ဒို့ ဗိုလ်ချုပ်
အကြောင်းမဲ့ မျက်မှောင်ကြုတ်နေတာ မဟုတ်
ခေါင်းထဲ နယ်ချဲ့ ကို ဘယ်လို တိုက်ထုတ်ရမလဲ
အမြဲတမ်း စဉ်းစားနေခဲ့
တရားအားမထုတ်လဲ
တရုတ်အားထားကာ ခရိုနီတွေနဲ့ ပေါင်းစားဖို့ 
ဘယ်နယ်က ဘယ်လယ်မြေ ဘယ်လိုသိမ်းရမလဲ
စဉ်းစားနေတဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ ဆီနဲ့ ရေလို ကွာတယ်..။
ဒို့ ဗိုလ်ချုပ်
ရိုးရိုးသားသား
ပဲ ပြုပ်နဲ့ နံပြားစားချင်တယ်လို့ ဆိုခဲ့တယ်
လူထု မှာ တဲစုပ်နဲ့ နံကားကာ ဆင်းရဲတဲ့အဖြစ်ကို
ဗိုလ်ချုပ်မြင်ရင် မရိုးမသား ဖောက်ပြန်လာဘ်စားနေတဲ့
ဗိုလ်ချုပ်တစ်သိုက်ကို နရင်းရိုက်လေမလား..။
ဒို့ ဗိုလ်ချုပ်
သူ့ ကိုယ်မှာ အင်္ကျီကို ပိုသီပတ်သီ ၀တ်တတ်ပေမဲ့
တိုင်းပြည် ဦးခေါင်းမှာ ရွှေထီးဆောင်းတာ မြင်ချင်တဲ့ ဗိုလ်ချုပ်
လူတစ်စုက နိုင်ငံရေးကို ဖဲထုပ်ဝေ သလို
အကြံကစားကာ မတော်တရော် ဖောက်ပြန်နေတဲ့ ခေတ်ကို မြင်ရင်
ဒို့ ဗိုလ်ချုပ် က ပွင့်လင်းမြင်သာစွာ ဖော်ထုတ်
ကလော်တုပ်မှာ သေချာတယ်..။
ဒို့ ဗိုလ်ချုပ်
ပေပေတေတေ အညာသားလေးကို
လူရိုသေ ရှင်ရိုသေ ကမ္ဘာက တလေးတစားဖြစ်ခဲ့တာ
ရိုးသားမှုမှာ စံတင်ထားလောက်အောင်
ရိုးရိုးကျင့် မြင့်မြင့်ကြံခဲ့
အင်္ဂလန်ကို အသွားမှာ ၀တ်စရာ အင်္ကျီမရှိလို့ 
သူများက ကုတ်အင်္ကျီကြီး ချုပ်ပေးလိုက်ရတဲ့ ဗိုလ်ချုပ်
ကမ္ဘာပတ်တောင်းစားကာ
ကိုယ့်အိပ်ကပ်ဖောင်းကားအောင်လုပ်နေတဲ့
ဗိုလ်ချုပ်တွေနဲ့ မိုးနဲ့ မြေလိုကွာတယ်..။
ဒို့ ဗိုလ်ချုပ်
နတ်မောက်ကအမေ့ အိမ်ပြန်တော့
အမေ့ထံ ပိုက်ဆံ လက်ဖြန့် တောင်းခဲ့
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နားမှာ
နားကပ်ဟောင်းလောင်းနဲ့ 
စိန်စီတဲ့ ညမှာ
တိုက်ကားတွေနဲ့ မော်ကြွားနေတဲ့ ဗိုလ်ချုပ်ကြီး ကတော်များနဲ့ မတူ
လူထုကြား လမ်းဘေးအကြော်တဲမှာ ထိုင်စားတဲ့ ဗိုလ်ချုပ်
ဖိုက်စတားဟော်တယ်မှာ ဗိုက်ကားအောင်စားတဲ့
အဆီပြန် လာဘ်စားဗိုလ်ချုပ်ကြီးများနဲ့ကွာတယ် ..။
ဒို့ ဗိုလ်ချုပ်
လူထုအတွက် ယုံကြည်ချက်တွေ ရဲရင့် ပြတ်သား ၊
အမှန်တရားမြတ်နိုးတယ်
အဆိုးအမှားတစ်သိုက် ဆင်ဖြူမျက်နှာ ဆင်မဲ့ မကြည့်ဝံ့သလို
လူမိုက်များက ငွေစက္ကူ ပိုက်ဆံပေါ်က
ဗိုလ်ချုပ်ပုံတွေ ခြေရာ ဖျောက်ဖျက်ခဲ့
တိုင်းပြည်ချောက်ထဲ တွန်းချနေတဲ့
ဦးနှောက် စဉ်းစားဥာဏ်တစ်ထွာ တမိုက်နဲ့ ဗိုလ်ချုပ်တစ်သိုက်ကို
ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိရင် ကျောပြင် ဗျောတင်လေမလား..။
ဒို့ ဗိုလ်ချုပ်
ကမ္ဘာမှာ မြန်မာကွရယ်လို့ လက်ခမောင်းခတ် ကြွေးကြော်ဖို့ 
တိုင်းပြည်အတွက် ဘ၀တခုလုံး ပုံအပ်ကာ
ငယ်ရွယ်စဉ်မှာ ကြယ်လို ကြွေလွင့် ခဲ့
ဗိုလ်ရှုပ်တစ်စုကြောင့် အခုများမှာ ကမ္ဘာ့အလယ်
မြန်မာတွေခေါင်းမဖော်ရဲတော့
ကိုယ့်လူမျိုးကို ကျွန်ဇာတ်သွင်းကာ
လယ်မဲ့ ယာမဲ့ဒုက္ခသည်များ နဲ့ 
ပြည်တန်ဆာများတဲ့
စီးပွားရေး မသာယာနိုင်
ဗိုလ်ချုပ် အတိုချုပ်ပြောတဲ့ ဖာနိုင်ငံကြီးဖြစ်ခဲ့
တပ်မတော်ဆိုတာ လယ်မြေသိမ်းဖို့ ဖွဲ့ ခဲ့တာ မဟုတ်တဲ့ အကြောင်း
ကိုယ်ကျိုးမက် အဆီယစ်နေတဲ့ ခေတ်သစ် ဗိုလ်ချုပ်များ ကို
ဆုံးမစကား ပြောလှည့်ပါဦး ဒို့ ဗိုလ်ချုပ်.။.
ဒို့ ဗိုလ်ချုပ်
သစ္စာ သမာဓိကို မြတ်နိုးကာ
မိုးခါးရေ မသောက်ခဲ့
တော်လှန်ရေးဆိုတာ အပျော်အကြံတွေးလို့ မရ
ငတ်မယ် ဆင်းရဲမယ် သေမယ်မှန်းသိလည်း
လူထုကြားမှာ နေကာ တိုင်းရေး ပြည်ရေး လူထုအရေးမို့ 
ကိုယ်ကျိုးစွန့် အသက်ပေးခဲ့
ဒို့  ဗိုလ်ချုပ်
ဗိုလ်ရှုခံသဘင်မှာ မိုးပေါ်က ကျလာသလို
ဗိုလ်ချုပ်ကြီးတွေနဲ့ မခိုင်းနှိုင်းလို ရာဇ၀င် ရိုင်းတယ်..။
လူထုကို အပြစ်တင် အလေးမထားတဲ့ ဗိုလ်ချုပ်ကြီးတွေ လေ့လာဖို့ 
လူထုက အဟုတ်တကယ် ချစ်ခင်လေးစားရတဲ့ ဒို့ ဗိုလ်ချုပ်အကြောင်း ကောက်ကြောင်း ရေးချယ်လိုက်တယ်..။
ေ
+အာင်ခိုင်မြင့်+
(
ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် အမှတ်တရ ဂုဏ်ပြု ကဗျာ )

No comments:
Post a Comment