအခြားအရ မကွာဘူး။ တစ်သင်းလုံး အနေနဲ့လည်း တောင့်တင်းမှုအရဆိုရင် သူတို့ကတောင် ပိုပြည့်စုံ တယ်။ အဲဒီကြားကမှ သူတို့ ဂိုးပြတ်ရှုံးတာဆိုတော့ သေချာတယ်။ ဒါဟာ ကြိုးစားအားထုတ်မှုကွာခြားခြင်းရဲ့ အရင်းအမြစ်လို့မြင်ကြတယ်။ ပြောရရင် ဟော်လန်မှာ အကြိမ်ကြိမ်ပြောခဲ့ပြီးသလို ခံယူချက်ပြင်းပြင်းရှိ တဲ့ သူတို့ရဲ့ ပင်မဒေါက်တိုင်ကစားသမားအများစုက ၂၀၁၀ က အမြင့်ဆုံးဆု တံဆိပ်နဲ့ ကပ်လွဲခဲ့သူတွေ။ ဒီတစ်ကြိမ်ဆိုတာကလည်း သူတို့အတွက် နောက်ဆုံးနီးပါး။ ဒီတော့သူတို့မှာ သမိုင်းသစ်ရေးလိုတဲ့စိတ် ပြင်းပြင်းထန်ထန် ကိုရှိတယ်။ ဒီတော့ ကြိုးစားအားထုတ်မှုမှာ စပိန်ထက်မြင့်တယ်။ ဒီတော့ စပိန်မယှဉ်နိုင်ဘူး။
ဒါမျိုးကို သူတို့ ချီလီနဲ့ပွဲမှာလည်း ထပ်ကြုံတယ်။ အဲဒီပွဲမှာ ဆိုရင် ပိုပြီးသိသာထင်ရှားတယ်။ ချီလီတစ်သင်းလုံးရဲ့ နိုင်လိုစိတ်က
သူတို့ရဲ့ မျက်နှာ၊ သူတို့ရဲ့ အပြုအမူတွေမှာ ထင်ထင်ရှားရှားကို တွေ့ရပေမယ့် အဲ့ဒါကို
တုံ့ပြန်နိုင်လောက်တဲ့ စိတ်အခြေခံကျတော့ စပိန်မှာ မတွေ့ရဘူး။ တကယ်
တော့ အရှင်းဆုံးပြောရရင် သူတို့မှာ မျိုးဆက်ခိုင်ခိုင်မာမာရှိတယ်။ ပြောချင်တဲ့
အဓိပ်္ပာယ်က စပိန်ဟာ အစားထိုးသင့်ချိန်ရောက်ပြီဖြစ်ပါလျက် အစားမထိုး
ခဲ့ဘူး။ ဇာဗီ၊ အလွန်ဆို၊ အင်နီယေစတာ၊ ကာဆီးလက်စ်တို့ဟာ ပြောခဲ့ပြီးသလို
စိတ်ပိုင်းဆိုင်ရာအရ ပြည့်စုံပြီလို့ ခံယူပြီးသားဖြစ်ကြသလို အသက်အရလည်း
အနိမ့်ဆုံး ၃၀။ အဲဒီအစုအဖွဲ့နေရာမှာ အစားဝင်နိုင်လောက်တဲ့ မာတာ၊
ကိုကီ၊ ဒီဂါသာ၊ ဖာဘရီဂက်စ်တို့ရှိပေမယ့် ပွဲအတွင်းမှာ သွေးသစ်မလောင်း
ခဲ့ဘူး။ ဒီတော့ စိတ်ဓာတ်ပိုင်းအားနည်းသွားပြီး ကြိုးစားမှုပါကျသွားကြတယ်။
့
(ချီလီ တို့ က၂ဂိုးပြတ်နိုင်လို့ ပျော်နေချိန်မှာလက်ရှိကနေ လက်မဲ့ဗလာဘ၀နဲ့ အိမ်ပြန်စောခဲ့တဲ့စပိန်)
ဟော်လန်ကို ဂိုးပြတ်ရှုံးတယ်။ ဒုတိယပွဲမှာလည်း အဲဒီကစားသမားတွေအထဲ က ဇာဗီတစ်ဦးတည်းကို ဖယ်လိုက်တော့ ဘာမှမထူးခဲ့ဘူး။ အထူးသဖြင့် တိုက်စစ်မှာဆိုရင် ယူရို ၂၀၁၂ ချန်ပီယံတစ်ကြိမ်သာရဖူး တဲ့အပြင် ခြေအရလည်း အကောင်းဆုံးဖြစ်နေတဲ့ နီဂရီဒိုကပါမလာဘူး။ စိတ် အခြေခံအရ မမာနိုင်တော့တဲ့အပြင် ခြေလည်းကျနေတဲ့ ဒေးဗစ်ဗီလာ၊ တော ရက်စ်တို့ပဲပါလာတယ်။
တကယ်တော့ ဘောလုံးမှာ စိတ်အခြေခံအရ သိပ် အရေးကြီးတယ်။ စိတ်ကခြေစွမ်းကို ဆွဲမြှင့်နိုင်သလို စိတ်ကပဲခြေစွမ်းကို ဆွဲချ နိုင်တယ်။ ကော်စတာရီကာဆိုရင် စိတ်ဓာတ်အင်အားနဲ့ပဲ ဥရုဂွေးကိုရော၊ အီတလီ ကိုပါ အနိုင်ယူခဲ့တာကသက်သေ။ ဒီတော့ ဒီလိုစိတ်ဓာတ်မျိုးကို စပိန်မှာ ဘယ်တော့ပြန်တွေ့ရမလဲ။ အခုဆိုရင် သူတို့ရဲ့ စိတ်အခြေခံ ပျက်ယွင်းမှုအရ သူတို့ရဲ့ သိက်္ခာတွေ ပွန်းပဲ့ခဲ့ရပြီ။ သူတို့ဟာ ကမ်္ဘာ့ချန်ပီယံဆိုတဲ့ အဆင့်နဲ့ မလိုက်ဖက်စွာဖြစ်ခဲ့ရပြီ။ ဒါကို သူတို့ဘယ်လိုကုစားမလဲ။ နောက်ဆုံးပွဲမှာပါ မနိုင်ရင် သူတို့ရဲ့ဂုဏ်၊ သူတို့ရဲ့ အဆင့်ဟာ ဒီထက်ပိုပြီး မေးခွန်းထုတ်ခံရတော့ မယ်။ ဒီတော့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ သြစတြေးလျနဲ့ပွဲမှာ သူတို့ဂုဏ်ကို သူတို့ ထိန်းနိုင်မလား။ အဲဒါက ပြောခဲ့ပြီးသလို သူတို့ရဲ့စိတ်ဓာတ်အပေါ်မှာပဲ မူတည် တယ်။ ကမ်္ဘာ့ချန်ပီယံ၊ ဥရောပ ချန်ပီယံဆိုတဲ့ဂုဏ်ကို အပဲ့မခံလိုမှုအရ နိုင်လို စိတ်အပြည့်ရှိလာမှာလား။ ဒါမှမဟုတ် ဘာမှမထူးပါဘူးဆိုပြီး သာမန်သာ ကစားမလား။ သေချာတာက သူတို့ရဲ့ စိတ်အခြေခံကို ဆက်လက်စောင့်ကြည့် ရတော့မယ်။
+ဝေမိုးဆက်+
(ဂျာမနီကို၁ဂိုး-၅ဂိုး နဲ့ အရှက်တကွဲရှုံနိမ့် အပြီးမှာ)

No comments:
Post a Comment