ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 7, 2014

== “ချစ်ခြင်းတွင် နိုင်သူသာရှုံးစမြဲ”==

>
 ၁။

ဇာ ရည်းစားထားတော့မယ်ဆိုတော့ ဘယ်သူမှ
မယုံကြဘူး။ ပြီးတော့ ကြည့်စမ်းပါဦး။ လုပ်ပြနေလိုက်ကြတာ။ မဲ့တဲ့သူကမဲ့။ ရွဲ့တဲ့သူကရွဲ့။ လက်နှစ်ဖက်လုံး ခါပြသူက ခါပြ။ ခေါင်းယမ်းတဲ့သူကယမ်း။ ဘယ်လောက်များ မခံချင်စရာကောင်းလိုက်လဲ။ အင်းပေါ့လေ။ သူတို့တွေက မယုံကြဘူးပေါ့။ “အံမလေး ဇာ နင်လောက် ပြောင်ချော်ချော် နဲ့ ဘယ်သူ့ကို ဘယ်လို စနောက်ရမလဲလို့ အမြဲတမ်း စဉ်းစားနေတဲ့သူကို ဘယ်သူက ကြိုက်မှာတုန်းဟယ်။” “အင်းလေ.. ရုပ်လေးကဖြင့် ချစ်စရာလေး။ သနားကမားလေး။ နောက်လိုက် ပြောင်လိုက်တာလည်း သူ့ပြင် နှစ်ယောက်မရှိဘူး။ ရုပ်လေးနဲ့တောင် မလိုက်ဘူး။ သင်တန်းမှာ နင့်ကို လက်လန်လွန်းလို့ကို ဘယ်သူကမှ မကြိုက်ရဲပါဘူးဟယ်။” “တော်တန်တိတ်… နင်တို့ပါးစပ်တွေ ပိတ်ထားလိုက်ကြစမ်း။ ငါ စရနောက်ရတာ ဝါသနာပါတာကို နင်တို့တွေ သိတယ်။ ဒါပေမယ့် ခု နင်တို့တွေ တစ်ကောင်ကိုမှ ငါ စလို့ မရတော့ဘူး။ ငါ ပျင်းတယ်။ ပျင်းတယ်။ ပျင်းတယ်ဟ။ ဒါကြောင့် ငါ ရည်းစားထားမယ်။ ရှင်းပြီလား။” “စ စရာ ကုန်သွားလို့ နောက်တစ်မျိုး ထွင်ပြန်ပြီလား သူငယ်ချင်းလေးရယ်။ မောနေမယ်။ လာလာ။ ရေသောက်။ ငါတို့ကတော့ မယုံတာ မယုံတာပဲ။ ဟဲ ဟဲ ဟဲ” သူတို့တွေကို ပြန်ရှင်းပြရမှာ မောလွန်းလို့ ဇာ လက်လျော့လိုက်တယ်။ နေနှင့်ဦးပေါ့။ ဒင်းတို့တွေ ဇာ့အကြောင်း သိရစေ့မယ်။ နောက်ရက်မှ ကိုမျိုးကို သူတို့ဆီ ခေါ်လာပြလိုက်ဦးမယ်။ စိတ်ထဲကမှာ ဒင်းတို့ကို မကျေနပ်စိတ်တွေက တဖွားဖွား။ ဟုတ်တယ်လေ။ တစ်ခါတစ်လေလေး အတည်ပြောပါတယ်။ ယုံလိုက်ကြမယ် မရှိဘူး။ ဝိုင်းဟားကြတယ်။ ဒါဟာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာပဲ။ ဟင်း။ ကိုမျိုးနဲ့ကို ပေးတွေ့ပစ်လိုက်ဦးမယ်။

၂။

 နောက်ရက် ဇာက သူငယ်ချင်းတွေကို ကိုမျိုးနဲ့ မိတ်ဆက်ပေးတယ်။ မျက်နှာပြောင်တဲ့ သူငယ်ချင်းတွေက ကိုမျိုးကို သနားစရာလေးတစ်ယောက်လို တမင်ဟန်လုပ်ပြီး ဝိုင်းကြည့်နေကြသတဲ့။ ဘယ်လောက်များ မုန်းဖို့ကောင်းလိုက်လဲ။ ပြီးတော့ စကားတွေနဲ့လည်း ချွန်တွန်းတွန်းသေးတယ်။ “အစ်ကိုရယ်. သူ့အကြောင်းကို သေချာမှ သိရဲ့လား။ သင်တန်းမှာတော့ သူ့ကို လူတိုင်းက လက်လန်တာ။” “ဇာက စပြီး ရည်းစားစာပေးတာပဲ ဖြစ်ရမယ်။” “အစ်ကို့ကို သူက ချစ်လို့မဟုတ်ဘူး သိလား၊ ကြပ်ဖို့ ပြန်ကြိုက်တာတဲ့။ အစ်ကိုတော့ ဇာ့လက်ချက်မိတော့မှာ အသေချာပဲ။” တစ်ယောက်တစ်ပေါက် ဆူညံနေအောင် ဝိုင်းပြောကြတယ်။ ဇာ စိတ်တိုလိုက်တာလေ။ ကိုမျိုးကတော့ မျက်နှာတစ်ချက် မပျက်ဘူး။ ခပ်ပြုံးပြုံးပဲ။

 ၃။

ကိုမျိုးက ဇာ့ကို သိပ်ချစ်ပါတယ်။ ကိုမျိုးက ဇာ့ထက်လည်း ငါးနှစ်ကြီးတယ်။ ကျောင်းပြီးကတည်းက သူ့ဖေဖေရဲ့ လုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ သူတစ်ယောက်။ တည်ငြိမ်ရင့်ကျက်ဟန်ရှိတဲ့၊ စိတ်ရှည်ပြီး သဘောထားကြီးဟန်ရှိတဲ့၊ ရုပ်ရည်လည်း သန့်ပြန့်တဲ့ ကိုမျိုးကို မြင်မြင်ချင်း မဆိုးဘူးလို့ ဇာ တွေးခဲ့မိတယ်။ အဲတာကြောင့်လည်း ကိုမျိုးကို ဇာ လက်ခံလိုက်တာပေါ့။ ကိုမျိုးကတော့ ဘာကိုကြည့်ပြီး ဇာ့ကို သဘောကျတာလဲတော့ မသိဘူး။ လူကြီးမိဘချင်း သဘောတူလို့ ဇာတို့နှစ်ယောက် နီးစပ်ရတယ်ဆိုပေမယ့် ကိုမျိုးက ဇာ့ကို သိပ်ချစ်တယ်။ ညီမလေးတစ်ယောက်လို သည်းခံခွင့်လွှတ်ပြီး ချစ်နိုင်တယ်ဆိုတဲ့ အချစ်မျိုးနဲ့ ဇာ့ကိုချစ်တယ်။ အဲတာကို ဇာ သေသေချာချာလေး ခံစားပြီး သိနေတယ်။ ဇာဘယ်လောက် စစ နောက်နောက် ကိုမျိုးက သည်းခံတယ်။ ဇာ ဘယ်လောက်ပဲ ဗရုတ်ကျကျ ကိုမျိုးက အပြစ်မပြောဘူး။ ဟိုးတစ်ခါတုန်းက မနက်စောစောစီးစီး ကိုမျိုးဆီကို ဇာ ဖုန်းလှမ်းဆက်တယ်။ “ကိုမျိုးရေ.. ခုတလောလေ ဇာ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ကံများ ညံ့နေသလား မသိဘူး။ ဘာလုပ်လုပ် အဆင်မပြေသလိုကြီး ခံစားနေရတယ်။ အဲတာလေ ဇာ ဒီနေ့ ဥပုသ်စောင့်မို့။ ကိုမျိုးပါ ဇာနဲ့အတူတူ ဥပုသ်လိုက်စောင့်ပါလားဟင်” တမင်လုပ်ယူထားတဲ့ ညှောင်နာနာ အသံလေးနဲ့ ပြောလိုက်တယ်။ “စောင့်မှာပါ ဇာလေးရဲ့။ ကိုမျိုးတို့ အတူတူ ဥပုသ်စောင့်ကြမယ်နော်။ ဒါထက် ဘုရားကော သွားချင်သေးလား။ ကုမ္ပဏီမသွားခင် လာခေါ်ရဦးမလား။” “ရတယ် ရတယ်။ လာမခေါ်နဲ့။ ဘုရားမသွားတော့ဘူး။ အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် သီလယူလိုက်တော့မယ်။” “အင်းပါ။ ဒါဆိုလည်း လာမခေါ်တော့ဘူးနော်။ ဇာလေးသာ ကံညံ့နေလား ဘာလား လျှောက်မတွေးနဲ့။ ဟုတ်ပြီလား။” “ဘာလဲ.. ကိုမျိုးက ဥပုသ်အတူတူ မစောင့်ချင်တာလား။ လူကို မယုံတာလား” “မဟုတ်တာ ဇာလေးရဲ့။ ကိုမျိုးက ဥပုသ်လိုက်စောင့်မှာပါ။ ဇာလေးကို စိတ်မပင်ပန်းစေချင်တာ၊ ဒါကြောင့် ဟိုဟိုသည်သည်တွေ တွေးမနေနဲ့လို့ ပြောတာ။ ဟုတ်ပြီလား” ကိုမျိုးနဲ့လည်း ဖုန်းပြောပြီးရော ဇာက သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ချိန်းတယ်။ တနေကုန် ရှော့ပင်းထွက်တယ်။ မုန့်တွေ လျှောက်စားတယ်။ ညနေစောင်းတော့မှ အိမ်ပြန်တယ်။ အိမ်လည်း ပြန်ရောက်ရော တနေကုန် လည်ပတ်၊ စားသောက်နေတဲ့ ပုံတွေကို ဖေ့ဘွတ်ပေါ်မှာ တင်ပြီး ကိုမျိုးကို Tagလိုက်တယ်။ Tagပြီး မကြာပါဘူး၊ ကိုမျိုးက ဖုန်းခေါ်လာတယ်။ “ဇာလေးရယ်” “ဟဲဟဲဟဲ” “ဘယ်လိုလုပ်လိုက်တာလဲဟင်” “ဟဲဟဲ.. ဓါတ်ပုံတွေထဲက အတိုင်းပဲလေ” “သြော်.. ဇာဇာ.. ဇာဇာ” “ဘာလဲ.. ကိုမျိုးက စိတ်ဆိုးချင်တာလား။ ဒီက သူ ကုသိုလ်ရပါစေတော့ဆိုပြီး သွယ်ဝိုက်တဲ့ နည်းနဲ့ ဥပုသ်စောင့်ခိုင်းရတာကို။ ကိုမျိုး တနေ့ တနေ့ စီးပွားရေးတွေနောက်ပဲ လုံးချာလည်လိုက်နေတာ ဗြုန်းကနဲ သေသွားရင် ငရဲတန်းဆင်းရမှာ သိနေလို့ စေတနာနဲ့ ခိုင်းတာ သိပြီလား” “ဟုတ်ပါပြီ ဇာဇာရယ်။ ကိုမျိုးက ဘာပြောနေလို့လဲ” “ဇာဇာ.. ဇာဇာ နဲ့ လာခေါ်နေတာကိုး” “အင်းပါ ဇာလေးရယ်။ ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကိုမျိုးက ဇာလေးကြောင့် ဥပုသ်ရသွားတယ်။ ဒီတော့ ဇာလေးကို ကိုမျိုးက အမျှဝေတယ်နော်။ ဇာလေးက သာဓုခေါ်ရမယ်။ အမျှ အမျှ အမျှ” ဇာ့မှာ အောင့်သက်သက်ကြီး ဖြစ်သွားခဲ့ရဖူးတယ်။ 

 ၄။ 
တစ်ခါတုန်းကကျတော့ ဟင်းချက်ကျွေးပါရစေဆိုပြီး ဟင်းတွေတစ်ခွက်မှ စားမဖြစ်အောင် ချက်လိုက်တယ်။ ကြက်သားဟင်းထဲကို ဆားတွေ အဆုပ်လိုက်ထည့်တယ်။ ငါးဟင်းကျတော့ ငါးကို အကြေးခွံမချွတ်ဘဲ ချက်တယ်။ ဟင်းရည်ထဲကို ရှာလရည် ပုလင်းတစ်ဝက်ကျိုးအောင် ထည့်တယ်။ ငရုတ်သီးစိမ်းတွေထောင်းပြီး မရမ်းသီးထောင်းလို့ ညာတယ်။ အချိုပွဲအတွက် ပန်းသီးတွေ၊ လိမ္မော်သီးတွေကို အတုတွေဝယ်ပြီး ပန်းကန်ထဲမှာ အလုံးလိုက် ခပ်တည်တည် ထည့်ထားတယ်။ ကိုမျိုးကတော့ ပွပြီ၊ မုဆိတ်ပျားစွဲပြီ၊ ဇာချက်ကျွေးတာကို ငါတော့ စားရချည်ရဲ့ဆိုတဲ့ ပုံစံကြီးနဲ့ ရောက်ချလာတယ်။ ကိုမျိုး ကံဆိုးရမယ့်ကံဖန်လာတာက ဖေဖေကော မေမေပါ အဲသည်နေ့က သူတို့မိတ်ဆွေတစ်ယောက်ရဲ့ ဆိုင်ဖွင့်ပွဲကို သွားနေကြလို့ပဲ။ ဖေဖေတို့ အလစ်မို့ ဇာတစ်ယောက်တည်း ထင်တိုင်းကြဲထားတာပေါ့။ “စား.. ကိုမျိုး.. စား။ ဒါက ကြက်သားဆီပြန်” ကြက်သားတစ်တုံးကို ကိုမျိုးထမင်းပန်းကန်ထဲ ခပ်ထည့်ပေးလိုက်တယ်။ “ဇာလေးလည်း စားလေ” “ဟင့်အင်း.. ဇာက မနက်စာကို စောစောလေးကမှ စားထားတာ။ ဗိုက်ပြည့်နေသေးတယ်။ ဒါတွေ အကုန်လုံးက ကိုမျိုးကို စားစေချင်လို့ ဇာ ကိုယ်တိုင် ပထမဆုံးအကြိမ် မီးဖိုထဲဝင်ပြီး ချက်ထားတာ သိလား။ စားနော် ကိုမျိုး။ အားပါးတရ စား။ ကိုမျိုးစားတာကို ဇာက ထိုင်ကြည့်ချင်တာ” ပြောပြောဆိုဆိုနဲ့ ဇာက ငါးဟင်းတစ်တုံးလည်း ခပ်ထည့်ပေးလိုက်သေးတယ်။ ကိုမျိုးက ကြက်သားကို ခက်ရင်းနဲ့ ထိုးဖဲ့လိုက်ပြီး ပါးစပ်ထဲ အသာထည့်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ ကိုမျိုး မျက်နှာက မဲ့ကနဲ ဖြစ်သွားတယ်။ ဟင်းရည်ပန်းကန်ဆီ လက်လှမ်းပြီး ဟင်းရည်တစ်ဇွန်းကို ခပ်သောက်လိုက်တယ်။ သူ့မျက်လုံးတွေ ပြူးထွက်သွားတယ်။ ဇာက မသိချင်ယောင်ဆောင်ပြီး ကိုမျိုးကို မျက်လုံးအဝိုင်းသားလေးနဲ့ ငေးကြည့်နေလိုက်တယ်။ ကိုမျိုးက မျက်ခုံးကို ပင့်ပြီး ပြုံးပြတယ်။ ပြီးတော့ ငါးကို ဖဲ့လိုက်တယ်။ ငါးကို ဖဲ့ရုံပဲဖဲ့ပြီး မစားတော့ဘဲ ဘေးကို အသာလေးတွန်းတာ ဇာသတိထားမိတယ်။ ပြီးတော့ ငရုတ်သီးထောင်းတစ်ဇွန်းကို သူ့ပန်းကန်ထဲ ခပ်ထည့်လိုက်တယ်။ “အဲတာ မရမ်းသီးထောင်းလေ။ ပုစွန်ခြောက်တွေ အများကြီးနဲ့ ထောင်းထားတာ။ ဆိမ့်နေတာပဲ။ မစပ်ဘူးသိလား။” ကိုမျိုးက သတိထားပြီး ငရုတ်သီးထောင်းနည်းနည်းကို ထမင်းနဲ့မြှုပ်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ အပြုံးမပျက် ဝါးနေတယ်။ “စားမကောင်းရင် အပြစ်မတင်ရဘူးနော်။ ဇာက တစ်ခါမှ ဟင်းချက်ဖူးတာမဟုတ်ဘူး” ဇာက ခပ်ချွဲချွဲနဲ့ လုပ်ပြီး ပြောတော့ ကိုမျိုးက ခေါင်းကို အသာညိတ်ပြီး ပြုံးပြတယ်။ ပြီးတော့ ငါးကို တစ်ဖဲ့ဖဲ့ပြီး စားလိုက်တယ်။ အဲသည်နောက် ကြက်သားတစ်ဖဲ့ အဲသည်နောက် ဟင်းရည်တစ်ဇွန်း။ ပြီးတော့ ငရုတ်သီးထောင်း။ တစ်ဇွန်းပြီး တစ်ဇွန်းကို မျက်နှာတစ်ချက်မပျက်ဘဲ စားပြလေတော့ ဇာ့မှာ နေရထိုင်ရတာ တစ်မျိုးကြီး ဖြစ်လို့လာတော့တယ်။ “ကိုမျိုး.. ဘာလို့ အဲလောက် စားနေတာလဲ” “ဟင်.. ဇာလေးက ကိုမျိုးကို စားစေချင်လို့ စေတနာနဲ့ ချက်ကျွေးတာပဲ။ စားရမှာပေါ့။” “မဟုတ်ဘူးလေ။ ဇာက ကိုမျိုးကို စချင်လို့ တမင်သက်သက် စားမဖြစ်အောင် ချက်ထားတာ သိရဲ့သားနဲ့ ကိုမျိုးက စားနေတယ်။” “ဟုတ်လား.. ကိုယ် မသိဘူး ဇာလေး” “ကိုမျိုးကလည်း သိရဲ့သားနဲ့။” “တကယ် မသိတာပါဗျာ” ပြောပြောဆိုဆိုနဲ့ နောက်တစ်ဇွန်း ထပ်စားတယ်။ “ခုသိလိုက်တော့။ မစားပါနဲ့တော့” “ဟောဗျာ.. အစကတော့ ကိုမျိုး မြိန်ရေယှက်ရေ စားပြတာ ကြည့်ချင်လို့ပါဆို” “စောစောတုန်းက ဟုတ်တယ်။ အခု မဟုတ်ဘူး။” “မရဘူး။ စားမှာပဲ။” “မစားပါနဲ့ တောင်းပန်ပါတယ် ကိုမျိုးရယ်” “မရဘူး။ စားမှာပဲ။” ကိုမျိုးက ပြောပြောဆိုဆိုနဲ့ ဟင်းရည်တစ်ဇွန်း ခပ်သောက်ဖို့ ပြင်လိုက်တယ်။ ဇာက ဟင်းရည်ဇွန်းတန်းလန်းနဲ့ ကိုမျိုးလက်ကို အတင်းလှမ်းဆွဲထားရတယ်။ ကိုမျိုးနဲ့က အမြဲတမ်း အဲဒီတိုင်းပဲ။ ဒီက သူ့မျက်နှာကြီး ရှုံ့မဲ့နေတာကို ကြည့်ပြီး လက်ခုပ်လက်ဝါးတီး ဟားချင်တယ်။ သူက အခုလို အတည်ပေါက် ပြန်ပြီးတုန့်ပြန်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အပြင် ဇာကပါ အဲဒီဟင်းတွေကို ဆက်မစားဖို့ အတင်းတောင်းပန်နေရသေးတယ်။ ပြီးတော့ ဝမ်းပိတ်ဆေးတွေလည်း တောင်းတောင်းပန်ပန်နဲ့ အတင်း တိုက်လိုက်ရသေးတယ်။

 ၅။ 

ဒီအကြောင်းတွေကို နောက်ရက် သင်တန်းမှာ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့တွေက ခေါင်းတွေခါယမ်းလို့။ “ဇာဇာ.. ဇာဇာ.. နင်ဟာလေ. ဟို ကျားစားခံရတဲ့ ကောင်လေး ဖြစ်တော့မှာ။ သိလား။ ဟိုပုံပြင်လေးလေ။ အဟမ်း အဟမ်း .. တစ်ခါတုန်းကပေါ့ ..” “တော် ဆက်မပြောနဲ့။ ငါ သိတယ်။ တစ်ခါတုန်းက ကောင်လေးတစ်ယောက်ရှိတယ်။ သူက တအားအစနောက်သန်တယ်။ တောထဲမှာ ထင်းခွေသွားပြီဆိုရင်.. ကျား ကျား တို့ ကျားကိုက်ပြီ ကျားကိုက်ပြီတို့ ခဏခဏ အော်စတယ်။ နောက် သူ ခဏခဏ စလွန်းလို့ သူအော်ရင် ဘယ်သူကမှ လာမကြည့်တော့ဘူး။ အဲ အဆုံးသတ်မှာတော့ တကယ်ကျားကိုက်ခံရပြီး သေသွားလေသတည်း။ ဟုတ်တယ်မို့လား။ ဟွန်း.. အဲဒီပုံပြင်ကို ငါ သိပါတယ်။ ကြားရတာများလွန်းလို့ ဖန်တရာတေနေပြီ။” “အေး.. သိတယ်ဆိုရင်လည်း နင့်အချိုးတွေ ပြင်ပါလားဟယ်။” “အင်းလေဟာ.. ကိုမျိုးက နင့်ကို ချစ်လို့ သည်းခံတာပေါ့ဟ။ နင်တို့တွေ ရည်းစာဖြစ်စကလည်း ယတြာချေရမှာမို့ဆိုပြီး ကိုမျိုးကို သူဝတ်လေ့ဝတ်ထမရှိတဲ့ ကြောင်ကြောင်ကျားကျား လူငယ်ဒီဇိုင်းတွေ ဆင်၊ ဟိုတန်းလန်း ဒီတန်းလန်း ချိန်းကြိုးတွေ တပ်ပေးပြီး ဘုရားတက်ခိုင်းသေးတယ်ဆို.. နင်နဲ့တော့ သိပ်ခက်တာပဲ” “ကိုမျိုးက တော်တော်သဘောထားကြီးလို့နော။ မဟုတ်ရင် နင်မလွယ်ဘူး သိလား မိဇာ။ ” “တော်ပါတော့ဟာ။ ဒီမှာ ငါပြောမယ်။ စနောက်တယ်ဆိုတာ ဟားချင်လို့၊ ရယ်ချင်လို့။ ပျော်ချင်လို့။ အခုဟာက ငါ့မှာ ဟားရယ်ဖို့ နေနေသာသာ၊ ကျွတ်ဆင်ဖြစ်နေလို့ စိတ်ပျက်နေတာ။ နင်နင်တို့ တိတ်တိတ်နေကြ။” ပြောပြောဆိုဆိုနဲ့ ဇာက သူ့မေးစေ့ကို လက်နဲ့ပွတ်ပြီး ဥာဏ်နီဥာဏ်နက်တွေ ထုတ်နေတယ်။ တအောင့်လောက်လည်း ကြာရော.. “ဟာ ဟုတ်ပြီ.. ဟဲဟဲ.. ငါ့နှယ်နော်.. ဘာဖြစ်လို့များ စောစောစီးစီး မစဉ်းစားမိတာပါလိမ့်” ဆိုပြီး မပြောမဆိုနဲ့ သူငယ်ချင်းတွေကို ထားပြီး ထထွက်သွားတယ်။

 ၆။ 

“ကိုမျိုး.. ဇာလေ” “အင်း.. ဇာလေး။ ဘာဖြစ်လို့တုန်း။ အသံလည်း မကောင်းပါလား။ ပြော” “ဇာလေ သင်တန်းကဆင်းတော့၊ သူငယ်ချင်းတွေ ရုပ်ရှင်သွားကြည့်တာလည်း မလိုက်ချင်တော့၊ အိမ်ပြန်ရမှာလည်း ပျင်းနေသေးတာနဲ့လေ..” “အင်း.. အဲဒီတော့” “ဇာ.. တစ်ယောက်တည်း အေးအေးလူလူ ကော်ဖီလာသောက်နေတာ။ ကန်တော်ကြီးက Signature မှာ။” “အဲဒီတော့ ဘာဖြစ်လို့လဲ” “အဲဒီတော့လေ။ ဟဲ.. ဟိုဟာ။ ဟိုဟာဖြစ်လို့.. အဟဲ” “ဟင်.. ဘယ်ဟာလဲ” “ဟာ ကိုမျိုးကလည်း ဟိုဟာလေ။ မိန်းကလေးတွေ တစ်လတစ်ခါလေ.. ” “ဟင်.. ဟိုဟာ.. အော.. ဟိုဟာ။ အင်း။ ဟိုဟာဖြစ်တာ” “ဟုတ်တယ်။ ဟိုဟာ ဖြစ်တယ်။ အဲတာ ဘာဘာညာညာတွေ ဘာမှ ပါမလာဘူး။ ဝတ်လာတာကလည်း ကွာတားဘောင်းဘီ ဖက်ဖူးစိမ်းရောင်လေး။ ဇာ့မှာ ထိုင်ရာကတောင် မထရဲဘူး။ အဲတာ ကိုမျိုးက လိုအပ်မယ်ထင်တာတွေ ကြည့်ဝယ်ပြီး ဇာ့ဆီကို အမြန်ဆုံး လာခဲ့ပါနော်။” “အိုခေ.. အိုခေ.. ကိုယ် အမြန်ဆုံး လာခဲ့မယ်။ နာရီဝက်အတွင်း ရောက်အောင်လာခဲ့မယ်နော်။” ပြောပြောဆိုဆိုပဲ ကိုမျိုးက ဖုန်းကို အမြန်ချသွားတယ်။ ဇာ သိတယ်လေ။ ကိုမျိုးတစ်ယောက် နီးရာဆိုင်တစ်ဆိုင်ကို ပြေးပြီး ဘာညာသရကာတွေ စုံစေ့နေအောင် ဝယ်ရင်း ပျာယာတွေခတ်နေတော့မယ်ဆိုတာ။ ကိုမျိုးဖြစ်နေမယ့် ပုံကို မြင်ယောင်ကြည့်ရင်း ဇာ တစ်ယောက်တည်း တခွိခွိ ဖြစ်နေတယ်။ နာရီဝက်လောက် ရှိတော့ ချွေးသံရွှဲရွှဲနဲ့ ကိုမျိုးရောက်လာတယ်။ သူ့လက်ထဲမှာ အထုပ်ကြီး တစ်ထုပ်နဲ့။ “ဇာလေး.. ရော့။ သွားမလား..” “ဘယ်ကိုလဲ” “အိမ်သာဖက်လေ.. ကိုမျိုး နောက်ကနေ လိုက်ခဲ့ပေးမယ်။” “ဟင့်အင်း.. မသွားပါဘူး။ ဇာ ရှုလည်း မပေါက်ချင်ဘူး။ ဗိုက်လည်း မနာဘူး” ဇာက ခပ်တည်တည်နဲ့ အကြောင်ရိုက်လိုက်တယ်။ “ဟင်.. ဟိုဟာဖြစ်လို့ဆို။ အဲတာ လိုအပ်မယ်ထင်တာတွေ အကုန် ဒီအထုပ်ထဲမှာပါတယ်။” ကိုမျိုးက သူ သယ်လာတဲ့ အထုတ်ကြီးကို အတင်း ထိုးပေးတယ်။ “ဒီထဲက ဘာတွေတုန်း.. မှန်းစမ်း။ ကြည့်အောင်” ဇာက ခပ်တည်တည်နဲ့ အထုပ်ထဲက ပစ္စည်းတွေကို တစ်ခုချင်း ထုတ်တယ်။ “ဟယ်.. ဒါက စကပ်ကြီး။ ဆိုဒ်ကြီးကလည်း အကြီးကြီးပဲ။ အဆင်ကြီးကလည်း တုံးလိုက်တာ။” “ဟယ်.. ဒါက အကျီကြီးပါလား။ အဘွားကြီးဆင်ကြီး။” “ဟယ်.. ဒါက အမျိုးသမီး လစဉ်သုံး ပစ္စည်းကြီး။” ဇာက အသံကို မြှင့်ပြီး အော်ပြောလိုက်တယ်။ ဘေးစားပွဲက လူတွေရဲ့ အကြည့်တွေ ဇာတို့ဆီ ရောက်လာတယ်။ စားပွဲထိုးမလေးရဲ့ တိုးတိုးကျိတ်ကျိတ် ရယ်သံကလည်း မဖုံးနိုင် မဖိနိုင် ထွက်လာတယ်။ ဇာက မသိကျိုးနွံ့ပြုပြီး အရိုးခံမျက်နှာလေးက ကိုမျိုးကို လှမ်းကြည့်လိုက်တယ်။ ကိုမျိုးက သူ အကြပ်ခံရပြီဆိုတာ သိသွားပြီး မျက်နှာကြီး နီရဲတက်လာတယ်။ အံကြီးကို ကြိတ်ထားလိုက်တာများ မပြုံးနိုင် မရယ်နိုင်နဲ့။ “ကိုမျိုးရာ.. ဇာ့ကို လက်ဆောင်ပေးတာများ ဒီလောက်ထိ စေ့စပ်ဖို့ မလိုပါဘူး။ ဒါကြီး မပေးလည်း ဇာက ချစ်ပါတယ် ကိုမျိုးရ။” ဇာက ပစ္စည်းတွေကို အထုတ်ထဲ ပြန်ထည့်ပြီး တစ်ဆိုင်လုံး ကြားလောက်တဲ့ အသံနဲ့ အော်ပြောတယ်။ ကိုမျိုးခမျာ ခေါင်းတောင် မဖော်ရဲတော့ဘူး။ ဆိုင်ထဲကနေ ဇာတို့နှစ်ယောက် ထွက်လာတော့ လူတွေက ရယ်ကျဲကျဲနဲ့ ကြည့်နေကြတယ်။ ရှက်ရှက်နဲ့ ခေါင်းကြီး ငုံ့ထားလိုက်တဲ့ ကိုမျိုးက ဝင်ပေါက် မှန်တံခါးကို မမြင်ဘဲ ခေါင်းနဲ့ ဝင်ဆောင့်မိလိုက်သေးတယ်။ တစ်ဆိုင်လုံးက လူတွေရဲ့ ရယ်သံက ဝါးကနဲပဲ။ ဆိုင်ပြင်ဖက်ရောက်တော့ ဇာက ကိုမျိုးကို လက်ညှိုးကြီးထိုးပြီး ခွက်ထိုးခွက်လန်ရယ်တယ်။ ကိုမျိုးက မျက်နှာကြီး ရှုတည်တည်နဲ့ လုံးဝလိုက်မရယ်ဘူး။ တစ်လမ်းလုံးလဲ ဇာ့ကို စကားမပြောဘူး။ ဇာမှာသာ တစ်လမ်းလုံး ရယ်လိုက်ရတာ။ အိမ်ရောက်တော့လည်း ကိုမျိုးက ကားပေါ်ကမဆင်းဘူး။ ဇာကို ချပေးပြီးတော့ ချက်ချင်း လှည့်ပြန်သွားတာပဲ။ ကိုမျိုးကိုကြည့်ပြီး ဇာ့မှာ ရယ်လိုက်ရတာ ဗိုက်တွေတောင် နာလို့။ အဲဒီညက ဇာ့ကို ကိုမျိုးက ဖုန်းမဆက်ဘူးရယ်။ အခါတိုင်းဆို ညတိုင်း ဖုန်းဆက်နေကြ။ အခု မဆက်ဘူးဆိုတော့ ကိုမျိုး ဒေါပွနေသေးတယ်ဆိုတာ ဇာ သိတာပေါ့။ ကိုမျိုး ဒေါပွလေလေ ဇာက အူတက်အောင် ရယ်ချင်လေလေပဲ။ မချော့ဘဲ ပစ်ထားလိုက်တယ်။ ဘယ်လောက်မှ မနေပါဘူး။ နောက်တစ်နေ့ မနက်လင်း မိုးလင်းရော သူ့ဘာသာ ဖုန်းဆက်ပြီး ပြန်စခေါ်လာတာပဲ။ ဇာကလည်း အရင်ရက်တုန်းက ဘာမှမဖြစ်ခဲ့သလို ခပ်တည်တည်ပဲ။

 ၇။ 

အခုလောက်ဆို ကိုမျိုးတစ်ယောက် ပျာယာခတ်နေလောက်ပြန်ပြီ။ ကားအက်ဆီးဒင့်ဖြစ်လို့ ဆေးရုံရောက်နေတယ်လို့ ဇာက ဖုန်းဆက်ထားတာကိုး။ တကယ်က သူငယ်ချင်းတစ်ယောက်ရဲ့ အမေဆေးရုံတက်နေလို့ ဇာတို့တွေက သတင်းလာမေးကြတာ။ သတင်းမေးပြီး ပြန်မလို့ ကားပါကင်ဖက်လျှောက်လာတော့ ကားပါကင်မှာ အလောတကြီး ပါကင်ထိုးနေတဲ့ ကိုမျိုးကားကို တွေ့လိုက်ရတယ်။ ကိုမျိုး ကားနားလေး ကပ်သွားပြီး ကားမှန်ကို လက်နဲ့သွားခေါက်လိုက်တယ်။ ကိုမျိုးက ကားမှန်ကိုချပြီး ဇာ့ကို မျက်လုံး အပြူးသားနဲ့ ကြည့်နေတယ်။ ဇာက ပခုံးနှစ်ဖက်ကို တွန့်ပြပြီး ရယ်ပြလိုက်တယ်။ ပြီးတော့ လက်ညိုးကို သေနတ်လို လုပ်လို့ ကိုမျိုးကို ချိန်ပစ်လိုက်တယ်။ ကိုမျိုးက နှုတ်ခမ်းကို တင်းတင်းကိုက်ပြီး ကားကို ဝူးကနဲ မောင်းထွက်သွားတယ်။ အဖြစ်ပျက်က မြန်လွန်းလို့ သူငယ်ချင်းတွေ အားလုံး ကြောင်တောင်တောင်လေးတွေ ဖြစ်ကုန်တယ်။ “ငါ ကားအက်ဆီးဒင့်ဖြစ်လို့ ဆိုပြီး သူ့ဆီကို ဖုန်းဆက်ထားတာ။ အဲတာ အဲတာ.. ” ဇာ ရှင်းပြလိုက်တော့ သူငယ်ချင်းတွေ အားလုံးက မျက်စောင်းထိုးကြတယ်။ “နင် အဲလိုမလုပ်သင့်ဘူး။ ဟိုက စိတ်ပူပြီး လိုက်လာတာ။ သူ ဘယ်လောက် စိတ်ပူနေခဲ့တယ်ဆိုတာ သူ့မျက်နှာမှာ အထင်းသားကြီး” “နင်က လုပ်ချလိုက်ပြန်ပြီဟာ။ နင် ဘယ်လောက်စစ ဒါမျိုးကတော့ မလုပ်ကောင်းဘူး။ ဟိုမှာ ကိုမျိုး ဘယ်လောက် စိတ်ဆိုးသွားလဲ။ နင် လိုက်သွားပြီး တောင်းပန်သင့်တယ်။” “အေးဆေးပါဟာ.. သူ့ဘာသာ မနက်ဖန်ကျရင် ကောင်းသွားမှာပဲ။ ငါတောင်းပန်စရာ မလိုပါဘူး။ အေးဆေး အေးဆေး” ဇာက ပေါ့ပေါ့ပါးပါးပဲ။ သူငယ်ချင်းတွေကိုတောင် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးတယ်။ သူငယ်ချင်းတွေကတော့ ဇာ့ကို လက်လန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ခေါင်းတွေ ယမ်းလို့။ နောက်ရက်ကျတော့ ကိုမျိုး ဖုန်းခေါ်မလာခဲ့ဘူး။ တစ်ရက်.. နှစ်ရက်ကနေ သုံးရက်လောက်ဖြစ်လာတော့ ဇာ နေမထိ ထိုင်မသာ ဖြစ်လာတယ်။ ဇာ လွန်သွားခဲ့ပြီလား။ ကိုမျိုးက ဇာ့ကို တစ်ခါမှ ဒီလို စိတ်မဆိုးဖူးပါဘူး။ ကိုမျိုးဆီက ဖုန်းမျှော်ရတာ ကြာရတာ ဇာ ကိုမျိုးကို စိတ်တိုလာမိတယ်။ ခေါ်လာပါစေဦး၊ ဒီက ဦးအောင် စိတ်ကောက်ပစ်လိုက်ဦးမယ်ဆိုပြီး ကိုမျိုး ဖုန်းကို မျှော်ပေမယ့် ကိုမျိုးက ခေါ်မလာခဲ့ဘူး။ တစ်ပတ်တိတိ ပြည့်တဲ့နေ့မှာ ဇာကပဲ စပြီး ဖုန်းခေါ်လိုက်မိတယ်။ ဇာ ဖုန်းခေါ်လိုက်တော့ အိမ်မှာ စောင့်နော်၊ လာခဲ့မယ်ဆိုပြီး ဖုန်းချသွားတယ်။ ပြီးတော့ ဇာ့ကို လာခေါ်ပြီး ကန်တော်ကြီးထဲကို မောင်းသွားတယ်။ ကန်တော်ကြီးရောက်တဲ့အထိ ဇာ့ကို စကားလည်း တစ်ခွန်းမှ မပြောဘူး။ တစ်ချက်မှလည်း လှည့်မကြည့်ဘူး။ ကားရပ်တော့ ဇာက ကားပေါ်က ဆင်းပြီး ခုံတန်းလေး တစ်ခုပေါ်မှာ သွားထိုင်တယ်။ ကိုမျိုးက ဘေးနားလေးမှာ အသာလေး ဝင်ထိုင်တယ်။ အဲဒီထိလည်း စကားတစ်ခွန်းမှ မပြောသေးဘူး။
“ကိုမျိုး.. ဘာဖြစ်လို့ စကားမပြောတာလဲ။ လူကြီးဖြစ်ပြီးတော့ ဘာဖြစ်လို့ အဲဒီလောက် စိတ်တိုနေရတာလဲ။ ဇာက စတာ သိသိကြီးနဲ့ ဘာလို့ ခုထိ စကားမပြောတာလဲ” “အော… မင်းက မင်း စတာပဲ သိတာကိုး။ မင်းဆေးရုံရောက်နေတယ်ဆိုတော့ ကိုယ့် ရင်ထဲ ဘယ်လောက် ပူသွားလဲ မင်းသိလား။ ဆေးရုံကို လာတဲ့ လမ်းတစ်လျှောက်လည်း ဘုရားစာတွေ ရွတ်ပြီး ကားကို ဘယ်လိုအမြန်မောင်းလာခဲ့တာလည်းရော မင်းသိလား။ ကံကောင်းလို့ အဲဒီနေ့က ကိုယ် မသာမပေါ်တာ” “ကိုမျိုးနော်.. ဇာကို အဲသည်လို ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း မပြောနဲ့။” “အော.. မင်းအလှည့်ကြတော့ သိတတ်လိုက်တာ.. တစ်ဖက်လူအတွက်ကျတော့ နည်းနည်းလေးမှ စဉ်းစားပေးဖော်မရဘူး။ မင်း ကိုယ့်ကို ဘယ်လောက်ပဲ စစနောက်နောက်၊ ဘယ်လောက်ပဲ ကြပ်ကြပ် ကိုယ် သည်းခံခဲ့တယ်။ ဒါပေမယ့် အခုလို ကြပ်တာကျတော့ မလွန်လွန်းဘူးလား။ အဲဒီနေ့က ဖုန်းထဲမှာ ဘာပြောခဲ့လဲ။ မင်းက .. ခုအရေးပေါ်ခန်းထဲ ဝင်ရတော့မယ်။ အမြန်ဆုံးလာခဲ့ပါလို့ ပြောပြီး ဖုန်းကို တန်းချသွားတယ်။ ကိုယ် ပြန်ခေါ်တော့လည်း မကိုင်ဘူး။ ကိုယ့်မှာ မင်း ဘာဖြစ်မှန်းလည်း သေသေချာချာ မသိရဘူး။ ကိုယ် ဘယ်လောက်များ စိတ်ပူခဲ့ရတယ် ထင်လဲ။ လူကြီးတွေ ရှော့ခ်ရမှာစိုးလို့ သူတို့ဆီကိုလည်း ဖုန်းဆက်ပြီး အကြောင်းမကြားရဲသေးဘူး။ မင်းဆီကို အမြန်ဆုံး ပြေးလာခဲ့ရတယ်။ ကိုယ် ဘယ်လို ခံစားရလဲ မင်း သိမှာ မဟုတ်ဘူး။ ဘယ်သိမလဲ..။ မင်းမှာက အချိန်ပြည့် သူများကို စချင် နောက်ချင်တဲ့ စိတ်တွေနဲ့ချည်း ပြည့်နေတာကိုး။ ကိုယ်ချစ်တဲ့သူတစ်ယောက် အသက်များ ဆုံးရှုံးသွားနိုင်သလားဆိုတဲ့ ပူပန်မှုက ဘယ်လောက်ပြင်းထန်တယ်ထင်လဲ” “တော်ပါတော့… မပြောပါနဲ့တော့။ ” “ပြောရမှာပဲ။ ကိုယ့်မှာ ပူပန်စိတ်တွေနဲ့ အမောတကော ပြေးလာရတယ်။ မင်းက အပြုံးမပျက်ဘူး။ အရယ်မပျက်ဘူး။ ကိုယ့်ကို တောင်းပန်ရမယ့် အစား မင်းကတောင် ပြန်ပြီး စိတ်ကောက်လိုက်သေးတယ်။ ဒီမှာ ဇာ.. မင်းကိုယ့်ကို တခြားနည်းတွေနဲ့ ဘယ်လို စစ ကိုယ် သည်းခံနိုင်တယ်။ ဒီလိုနည်းနဲ့တော့ ကိုယ့်ကို မစနဲ့။ ကိုယ် သည်းမခံနိုင်ဘူး။ ကြားလား။ ကိုယ်ချစ်ရတဲ့လူတစ်ယောက် တစ်ခုခုဖြစ်ပြီဆိုတဲ့ အသိကို ကိုယ်လုံးဝ မခံစားနိုင်ဘူး။ နားလည်လား။” ကိုမျိုးက ပြောပြောဆိုဆိုနဲ့ ဇာ့လက်မောင်းနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ဇာ့ကို ကိုင်လှုပ်တယ်။ ကိုမျိုးရဲ့ အမူအယာနဲ့ လေသံကြောင့် ဇာ့မှာ ငိုမိသွားတဲ့ အထိပါပဲ။ အဲဒီနေ့က ကိုမျိုးနဲ့ ဇာ ပြန်ပြီး အဆင်ပြေသွားတယ်ဆိုပေမယ့် ဇာ့ရင်ထဲမှာ ကိုမျိုးကို မကျေနပ်ဘူး။ အထူးသဖြင့် ဇာက အလျော့ပေးပြီး ပြန်ခေါ်လိုက်ရတာ၊ ဇာက စပြီး ပြန်ခေါ်ခဲ့တာကိုတောင် ဇာ့ကို ငေါက်ငမ်းနေခဲ့တာတွေအတွက် ဇာ မကျေနပ်ဘူး။ ဒါကြောင့်လည်း ကိုမျိုး မကြိုက်ဘူးဆိုတာ သိသိကြီးနဲ့ နောက်တစ်ခေါက် စနောက်လိုက်မိတာပေါ့။ 

 ၈။ 

“ကိုမျိုး.. ဇာ အသက်ရှုလို့ မရဘူး။ ရင်တွေ တအားကြပ်နေတယ်။ ရင်ဘတ်ထဲကလည်း တအားအောင့်နေတယ်။ ဘယ်လိုမှ မနေသာဘူး။ အိမ်မှာ ဇာတစ်ယောက်တည်းရယ်။ မြန်မြန်လာပါနော်။ ” ဇာက မနည်းအားယူပြီး ပြောနေရတဲ့ လေသံလေးနဲ့ လုပ်ပြောလိုက်တော့ ကိုမျိုးက တကယ် ယုံသွားတယ်။ ဖေဖေနဲ့ မေမေ အလုပ်ကိစ္စနဲ့ မန္တလေးဆင်းနေတာကိုလည်း ကိုမျိုးသိတယ်။ ပြီးတော့ ဇာ့မှာ ရင်ကြပ်ရှိတာ၊ ဟိုးတလောတုန်းက ညဖက်ကြီး တအားတွေ အသက်ရှုကြပ်ပြီး ရင်ဘတ်တွေ အောင့်လို့ ဆေးရုံတက်ထားရလည်း သူ အသိပဲဆိုတော့ ဇာ အကြံအောင်မြင်သွားတယ်။ ကိုမျိုးက အိမ်နေရင်းဝတ်တဲ့ စွပ်ကျယ်အင်္ကျီဖြူလက်ဇကလေးရယ်၊ ပုဆိုးခပ်နွမ်းနွမ်းတစ်ထည်ရယ်ကို ဝတ်ပြီး ရောက်ချလာတယ်။ ကိုမျိုးရောက်လာတဲ့အချိန် ဧည့်ခန်းထဲက တီဗွီရှေ့မှာ ဇာ K-Popအက လိုက်ကနေတယ်။ “ဇာဇာ..” “ကိုမျိုး..” “ဒါလား မင်း ရင်ဘတ်အောင့်တာ။” ကိုမျိုး မျက်ဝန်းထဲက ခါးသီးမှုတွေနဲ့ အေးစက်မှုတွေကို မြင်လိုက်ရတော့ ဇာ တအားလန့်သွားတယ်။ “အဲ.. မဟုတ်.. ဟိုဟာ.. စောစောက အောင့်တယ်။ အခု ပျောက်သွားတာ.. အဟဲ။” ရယ်ကျဲကျဲ ဖြစ်နေတဲ့ ဇာ့ မျက်နှာကို အချိန်မှီ မျက်နှာပိုး သတ်လိုက်လည်း မမှီတော့ပါဘူး။ ကိုမျိုးဒေါသက ပေါက်ကွဲသွားပြီ။ “ဒီလိုမလုပ်ပါနဲ့လို့ မင်းကိုငါ ဘယ်နှခါ ပြောရမလဲ” ကိုမျိုးက သူ့လက်ကို လေထဲမှာ ဝှေ့ယမ်းပြီး အော်တယ်။ ဒေါသတကြီးနဲ့ သူ့ အော်သံက ကျယ်လောင်လွန်းလို့ ဇာ တအား ကြောက်လန့်သွားမိတယ်။ “ ဒီလို ရင်ဘတ်အောင့်လို မင်း ဆေးရုံတက်ထားရတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဒီလိုရောဂါမျိုးက အခန့်အသင့်ရင် အသက်ရှုပိတ်ပြီး သေသွားနိုင်တယ်လို့ ငါက သိထားတော့ ဘယ်လောက်များ စိတ်ပူရတယ် ထင်လဲ.. မင်းကွာ။ မင်း..။” ကိုမျိုးက ဒေါသတကြီး အော်ဟစ်ငေါက်ငမ်းတယ်။ သူ့တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်ယင်နေတယ်။ “ကိုမျိုး..” ဇာက ကိုမျိုး လက်မောင်းကို အတင်းပြေးဆွဲလိုက်တယ်။ ကိုမျိုးက ဇာ့လက်ကို ဆောင့်ဆွဲဖြုတ်ချလိုက်ပြီး ဇာ့ကို တွန်းထုတ်တယ်။ မထင်မှတ်ထားတဲ့ အပြုအမူကြောင့် ဇာ့မှာ ကြက်သေသေသွားရတယ်။ “မင်း ငါ့ကို လာမထိနဲ့။ လာလည်း မခေါ်နဲ့။ မင်းလိုမိန်းမမျိုးက ငါလိုကောင်နဲ့ မတန်ဘူး။” ပြောပြောဆိုဆိုနဲ့ ကိုမျိုးက လှည့်ထွက်သွားတယ်။ ဇာ့မှာ ကိုမျိုး နောက်ဆုံးပြောခဲ့တဲ့ စကားကြောင့် ကြမ်းပေါ်မှာ ထိုင်ရက်သား ပုံလဲကျသွားရတဲ့ အထိပါဘဲ။ “မင်းလိုမိန်းမမျိုးက ငါလိုကောင်နဲ့ မတန်ဘူးတဲ့” အဲဒီစကားကို ထပ်ကာထပ်ကာ ပြန်ကြားနေမိပြီး တညနေလုံး၊ တညလုံး ဇာ ငိုနေမိတယ်။ တညလုံး ငိုနေခဲ့လို့ထင်တယ်။ မနက်လင်းခါနီးတော့ ရင်ဘတ်ထဲက တအားအောင့်လာပြီး အသက်ရှုရတာ အရမ်းခက်ခဲလာတယ်။ အရင်တစ်ခါကလို ပြန်ဖြစ်ပြီ ဆိုတာ သိပေမယ့် ဒီအတိုင်းဆို ဆေးရုံကို ဇာ ကိုယ်တိုင် ကားမောင်းနိုင်တော့မှာ မဟုတ်ဘူး။ ကိုမျိုးဆီဖုန်းဆက်ရမလား ..။ ဟင့်အင်း။ မဆက်တော့ပါဘူး။ သူ ယုံမှာမဟုတ်ဘူး။ ဇာက ကိုမျိုးဆီ ဖုန်းမဆက်ဘဲ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆီ ဖုန်းဆက်လိုက်တယ်။ ဘယ်သူမှ ဖုန်းမကိုင်ကြဘူး။ စောစောစီးစီးမို့ ဖုန်းသံပိတ်ထားပြီး အိပ်နေကြတာလား၊ ဒါမှမဟုတ် ဇာက တစ်ခုခု ကြပ်မှာ စိုးလို့ တမင်ပဲ မကိုင်တာလား။ Inhaler ရှုထားတာလည်း မသက်သာဘဲ ရင်ဘတ်ထဲက အောင့်သထက် အောင့်လာတော့ အရဲစွန့်ပြီး ကိုမျိုးဆီ ဖုန်းဆက်လိုက်မိတယ်။ ကိုမျိုးက ဖုန်းမကိုင်ဘူး။ အင်းလေ.. ငါလို မိန်းမမျိုးက ဆက်တာကို သူက ဘယ်ကိုင်မှာလဲ။ မျက်ရည်ပူတွေက ပါးပြင်ထက် လှိမ့်ဆင်းလာတယ်။ အဲဒီမှာပဲ ဖုန်းသံမြည်လာလို့ ကြည့်လိုက်တော့ ကိုမျိုး။ “ကိုမျိုး.. ဖုန်းပြန်ခေါ်တယ်နော်” “အင်း” ကိုမျိုးအသံက အိပ်ရာထစ အသံဆိုပေမယ့် အေးစက်တင်းမာနေတယ်။ “ဇာလေ ရင်ဘတ်တွေ အရမ်းအောင့်နေလို့ ကိုမျိုး အမြန်ဆုံး လာခဲ့ပါနော်” ကိုမျိုးက ဘာမှမပြောဘဲ ရုတ်တရက် ဖုန်းချသွားခဲ့တယ်။ ကိုမျိုးရဲ့ တုန့်ပြန်မှုကြောင့် ဇာ့မှာ ငိုမိတယ်။ ဖြစ်သင့်ပါတယ်လေ.. ဖြစ်သင့်ပါတယ်။ ဘယ်သူမပြု မိမိမှုပါပဲ။ အဲတာ ငါ့ကြောင့်.. အဲတာ ငါ လုပ်တာပဲ။ ဇာ မနည်းအားယူပြီး အိပ်ရာထဲကနေ ထသွားလိုက်တယ်။ ကားသော့ကို ဆွဲယူပြီး အိမ်အောက်ထပ်ကို ဖြေးဖြေးချင်း ဆင်းလာခဲ့တယ်။ လှေကားထစ်တွေ တစ်လှမ်းချင်းကို မနည်းအားယူပြီး ဆင်းနေရတယ်။ မောလိုက်တာလေ။ ရင်ဘတ်ထဲမှာလည်း တင်းကြပ်နေတာပဲ။ မျက်ရည်တွေကလည်း ဘာဖြစ်လို့များ တရစပ် ကျနေရပါလိမ့်။ ဘာလို့ ငါ့စိတ်တွေ ဒီလောက် ပျော့ညံ့နေရတာလဲ။ မနည်းအားတင်းပြီး ခြံတံခါးကို သွားဖွင့်လိုက်တယ်။ ခြံတံခါးကို ဖွင့်လိုက်တဲ့အခါမှာပဲ ခြံရှေ့ကို ရောက်လာတဲ့ ကိုမျိုး ကားကို တွေ့လိုက်ရတယ်။ ကိုမျိုးက ကားပေါ်ကနေ ပြေးဆင်းလာတယ်။ ဇာက ကိုမျိုးကို ကြည့်ပြီး ငိုမိတယ်။ ကိုမျိုးက ဇာ့လက်လေးကို ဆုပ်ကိုင်လိုက်တော့ ဇာတစ်ကိုယ်လုံး ပျော့ခွေသွားတော့တယ်။ ကိုမျိုးက ဇာ့ကို ကားပေါ်ပွေ့တင်ပြီး ဆေးရုံခေါ်သွားတယ်။ လမ်းမှာ ဇာက ကိုမျိုးကို မေးမိတယ်။ “ကိုမျိုး.. ဇာ စတတ်မှန်း သိရဲ့နဲ့ ဒီတစ်ခေါက်လည်း ရောက်လာတယ်နော်။ ဘာလို့လဲဟင်” “မမေးပါနဲ့ ဇာလေးရယ်.. ငြိမ်ငြိမ်လေး နေနော်။ ပိုပြီး မောနေလိမ့်မယ်။” “ဟင့်အင်း.. ဇာ သိချင်တယ်” “အင်း.. ဇာလေး စတတ်တာ ကိုယ် သိတယ်။ နောက်တစ်ခါ အစခံရမလားလို့လား စိုးရိမ်တယ်။ နောက်တစ်ခါ အစခံရရင် ကိုယ်ဘယ်လောက် ခံရခက်မလဲ၊ ဒေါသထွက်မလဲ ဆိုတာလည်း ကိုယ် သိတယ်။ ဒါပေမယ့် တကယ်ပဲ ဇာလေး တစ်ခုခုများ ဖြစ်နေသလား ဆိုတဲ့ စိုးရိမ်စိတ်က ကိုယ့်ကို ခြောက်လှန့်တယ်။ အဲဒီစိုးရိမ်စိတ်ကို ဖျောက်လို့မရဘူး။ အဲဒီတော့ အစခံရလည်း ခံရပါစေတော့ဆိုပြီး ကိုယ် ရောက်လာတယ်။” “ဇာတောင်းပန်ပါတယ်နော်.. တကယ်တော့ ဇာလို မိန်းမနဲ့ ကိုမျိုးနဲ့ မတန်ပါဘူး။ ဇာ တောင်းပန်ပါတယ်။” တောင်းပန်စကားတွေ တဖွဖွ ပြောနေမိတဲ့ ဇာ့ကို ကိုမျိုး ပြန်ပြောလိုက်တဲ့ စကားကြောင့် ဇာ့ရင်ထဲမှာ နောင်တတရားတွေနဲ့ အတူတူ အမျိုးအမည် မသိတဲ့ ပီတိတွေကတဖွားဖွား ဖြစ်လို့လာတယ်။ ပြီးတော့ ကိုမျိုးနဲ့ ပတ်သတ်ပြီး တစ်ခါမှ မဖြစ်ခဲ့ဖူးတဲ့ ခံစားချက်တွေလည်း ရင်ထဲမှာ ပေါက်ဖွားလာတယ်။ အရင်တုန်းက ကိုမျိုးကို ငါဘာလုပ်လုပ်၊ သည်းခံမယ့် လူကြီးဆိုပြီး လက်ခံခဲ့ပေမယ့် အခုကျမှ အရင်ကနဲ့ မတူနဲ့ ခံစားချက်တွေကို ခံစားလိုက်ရတော့တယ်။ “မတောင်းပန်ပါနဲ့ ဇာလေးရယ်။ ကိုယ် ပြောမယ်။ သေချာနားထောင်နော်။ ကိုယ် ဘယ်လောက်ပဲ အစခံခဲ့ရ၊ခံခဲ့ရ ဇာလေး တကယ် ဒုက္ခရောက်ချိန်မှာ ဇာလေးနားမှာ ကိုယ် ရှိနေခွင့် ရခဲ့မယ်ဆိုရင် အရင်တုန်းက အစခံခဲ့ရတာတွေ အားလုံးအတွက် တန်ပါတယ်လို့ ကိုယ် ဖြေတွေးပြီးသားပါ။ အခု ကိုယ်ကျေနပ်တယ်။ ဇာလေးသာ စကားတွေ ထပ်မပြောနဲ့တော့။ ငြိမ်ငြိမ်လေး နားနေနော်။ ဇာလေးကို ကိုယ်က သိပ်ချစ်တာ။ ဟုတ်ပြီလား။” အဲဒီ စကားလေးကြောင့် ဇာ့မှာ ဘာပြန်ပြောရမှန်း မသိဘဲ ကိုမျိုးကိုသာ ကားမှန်လေးထဲကနေတဆင့် ငေးကြည့်နေမိတော့တယ်။ ကိုမျိုးကတော့ ကြည်လင်နေတဲ့ မျက်နှာလေးနဲ့ ကားကို ဂရုတစိုက်နဲ့ မြန်နိုင်သမျှ အမြန်ဆုံး မောင်းနေတာပေါ့။

 လေးစားခြင်းဖြင့် 

+မြတ်ပန်းနွယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)