ကိုက်ညီမှုမရှိတဲ့စနစ်တွေကို
တထပ်ခြင်း တလွှာခြင်းချွတ်ချ
နတ်ပန်းပန်ချင်တဲ့ငရဲတောင်မှ
လမ်းမထက်မှာ အလျင်စလိုတံလျှပ်ထတယ်။
မနက်ဖြန်ဆိုတာတွေကို
ထူးခတ်တုတ်နှောင်ထားလိုက်ပါ
ဗျာပါဒများနေတဲ့ဆန္ဒတွေထဲမှာ
ညနေရောက်တိုင်း သစ္စာပန်းတွေအစီအရီပွင့်ပါစေ။
ချိနဲ့ ဖျော့တော့တဲ့ အရောင်တွေ
ချယ်မှုန်းထားလေတော့
လမ်းအဆုံးမှာ လူလုံးတောင်မှမသဲကွဲချင်တော့ဘူး။
ရောက်တဲ့နေရာမှာပဲ ခဏလောက်ရပ်နေလိုက်
ရုပ်နဲ့ နာမ်ဒွန်တွဲနေခြင်းကြောင့်
လူလို့ သမုတ်ခံရတဲ့အဖြစ်
ကိုယ့်ကိုယ်ကိုသာ ပစ်ပစ်နစ်နစ်ဆဲလိုက်ချင်တော့တယ်။
ခြောက်ပစ်ကင်းသဲလဲစင်ဆိုတဲ့စကား
နားထဲမှာကြားမိခဲ့ရင်
တခါတခါများ အားနာမိပါရဲ့ 
အူယားဖားယား ပြေးပြေးလာတတ်တဲ့အတွေးတွေ
သံသယမ၀င်အောင်လို့ 
ကျောက်ရုပ်ကျောက်ဖျက်ကစားသလို
ခပ်တည်တည်နဲ့ ငြိမ်ငြိမ်ကြီးနေကြပြန်တယ်။
အမဲလိုက်တမ်းကစားတတ်တဲ့ကျားတွေတောင်
တောပြောင်းကုန်ကြပြီတဲ့
ငွေ...ငွေ...ငွေ...ဆိုတဲ့ တနင်္လာနံနောက်ပြေးလိုက်ရင်း
သောကြာနေ့ တိုင်းမှာ ခဏခဏမှောက်ရက်လဲရတယ်။
အသပြာမကြိုက်တာ
ကောင်းကင်တခုပဲရှိလိမ့်မယ်ထင်တယ်
တခွက်စာလွဲခဲ့တဲ့အလွဲဟာ
ဝီစကီစကားဝိုင်းထဲက ဘေးရောက်အောင်တွန်းပို့ တယ်
ခလုပ်ကိုဘယ်သူ ပိတ်သွားမှန်းတောင်မသိလိုက်ရဘူး။
နေမ၀င်အင်ပါရာထူထောင်ချင်တဲ့စိတ်
တရိပ်ရိပ်ပျောက်ကုန်လို့ 
လမ်းတလျှောက် တွဲလဲခိုစီးလာတဲ့ဘေးလွယ်အိတ်
သွန်မှောက်လှန်ချလိုက်ရင် အကန်းတွေ တလှေကြီးမြင်ရမယ်
ကိုယ့်ကိုယ်ကိုပြန်ရှာကြည့်တော့
သုညတွေဟာထိုးထိုးထောင်ထောင်နဲ့  ။ ။
+မိုးသူ(တောင်ကြီး)+ ခေတ်ကိုက အသံစုံမြည်နေတာ

+မိုးသူ(တောင်ကြီး)+

No comments:
Post a Comment