မှိုဆိုသည်မှာ လူများ ကြိုက်နှစ်သက်စွာ စားသုံးကြသည့် ဟင်းသီးဟင်းရွက် တစ်မျိုးဟု တစ်ကမ္ဘာလုံးက လက်ခံ ထားကြသည်။ မှိုသည် သဘာဝ အလျောက် ပေါက်ရောက်လေ့ ရှိသည်ကို လူတိုင်းလိုလို သိကြသည်။ မှို မျိုးပေါင်းများစွာ ရှိသော်လည်း လူတို့ စားသုံး၍ ရသောမှိုနှင့် စားသုံး၍ မရသောမှို ဟူ၍ နှစ်မျိုး နှစ်စား ရှိသည်။ မြန်မာနိုင်ငံမှ လူ အများစုသည် နိုင်ငံတွင်းမှ ထွက်သည့် ကောက်ရိုးမှိုကိုသာ အဓိက စားသုံးမှု များကြသဖြင့် မှိုကြိုက်သူများ မှိုများအကြောင်း အသေးစိတ် သိနိုင်ရန် ရေးသား တင်ပြ လိုက်ရ ပါသည်။ ကမ္ဘာပေါ်တွင် သဘာဝအလျောက် ပေါက်သော မှိုများမှာ ကောက်ရိုးမှို၊ ဖက်ဆွတ်မှို၊ အင်တိုင်းမှို၊ တောင်ပို့မှို၊ မှိုကြက်တောင်၊ ဇာကွန်ခြာမှို၊ ကြက်တူရွေးမှို၊ ကြွက်နားရွက်မှို၊ မျောက်ခေါင်းမှို၊ သစ်ကပ်မှို၊ မှိုအုန်းနက်၊ မှိုခြေတံရှည်၊ သင်္ကန်းမှို၊ မှိုစုန်း၊ ပဲမှို၊ ဆန်ကွဲမှို၊ စာကလေးမှို၊ ဒေါင်းရဲမှို၊ ညမှို စသည်တို့ ဖြစ်သည်။ လူအများ စားသုံးလေ့ ရှိသည့် မှိုပွင့်ကြီးများကို အင်္ဂလိပ်ဘာသာဖြင့် Mushroom ဟု ခေါ်ပြီး ယင်း စကားမှာ ပြင်သစ် ဘာသာစကားမှ အင်္ဂလိပ် ဘာသာစကားသို့ ဆင်းသက်သွားခြင်း ဖြစ်ကြောင်း သိရသည်။ လူတို့ စိုက်ပျိုး ထုတ်လုပ်သော မှိုများမှာ ကြယ်သီးမှို (Button Mushroom)၊ ငွေမိုး-ငွေနှင်းမှို (Oyster Mushroom)၊ ကောက်ရိုးမှို (Straw Mushroom)၊ ကြွက်နားရွက်မှို (Jelly Mushroom)၊ ထပ်တစ်ရာမှို (Tremella Mushroom)၊ လင်ဇီးမှို (Ling Zhi Mushroom)၊ ရှီတကီမှို (Shiitake Mushroom) စသည်တို့ ဖြစ်သည်။ ယခုအချိန်တွင် စားသုံးမှိုများကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အာဟာရဓာတ် ပြည့်စုံကြွယ်ဝပြီး ဆေးဖက်ဝင်သော ဟင်းသီးဟင်းရွက် တစ်မျိုး အနေဖြင့် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ် စားသုံးနေကြပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက်လည်း စားနပ်ရိက္ခာ ဖူလုံရေး အတွက် အထူး အရေးပါ အရာရောက်သော သီးနှံတစ်မျိုး အဖြစ် စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်၍ ဆောင်ရွက် နေသည်ကို တွေ့ရှိနေပြီ ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း၌ စားသုံးမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက အာဟာရဓာတ် ကြွယ်ဝခြင်း၊ ဆေးဖက်ဝင်ခြင်း၊ အချိန်တိုအတွင်း အရင်းအနှီး အနည်းငယ်ဖြင့် ဝင်ငွေ ပြန်လည်ရရှိနိုင်ခြင်း၊ လယ်ယာလုပ်ငန်း ဘေးထွက်ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ အသုံးချ နိုင်ခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန် ရည်ရွယ်ကာ စားသုံးမှိုကို စိုက်ပျိုးကြခြင်း ဖြစ်သည်။
ကမ္ဘာ အရပ်ရပ်နှင့် ဒေသ အသီးသီးတွင် ပေါက်ရောက် တွေ့ရှိနိုင်သည့် မှို အမျိုးအမည်ပေါင်း ၁၄ဝဝဝဝ ကျော် ရှိသည်ဟု အဆို ရှိသော်လည်း ကမ္ဘာပေါ်ရှိ သိပ္ပံ ပညာရှင်များ၏ လေ့လာမှုများ အရ လက်ရှိအချိန်တွင် မျိုးစိတ် ၁ဝဝဝဝ ခန့် ရှိကြောင်း သိရသည်။ စားသုံးမှိုကို စားသုံးခြင်းဖြင့် လူများ လိုအပ်သည့် ကယ်လိုရီ၊ ကာဗွန်ဟိုက်ဒရိတ် အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်များ ဖြစ်သည့် သိုင်ရာမင်၊ ရိုက်ဗိုဗလေဗင်၊ နိုင်ယာစင်၊ ပင်တိုသင်းနစ်အက်စစ် စသည့် ဗီတာမင် ဓာတ်များ ရရှိကြောင်း သိရသည်။ သတ္တုဓာတ်များ အနေဖြင့် ကယ်လ်စီယမ်၊ ဖော့စဖားရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဇင့် စသည့် ဓာတ်များကို ရရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ မှိုကို စားသောက်ဖွယ်ရာ တစ်ခုအဖြစ် အသုံးပြုကြပြီး ဆေးဝါးအဖြစ် အသုံးမပြုနိုင်သေး သည်ကို တွေ့ရှိရသည်။ အရှေ့တောင်အာရှ နိုင်ငံများတွင် မှိုကို ဆေးဝါးအဖြစ် သုံးစွဲမှု များသဖြင့် တစ်နိုင် တစ်ပိုင် စိုက်ပျိုးမှုများလည်း ပြုလုပ် နေကြကြောင်း သိရသည်။ ။
+သီရိ+
**Public Health**

No comments:
Post a Comment