ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 14, 2014

==အဲဒီခဏ ညများနဲ့ သူမ===

>
(၁)

ရုပ်ရှင်ရုံရောက်တော့ လက်မှတ်အရောင်းကောင်တာရှေ့မှာ လူတန်းနှစ်တန်း။ တတန်းက ခုမှ လက်မှတ်ဝယ်သူတွေ၊ နောက်တစ်တန်းက အင်တာနက်ကနေဝယ်ယူထားသူတွေ လက်မှတ်လဲလှယ်ရန်။ သူမက အင်တာနက်ကနေဝယ်ထားသူများ လက်မှတ်လဲလှယ်ရန်ဆိုတဲ့အတန်းမှာ ဝင်စီလိုက်တယ်။ လက်မှတ်နှစ်စောင်….။ နောက်ဆုံးတန်း ထောင့်ခုံ။ သူမ ရွေးချယ်ထားတဲ့ ခုံနေရာ ခုံနံပါတ်အတိုင်း…။ လက်မှတ်နှစ်စောင်ကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး ပြောင်းဖူးပေါက်ပေါက် ဘူးကြီး တစ်ဘူး ဝယ်လိုက်တယ်။ ပက်ပစီတစ်ပုလင်း ပေးပါ၊ နိုး ပက်ပစီက ကျန်းမာရေးအတွက် မကောင်းဘူး အထူးသဖြင့် မင်းနဲ့ မတည့်ဘူး။ သကြားတွေ များတယ် ပက်ပစီပုလင်းကို လှမ်းနေတဲ့ သူမလက်တွေ တန့်ကနဲ။ သွားစမ်းပါ သောက်တော့ ဘာဖြစ်လဲ သူမ ပက်ကနဲ ပြောပစ်လိုက်တယ်။ ပက်ပစီတစ်ပုလင်းရယ် ပြောင်းဖူးပေါက်ပေါက်ထုပ်ရယ် ကိုင်ထားရင်း ရုပ်ရှင်ကြော်ငြာ ဘုတ်တွေကို ဘောင်ခတ်ထည့်ထားတဲ့ မှန်တွေထဲကနေ တစ်ဆင့် ကျော်ကြည့်နေလိုက်တယ်။ ခဏနေတော့ ဝင်လို့ရပြီဆိုတဲ့ သီရေတာနံပါတ်တွေကို မီးနီလေးနဲ့ပြတယ်။ စီနီမာ ၅-၆-၇ ဝင်လို့ရပါပြီတဲ့။ လူတွေ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ၊ လေး-ငါးယောက်တစ်တွဲ ဝင်ကြတယ်။ သူမလည်း နောက်က လိုက်ဝင်တယ်။ ဘောင်းဘီအိတ်ထဲမှာ လက်မှတ်တစ်စောင်ကျန်နေတယ်။ လက်မှတ်နှစ်စောင်ပြပြီး တစ်ယောက်ထဲဝင်တဲ့အထိတော့ သူမ မကြောင်သေးဘူး။ ထင်တာပဲ။ အား အေးစိမ့်သွားတာပဲ။ လူတစ်ရာ့ငါးဆယ်လောက်သာဆန့်တဲ့ ခပ်သေးသေး ရုပ်ရှင်ရုံထဲ လေအေးစက် အေးပုံကဖြင့် လွန်လွန်းလှတယ်လို့ သူမ တွေးတယ်။ သူမထိုင်ခုံနေရာရောက်ဖို့ အရှေ့ကနေ ဟိုးနောက်ထိ လျှောက်လာရတယ်။ ခုံမှာ ထိုင်လိုက်မိတာနဲ့ နောက်က ကျောပိုးအိတ်ကို ရှေ့ယူပြီး အထဲက ဆွယ်တာကို ထုတ်ဝတ်လိုက်တယ်။ ကျောပိုးအိတ်ကိုတော့ ခုံရှေ့ချပြီး ခြေသလုံးနှစ်ခုကြား ထိန်းညှပ်ထားလိုက်တယ်။ သက်တောင့်သက်သာပါပဲ။ ဘယ်ဘက်လက်က ပြောင်းဖူးပေါက်ပေါက်ထုပ်ကိုကိုင်ရင်း လက်ကိုအနေတော် ကွေးထားလိုက်တယ်။ ပက်ပစီကိုတော့ ခုံဘေးက ခွက်ထည့်စရာကွင်းအဝိုင်းလေးထဲ အလိုက်သင့် ထည့်သွင်းထားလိုက်တယ်။ ခဏနေတော့ မီးတွေ မှိတ်တယ်။ မီးတွေမှိတ်တာကို သူမ မကြိုက်ဘူး။ မီးတွေမှိတ်လိုက်တိုင်း သူမစိတ်တွေက တစ်နေရာကို လွင့်ထွက်သွားတတ်လွန်းလို့။ အမှောင်မှာ သူမစိတ်တွေက လွတ်လွတ်လပ်လပ် ကူးခတ်တတ်ကြလွန်းလို့။ သူမ ကြောက်တယ်။ သူမအခန်းထဲမှာသာဆို ခုလိုမီးမှောင်တာနဲ့ သူမစိတ်တွေက ပြိုပြီ။ ကြာတော့ ညအမှောင်နဲ့ အရုဏ်ကြားက အကွာအဝေးဟာ သူမအတွက် ငရဲခန်းတစ်ခုဖြစ်လာတယ်။ သူမ ထွက်ပြေးဖို့ကြိုးစားတယ်။ ဆရာဝန်ဆီ သွားတွေ့တယ်။ ဆရာဝန်က သူမကို ဆေးတွေ တစ်ပတ်စာပေးလိုက်တယ်။ အဲဒီတစ်ပတ်မှာတော့ ဆေးသောက်ပြီး ငါးမိနစ်လောက်ရှိတာနဲ့ နောက်တစ်နေ့မနက်ကို သူမ ရောက်သွားတတ်တယ်။ တိုတောင်းတဲ့ညတွေ သူမ ခဏတာရရှိခဲ့တာပေါ့။ ခဏပါပဲ။ နောက်တော့လည်း ခါတိုင်းလိုပဲ။ သူမညတာတွေက ရှည်ကြာနှိပ်စက်မြဲ။ သူမညတွေဟာ သူမကို ဘယ်လိုနှိပ်စက်သတ်ဖြတ်တတ်ကြောင်း၊ သူမ ငရဲကို ခဏခဏ အရှင်လတ်လတ် ရောက်ဖူးကြောင်း၊ ညညတွေမှာ အသံတစ်ခုကို သူမ ကြားကြားနေရကြောင်း ပြောပြတယ်။ ဆရာဝန်ရဲ့ ခပ်ကြောင်ကြောင်ငတိမဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့အကြည့်မျိုးကိုထိန်းချုပ်ထားရပုံနဲ့ သူမကိုကြည့်တတ်တာ သူမ မကြိုက်ဘူး။ သူမကို သနားကြင်နာသယောင်နဲ့ ကြည့်တတ်တာကိုလည်း သူမ မကြိုက်ဘူး။ ဒါနဲ့ပဲ ဆရာဝန်ဆီ မသွားတော့တာ။ ဒီလိုနဲ့ အမှောင်ထဲမှာ သူမတစ်ယောက်ထဲနေနေရတာကို ကြောက်လာတယ်။ အသံတွေ ကြားကြားနေရသလိုပဲ။ မကြည့်ဘဲလည်းမြင်နေရတဲ့ ပုံရိပ်တွေ၊ မျက်စေ့မှိတ်ထားလည်းပဲ။ ညဦးတွေကို သူမ အဆင်ပြေပြေဖြတ်ကျော်တတ်ဖို့ ကြိုးစားတယ်။ မရဘူး။ ကြာခဲ့ပြီ၊ ညဦးတွေဆို မအိပ်ခင်အထိ အပြင်မှာပဲနေတတ်တော့တယ်။ မျက်လုံးတွေကျိန်းစပ်၊ မျက်ခွံတွေလေးလံလာ၊ ခြေထောက်တွေ ညောင်းလာမှ သူမ အိမ်ပြန်တယ်။ အိမ်ရောက်တာနဲ့ အိပ်ယာထဲ အတောင့်လိုက်လဲကျ မေ့မျောလိုက်ရတာကို သူမကျေနပ်တယ်။ အသံကြားရပြန်ပြီ။ ငိုသံ၊ ရှိုက်ရှိုက်ငိုနေသံ၊ အို….မဟုတ်ဘူး၊ အသံတိတ် ကြိတ်ငိုနေတဲ့အသံ၊ သူမအာရုံတွေကို ပိတ်ကားဆီပို့လိုက်တော့ မင်းသမီးက ငိုနေတယ်။ မင်းသမီးရဲ့ချစ်သူက မင်းသမီးကို လက်တွဲဖြုတ် ဆောင့်ကနဲရုန်းထွက်လို့ ကျောခိုင်းထွက်ခွာ…။ ဝမ်းနည်းမင်သက်နေတဲ့ မင်းသမီးဟာ မမျှော်လင့်ထားပါဘဲ ကျောခိုင်းခံရမှုမှာ ကြေကွဲနေဟန်။ သူ့ချစ်သူနောက်ကျောကို ငေးကြည့်နေရင်းက မြင်ကွင်းက ပျောက်ကွယ်သွားတဲ့အခါ မင်းသမီးက တက်ကစီတစ်စီးကိုလက်တားစီးပြီး အိမ်ပြန်တယ်။ ပါးပေါ်မှာ မျက်ရည်တွေနဲ့၊ အိမ်ရောက်တော့ အိမ်တံခါးကိုသော့ကိုဖွင့်ရင်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့တဲ့ အတူနေချစ်သူကို သတိရစိတ်နဲ့ မျက်ရည်ကျ။ ပေါက်ကွဲ…။ သူမ လိုက်ငိုမိတယ်။ မင်းသမီးက သရုပ်ဆောင်ကောင်းလိုက်တာ။ အော်ကြီးဟစ်ကျယ်ငိုတာမျိုး မဟုတ်ဘူး။ မျက်လုံးတွေရဲလာပြီး မျက်သားတွေ လှုပ်လာတာ၊ နှုတ်ခမ်းသားတွေ တဆတ်ဆတ် တုန်လာတာ၊ နှာသီးဖျားတွေ ရဲလာတာ။ တကွက်ချင်း တကွက်ချင်း အနီးကပ်အပြမှာ သူမ ပါဝင် ခံစား စီးမျော။ ခက်တာပဲ။ မငိုချင်ပါဘူးဆိုမှ၊ ဆဲပြန်ပြီလား၊ အဲ့လိုဆဲတာ ကိုယ်မကြိုက်ဘူး သူမနားရွက်ဖျားလေးတွေ နွေးကနဲ၊ သူ့နှုတ်ခမ်းရဲ့အထိအတွေ့ သူမနားရွက်ဖျားမှာ၊ အနားမှာ ကပ်ပြောလိုက်သလား….သူ့အတွက်ဝယ်ထားတဲ့ ဘယ်ဘက်ခုံကို သူမ ယောင်ယမ်းကြည့်လိုက်မိတယ်။ တစ်စုံတစ်ယောက်များ သူမဘေး လာထိုင်နေသလား။ ဟင့်အင်း သူ မရှိဘူး။ မျက်နှာကို ဆွယ်တာလက်နဲ့ပွတ်ရင်း စိုစွတ်မှုတွေကို သွေ့စေလိုက်တယ်။ မျက်ရည်စီးကြောင်းရဲ့အစိုဟာ ဆွယ်တာလက်ဆီ ကူးဝင်စိုစွတ်တယ်။ ခဏပါပဲ။ မင်းသမီးက ဖိနပ်ကို ခြေနဲ့ကန်ချွတ်ခဲ့ပြီး၊ လက်ထဲကိုင်ထားတဲ့ ပေါင်မုန့်ထည့်ထားတယ်လို့ထင်ရတဲ့ စက္ကူအိတ်အညိုကို ထမင်းစားခန်းထဲက စားပွဲပေါ်သွားတင်တယ်။ နောက် အိပ်ခန်းထဲ တန်းဝင်သွားတယ်။ အဝတ်အစားတွေတောင်မလဲတော့ဘဲ ကုတင်ပေါ် ကန့်လန့်ဖြတ်မှောက်လျက်လှဲချရင်း လူးလိမ့်နေတယ်။ ကုတင်ဘေးစားပွဲပေါ်က မင်းသားနဲ့အတူတူရိုက်ခဲ့တဲ့ ဓါတ်ပုံထည့်ထားတဲ့ဘောင်ကို နံရံဆီပစ်ပေါက်တယ်။ ဓါတ်ပုံနဲ့ဘောင်တစ်ခြားစီ ကြမ်းပေါ် ပြန်ကျလာတယ်။ မင်းသမီးက မျက်ရည်ကျဆဲ။ လူးလိမ့်နေဆဲ။ ရုပ်ရှင်ကြည့်ပရိသတ်ကြီးလည်း တအုန်းအုန်းနဲ့၊ သူတို့ ရောငိုနေကြတာများလား…..။ မင်းသမီးကလည်း ပျော့ညံ့လိုက်တာ။ ဟင့်အင်း သူမ မငိုဘူး၊ မျက်ရည်က သူ့အလိုလိုကျတာ။ သူနဲ့ပါတ်သက်သမျှ သူမဆီမှာ ဘာတစ်ခုမှ သိမ်းမထားတော့ဘူး။ အကုန် လွှင့်ပစ်လိုက်ပြီ။ သူမ ပြန်မတွေးချင်ဘူး။ သူနဲ့ပါတ်သတ်သမျှ အတွေးတွေကအစ သူမ မလိုချင်ဘူး။ ထွက်သွားပါတော့။ “ရော့ ဒီပုံလေး သိမ်းထား” သူက သူမလက်ထဲကနေ ဖုန်းကိုယူပြီး သူမတို့နှစ်ယောက်ပုံကို ဆယ်လ်ဖီရိုက်တယ်။ အခုတော့ သူမ ဖျက်ပစ်လိုက်ပြီ။ လွယ်တယ် ထင်သလား။ Delete ဆိုတဲ့ ခလုတ်တစ်ခုဟာ သူမရင်ကို ဘယ်လောက်ထိ မွမွကြေစေခဲ့တယ်ဆိုတာ…။ အားလုံးပဲ၊ သူပေးခဲ့ဖူးတဲ့ အမှတ်တရတွေအကုန် သိမ်းထုတ်လို့ သူမ လွှင့်ပစ်ခဲ့လိုက်တာ။ သူမဖုန်းထဲက သူနဲ့ပတ်သက်သမျှတွေ အကုန်ဖျက်ချပစ်ခဲ့တာ။ မှတ်မိနေသေးတာတွေမှန်သမျှကို သူမမှတ်ဉာဏ်ထဲကနေ အဲသလို delete တစ်ချက်နှိပ်ရုံနဲ့ ဖျက်ချပစ်လိုက်လို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲကွယ်။ ဒါမှမဟုတ် အားလုံးကိုမေ့သွားအောင် သူမ ရူးချင်လိုက်တာ၊ သူ နားလည်နိုင်မယ် မထင်ဘူး။ ပေါ့သွမ်းသူတစ်ယောက်ဟာ လေးနက်မှုကို နားမလည်နိုင်တာလည်း သဘာဝကျရဲ့။ ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ ဆုံနိုင်ခွင့်ရှိသည်ဖြစ်စေ၊ ဆုံနိုင်ခွင့် မရှိသည်ဖြစ်စေ၊ အတူရှိနေချိန်တွေရဲ့ စစ်မှန်မှုတစ်ခုကိုသာ သူမ မျှော်လင့်ခဲ့တာ။ အချိန်တွေပေးပြီး အတူရှိနေခဲ့ကြခြင်းဟာ တစ်စုံတစ်ရာအတိုင်းအတာတစ်ခုထိ သံယောဇဉ်တွေကို ချည်နှောင်ဖြစ်စေခဲ့တာပဲ မဟုတ်ဖူးလား။ နာကျင်လိုက်ရတာ….။ သူမ ဘာများမှားခဲ့သလဲ။ ယုံယုံကြည်ကြည် ပုံနှစ်ချစ်မိခဲ့ခြင်းအပြစ်တစ်ခုသာ သူမမှာ ရှိတာရယ်။ သူမ ရှေ့နှစ်တန်းလောက်မှာ စုံတွဲတစ်တွဲ၊ ကောင်လေးက သူ့ဘေးကကောင်မလေးပုခုံးပေါ် သူ့လက်ကို ပိုင်ပိုင်နိုင်နိုင်တင်လို့၊ တချက်တချက် ကောင်မလေးပါးကို လှမ်းမွှေးလိုက်သေးတယ်။ မုန်းလိုက်တာ။ သူမဘယ်ဘက်ပါးကို ယောင်ယမ်းစမ်းလိုက်မိတော့ အနမ်းတွေ ရှိမနေဘူး။ စိုစွတ်နေတဲ့ အထိအတွေ့ တစ်ခုသာ။ စိုစိစိပူနွေးနွေး။ သူမ မုန်းတဲ့ မျက်ရည်စီးကြောင်းတွေ……။ ထိစပ်ပတ်သက်မှုတိုင်းရဲ့ အဆုံးသတ်ဟာ နှစ်ဦးနှစ်ဘက်စလုံးကို နာကျင်စေတယ်ဆိုတဲ့စကားအပေါ် သူမ ရယ်သွမ်းတတ်ပြီ။ ဘယ်မှာမှန်လို့လဲကွယ်…..။ သူကတော့ ပျော်ကောင်းပျော်နေလိမ့်မယ်။ သူမ မျက်ရည်တွေနဲ့ ပြုံးမိပြန်ပြီ။ သူပျော်နေရင် သူမ ကျေနပ်ပါတယ်လို့ ဘယ်တုန်းကမှ အရူးထပြီး သူမ မပြောခဲ့မိဖူးဘူး။ အချစ်နဲ့ပတ်သက်ရင် သူမဟာ အဲ့သလောက် သဘောထားမကြီးနိုင်တာ သေချာတယ်။ ပိတ်ကားပေါ် စာတမ်းတွေတက်လာပြီး မီးတွေပြန်ဖွင့်တော့မှ သူမ မတ်တတ်ထရပ်လိုက်တယ်။ ကားတစ်ကားလုံး ငိုနေတာပဲ သူမ သိတယ်။ ဘာတွေပြလို့ ဘာဇာတ်မှန်းလည်း သူမ မသိဘူး။ သိစရာလည်း လိုမှ မလိုတာ။ ကျောပိုးအိတ်ကိုကောက်လွယ်ပြီး လူအုပ်နောက်က အသာလေး လိုက်ထွက်တယ်။ သူမမျက်ရည်တွေကို သုတ်ဖို့ မမေ့ခဲ့ဘူး။ သူမဆွယ်တာလက်ကလေးတစ်ဘက်က စွတ်စိုလို့။ “ရယ်ရတယ်နော် ကားက ခိခိ” သူမဘေးက ဆယ်ကျော်သက်ကလေးမလေးက အဖော်ညှိသလိုလိုအပြောမှာ သူမ ကြောင်အသွားတယ်။ ဟင် ဒီကားက အလွမ်းဇာတ်ကြီး၊ တစ်ချိန်လုံး ငိုနေရတဲ့ဟာကို…. အူကြောင်ကြောင်နဲ့ သူမအကြည့်ကို ကလေးမလေးက ဂရုမစိုက်ဘူး။ ဘေးက အဖော်နဲ့ တံတောင်ချင်းတွက်လို့ တဟိဟိရယ်နေကြပြန်တယ်။ ဘာလဲ…သူမပဲ မှားနေပြန်ပြီလား။ နေဦး၊ ဘောင်းဘီအိတ်ထဲ ကျန်နေတဲ့ လက်မှတ်တစ်စောင်ကို ထုတ်ကြည့်လိုက်မိတယ်။ ကော်မဒီကား၊ ဟာသကားတဲ့၊ သူမ လက်မှတ်ဝယ်တုန်းက အသေအချာရွေးဖြတ်ခဲ့တာကို….။ ဒါဆို…..။ ဘာမှားနေသလဲ။ ရုံထဲမှာတုန်းက လူတွေ ငိုနေခဲ့ကြတာမဟုတ်ဘူးလားဟင်။ မင်းသားက ထားရစ်ခဲ့လို့ အသည်းတွေပက်ပက်စက်စက်ကွဲပြနေတဲ့ မင်းသမီးကရော….။ သူမ အသေအချာ ကြည့်ခဲ့ရတာပဲ။ ဘုရားရေ….။ သက်သေပြစရာ သူမမျက်ရည်တွေက သွေ့ခြောက်သွားခဲ့ပြီ။ သူမခေါင်းကိုသာ တွင်တွင်ခါရမ်းလိုက်မိတယ်။ တစ်ခုခုတော့ လွဲနေပြီ။ အသေအချာ လွဲနေပြီပဲ။ စိတ်ရှုပ်ရှုပ်နဲ့ ဘောင်းဘီအိတ်ထဲက ဟန်းဖုန်းကိုထုတ်ပြီး သီချင်းတစ်ပုဒ်ကို ရီပိမုဒ်နဲ့ ရွေးချယ်နားထောင် လိုက်တယ်။ ရတနာမိုင်….အဲ့ဒီခဏ…..။ 

♬ ♩ ♬ ♭ အဲဒီခဏဟာ စိတ်နဲ့မကပ်တဲ့ည မြင်ကွင်းတစ်ခုက ငါ့နှလုံးသားလေး ပြို လဲစေတာ….. အဲဒီခဏဟာ မင်းကိုဆုံးရှုံးပြီ….ငါသိလိုက်ပြီ….. နောက်ထပ်ဆက်ရန် ဘာမှ မရှိ အချစ်လေး…နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်….. ခံစားရူးသွပ်စေသော အသဲကွဲတဲ့ ဝတ္ထုမျိုး…..ရုပ်ရှင်ကြည့်တာ အသက်ရှူပိုကြပ် ဇာတ်လမ်းများနဲ့ ငါ့အတွေးက တစ်ခြားစီ ရောငိုလိုက်…. 
♩ ♬ ♭♩ 

ဆက်လျှောက်တယ်။ မှောင်နေတဲ့ လမ်းတွေပေါ်မှာ လမ်းမီးရောင်ဝါဝါတစ်ခုနဲ့တင် အားပြုဆက်လျှောက်…..။ လေအေးအေးတွေက သူမမျက်နှာပေါ် ထိုးခွဲလို့။ ဆက်လျှောက်….။ သူမ ခြေလှမ်းတွေကို မြှင့်လို့ ဆက်လျှောက်လိုက်တယ်။ သူမ ပင်ပမ်းလှပြီ။ ဘဝဟာ တိုတောင်းသလောက် ရှည်လျားလှတဲ့အလွမ်းတွေနဲ့ သူမ မသေရုံတမယ်။ Pull yourself together လို့ အကြိမ်ကြိမ် နှုတ်တိုက်ရွတ်ဆိုလျက်က သူမအစိတ်အပိုင်းတွေ ပဲ့ပဲ့ကျနေတာကို သူမ လိုက်ကောက်နေရပေါင်း များလှပြီ။ 
♬ ♭နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်….. နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်….. နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်…..….♩ ♬ 

အိမ်ရောက်တော့ အခန်းတံခါးကို သော့ဖွင့်ဝင်ရင်း ကျောပေါ်ကအိတ်ကို ချ၊ ဘောင်းဘီအိတ်ထဲက ဟန်းဖုန်းကိုထုတ်၊ ကျင့်သားရနေတဲ့လက်တွေက ဖုန်းဘက်ထရီချာ့ဂျာကို လှမ်းတယ်။ ပါဝါခလုတ်ကို ဖွင့်လိုက်တော့ ဖုန်းမျက်နှာပြင်မှာ တွေ့ရမယ့် ဓါတ်ခဲပုံလေးက ဖျတ်ကနဲ ပေါ်မလာဘူး။ ဘလက်အောက်ဖြစ်နေတုန်း….။

သူမ နည်းနည်းထူးဆန်းသလို ခံစားလိုက်ရတယ်။ မဟုတ်သေးပါဘူး။ နားကြပ်ကလေးက သူ့အိတ်လေးထဲမှာ အခွေမပျက် ရှိနေတုန်း။ သူမ သတိရပြီ။ ရုပ်ရှင်ပြကာနီး ဖုန်းကို ဆိုင်းလင့်မုမှာပြောင်းထားဖို့၊ အသံဖျောက်ဖို့လုပ်တုန်းက ဘက်ထရီကုန်နေတယ်ဆိုတာ သူမ သတိထားမိခဲ့သေးတာ။ အဲ့ဒီတုန်းကတည်းက ဘက်ထရီကုန်နေခဲ့တာ ဟုတ်တယ်။ ဟင့်အင်း ခုနက အိမ်အပြန်လမ်းမှာ သူမ သီချင်းနားထောင်နေခဲ့သေးတာရော….။ သီချင်းသံ သူမ အသေအချာကြားနေခဲ့တာ။ မဟုတ်ဘူး။ မဟုတ်သေးဘူး။ ဖုန်းက ဘက်ထရီကုန်နေတဲ့ဟာ…..။ တစ်ခုခုတော့ အသေအချာကြီး မှားယွင်းလို့ နေခဲ့ပြီ။ သူမခေါင်းတွေတစ်ခုလုံး အုံလာခဲ့တယ်။ အရာရာဟာ စံနစ်တကျ သေသေချာချာကြီး မှားယွင်းလို့….။ ဆေးပြားဝါဝါလေးတွေ နှစ်ပြားကို ရေအေးအေးနဲ့ သောက်ချလိုက်တယ်။ ဘာကိုမှ သူမ မသိချင်၊ မတွေးချင် အဖြေရှာမနေချင်တော့။ သူမကိုယ်တိုင် အမှားအယွင်းတွေနဲ့ အသားကျနေတာလည်းဖြစ်မယ်။

 (၂) 

မနက် ၆နာရီမှာ မြည်နေကျနှိုးစက်သံနဲ့ သူမ နိုးထလာခဲ့တယ်။ ညတုန်းက အဝတ်အစားတွေနဲ့ပဲ။ သူမရေချိုးခန်း ဝင်လိုက်တယ်။ မှန်တင်ခုံရှေ့ထိုင်လိုက်တယ်ဆိုရင်ပဲ သူမသွေးတွေက အသစ်ဖြစ်လာပြန်။ မျက်နှာတစ်ခုလုံးကတော့ ဆိုးဆိုးဝါးဝါး ပိန်ချိုင့်လို့၊ မျက်တွင်းနက်နက်တွေက မှောင်လို့၊ မျက်ခွံတွေက ယောင်ကိုင်းမို့အစ်လို့၊ အိပ်မပျော်ခင်အထိ သူမခေါင်းအုံးတစ်ခြမ်းစိုနေတာ သူမဘယ်ဘက်ပါးပြင်က သိတယ်။ မှန်ထဲကို ဖျတ်ကနဲကြည့်ရင်း သူမ ပြုံးလိုက်တယ်။ ကျေကျေနပ်နပ်ပဲ။ နဖူးစပ်က ဆံပင်တွေကို ပင့်တင်လိုက်တော့ ဆံနွယ်တွေနဲ့နဖူးပြင် ထိစပ်ရာလိုင်းတစ်လျှောက်မှာ ဆက်ရာကလေးတွေရှိနေတယ်။ သူမမေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာလည်း တူတူပဲ။ သူမရဲ့ လက်မနှစ်ဘက်ကို မေးစေ့အောက်ကနေ အသာလေးပင့်တင်ပြီး အပေါ်ကို အလိုက်သင့်ဆွဲခွာချွတ်လိုက်တော့ နဖူးစပ်အထိ အရေပြားတွေက အချပ်လိုက် ကွာကျသွားတယ်။ အသစ်ပေါ်လာတဲ့ မျက်နှာပြင်က တက်ကြွလန်းဆန်းလို့။ မနက်ဖြန်များစွာကို ယုံကြည်မှုအပြည့်နဲ့ စိမ်ခေါ်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မိန်းမ….။ 

(၃)

 တစ်ညလုံး မှားယွင်းရူးသွပ်ခဲ့တဲ့ မိန်းမတစ်ယောက်ဟာ သူမ မဟုတ်သလိုလို…….။ 

Author: ချစ်ကြည်အေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)