ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 5, 2015

=စပျစ်ခင်းထက်က လက်ထပ်ပွဲ=

>
၂၀၁၃ခုနှစ် နိုဝင်ဘာလ၏ နောက်ဆုံးနေ့ရက် ညနေချိန်သည် နွေးထွေးသော နေရောင်အောက်တွင် လှပနေခဲ့သည်။ ကျမရောက်ရှိနေသောနေရာသည် သြစတြေးလျနိုင်ငံ၊ သြစတြေးလျတောင်ပိုင်းပြည်နယ်ရှိ အက်ဒီလိတ် တောင်ကုန်းများထက်မှာဖြစ်သည်။ ကမ္ဘာ့တောင်ခြမ်းဒေသများ၏ နွေဦးအခါသမယသည် အာရှနှင့်ဥရောပနိုင်ငံများကဲ့သို့ မတ်-ဧပြီ-မေလများမဟုတ်ဘဲ စက်တင်ဘာ-အောက်တိုဘာ-နိုဝင်ဘာလများဖြစ်သည်။ အရောင်စုံပန်းများဖူးပွင့်ချိန်၊ နွေလယ်ခေါင်ကဲ့သို့လည်း မပူပြင်းသောအချိန်ဖြစ်၍ ကြည့်လေရာရာ ၀န်းကျင်တစ်ခွင်မှာ သာယာလှပပြီး ရာသီဥတုသည်လည်း နေလို့ကောင်းရုံ၊ သင့်တင့်ရုံသာ ပူနွေးလျက်ရှိသည်။ ထို့ကြောင့်ပင် Down Under ဟု တင်စားခေါ်ဝေါ်ကြသော ကမ္ဘာ့တောင်ခြမ်းက သြစတြေးလျနှင့်နယူးဇီလန်နိုင်ငံများ၏ နွေဦးကာလအခါသမယသည် လက်ထပ်မင်္ဂလာပွဲကို ဆင်နွှဲရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု ကျမယူဆမိပါသည်။ အသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်အနေနှင့် လွန်ခဲ့သောနှစ်များအတွင်း ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်အသီးသီးတို့၏ လက်ထပ်မင်္ဂလာဧည့်ခံပွဲအမြောက်အမြားကို ကျမတက်ရောက်ခွင့်ကြုံခဲ့သည်။ လက်မှတ်ရေးထိုးပြီးသော မြန်မာဗုဒ္ဓဘာသာဝင် မင်္ဂလာမောင်နှံက ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးနေ့ဆွမ်းကပ်ပြီး၊ ညနေပိုင်းတွင် ဟိုတယ် သို့မဟုတ် စားသောက်ဆိုင်ကြီးတစ်ခုခုမှာ ဧည့်ခံကျွေးမွေးကြသလို ခရစ်ယာန်ဘာသာဝင်များက ဘုရားရှိခိုးကျောင်းတွင် လက်ထပ်မင်္ဂလာပွဲကို ဆင်နွှဲကြသည်။ စင်ကာပူနိုင်ငံမှ တရုတ်လူမျိုး လုပ်ဖော်ကိုင်ဖက် အများစုကတော့ လက်မှတ်ရေးထိုးပြီး အချိန်ကာလတစ်ခုကြာ ပိုက်ဆံစုပြီးမှ ကိုယ့်အတိုင်းအတာနှင့်လက်လှမ်းမှီရာ ဟိုတယ်မှာ ဆွေမျိုးမိတ်ဆွေများကိုဖိတ်ပြီး နေ့လယ်စာ သို့မဟုတ် ညနေစာဖြင့် တည်ခင်းဧည့်ခံလေ့ရှိကြသည်။ ကျမ တက်ရောက်ခဲ့ဖူးသမျှ မင်္ဂလာဆောင်ဧည့်ခံပွဲ အားလုံးလိုလို အမိုးအကာအောက်က indoor ခန်းမများအတွင်း၌သာ ပြုလုပ်ကျင်းပကြခြင်းဖြစ်သည်။ ဟောလီးဝုဒ်ရုပ်ရှင်ကားတချို့ထဲက indoor မဟုတ်သည့် ကမ်းခြေလို၊ ဥယျာဉ်ပန်းခြံထဲမှာလို outdoor နေရာလှလှများမှာ ကျင်းပသည့် လက်ထပ်ပွဲများကိုကြည့်ရင်း တစ်ခါလောက် အမိုးအကာမဟုတ်သော လေဟာပြင်မှာ မင်္ဂလာဆောင်သည့် outdoor wedding ကို မျက်မြင်ကိုယ်တွေ့ တက်ရောက်ချင်သည့်ဆန္ဒများ ကျွန်မမှာ ဖြစ်ပေါ်ခဲ့ဖူးသည်။ နှစ်အနည်းငယ်ကြာပြီး သည့်နောက်တွင် ကျမဆန္ဒပြည့်ဝရန် အကြောင်းဖန်လာခဲ့သည်။ သြစတြေးလျနိုင်ငံတွင် မွေးဖွားကြီးပြင်းသောဝမ်းကွဲညီမ၏ မင်္ဂလာဆောင်ကို ကျမတက်ရောက်ရန် ဖိတ်စာလက်ခံရရှိခဲ့သောကြောင့်ဖြစ်သည်။ ခေတ်မီတိုးတက် ဖွံ့ဖြိုးသော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်သော်လည်း အီးမေးလ်မသုံးဘဲ မင်္ဂလာဆောင်ဖိတ်စာကို ရပ်နီးရပ်ဝေးနိုင်ငံရပ်ခြားရှိ ဆွေမျိုးများအားလုံးထံ စာတိုက်မှ လှမ်းပို့ပေးခြင်းဖြစ်သည်။ ကျမမင်ဖူးသမျှ ဖိတ်စာထဲတွင် အရိုးရှင်း၊ အဆန်းပြားဆုံးဖြစ်သည်။ ဖောင်းကြွတွေ၊ ဖဲကြိုးတွေ တစ်ခုမှမပါသော ကနုတ်ဒီဇိုင်းအောက်ခံသာမန် လေးခေါက်ချိုးကျမ ဆိုရခြင်းဖြစ်သည်။ သို့သော် ထိုလေးခေါက်ချိုးကတ်ပြားပေါ်တွင် ရေးသားပုံနှိပ်ထားသော အကြောင်းရာတချို့သည် အခြားဖိတ်စာများနှင့်မတူ တစ်မူထူးခြား ကွဲပြားနေခဲ့ပါသည်။ ရှစ်မျက်နှာပါ ပထမဆုံးမျက်နှာစာခေါက်ချိုးကတ်ပြားပေါ်တွင် သတို့သမီးနှင့်သတို့သားတို့ ချစ်သူသက်တမ်း၅နှစ်အတွင်း ဖြတ်သန်းအရေးပါခဲ့သော နေရာဌာနအမျိုးမျိုးမှ နှစ်ယောက်တွဲ ဓာတ်ပုံ၁၄ပုံကို အသေးချုံ့ပြီး ရိုက်နှိပ်ထားသည်။ နောက်စာမျက်နှာများတွင် ဘွဲ့ဒီဂရီများ မပါဝင်သော သတို့သား၊ သတို့သမီးအမည်နှင့်အတူ မင်္ဂလာနေ့ရက်အချိန်နေရာ၊ လမ်းညွှန်ဖော်ပြချက်အပြည့်အစုံ၊ နိုင်ငံတကာမှ တကူးတက လာရောက်ပြီး တက်ရောက်ချီးမြှင့်ကြမည့် ဧည့်သည်များအတွက် တည်းခိုနားနေနိုင်မည့် အဆောင်များ၏ တည်နေရာနှင့် သတင်းအချက်အလက်များ၊ မင်္ဂလာဆောင်တက်ရောက်ဖြစ်မဖြစ် ကြိုတင်အကြောင်းကြားနိုင်ရန် သတို့သား၊ သတို့သမီးနှစ်ဦးစလုံး၏ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်နှင့် အိမ်လိပ်စာတို့ကို ဖော်ပြထားသည်။ အဲသည်အထိကတော့ သာမန်တွေ့ဖူး၊ မြင်ဖူးနေကျဖိတ်စာများနှင့် အတူတူဖြစ်သော်လည်း အဲသည့်နောက်ပိုင်းတွင် ဖော်ပြပါရှိသည့်ခေါင်းစဉ်နှင့်စာပိုဒ်လေးက အနည်းငယ်ထူးခြား ချစ်စရာကောင်းလှပါသည်။ လက်ဖွဲ့ ‘Gifts’ ဟူသော ခေါင်းစဉ်အောက်မှာ မင်္ဂလာမောင်နှံအတွက် လက်ဖွဲ့ပေးစရာမလိုအပ်ပါကြောင်း၊ အက်ဒီလိတ်အထိ တကူးတကလာရောက်ပြီး မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးသည်ကပင် သူတို့နှစ်ယောက်လုံးအတွက် တန်ဖိုးမဖြတ်နိုင်သော မင်္ဂလာလက်ဖွဲ့ဖြစ်ပါကြောင်း၊ အကယ်၍ အမှတ်တရ လက်ဖွဲ့တစ်ခု မဖြစ်မနေ ပေးအပ်ချင်သော ဆန္ဒပြင်းပြနေပါသေးသည်ဆိုက သူတို့နှစ်ဦး၏ပျားရည်ဆမ်းခရီးအတွက် အနည်းငယ်မျှသော ငွေပမာဏကိုသာ ထည့်ဝင်ပေးစေချင်ကြောင်း… ရိုးသားလေးစားစွာ ရေးသားတောင်းဆိုထားသည်။ မြန်မာဖိတ်စာ အနည်းငယ်တွင် တွေ့ရသော “လက်ဖွဲ့ပေးခြင်း သည်းခံပါ” ဆိုသော တိုပြတ်ပြတ် အမိန့်ဆန်ဆန် စာသားထက် သူတို့ရေးသားတောင်းဆိုပုံလေးကို ကျမပိုနှစ်သက်မိတာ အမှန်ပင်ဖြစ်သည်။ နောက်ဆုံးစာမျက်နှာမှာတော့ အက်ဒီလိတ်မြို့တွင် မင်္ဂလာဆောင်တက်ရောက်ရင်း ပိတ်ရက်ရှည်ယူပြီး လည်ပတ်ရန်ကြံစည်စိတ်ကူးထားသူများအတွက် သတို့သားနှင့်သတို့သမီးတို့ သွားရောက်လည်ပတ်လေ့ရှိသော အနှစ်သက်ဆုံး နေရာ၁၀ခုကို ရေးသားဖော်ပြထားခြင်းဖြင့် အဆုံးသတ်ထားပါသည်။ သတို့သားရော သတို့သမီးပါ ဆစ်ဒနီဇာတိများဖြစ်သည့်အတွက် နှစ်ဖက်သောမိဘဆွေမျိုးအသိုင်းအ၀ိုင်းအားလုံးမှာ ဆစ်ဒနီမြို့ခံများ ဖြစ်ကြသည်။ အလုပ်တာဝန်အရ ကင်ဘာရာနှင့် ဘရစ္စဘိန်းမြို့များမှာ နေထိုင်သော မောင်နှမတချို့လည်း ရှိသည့်အတွက် အက်ဒီလိတ်သည် အားလုံးအတွက် တကူးတက လေယာဉ်ပျံစီးသွားမှ ရောက်နိုင်သည့်နေရာမျိုးဖြစ်သောကြောင့် ရောက်သည့်အခိုက်လည်ပတ်ရန် မင်္ဂလာမောင်နှံက အကြံပြုထားခြင်းဖြစ်သည်။ ဖိတ်စာမှာ အဲသည့်စိတ်ကူးလေးကို ထည့်သွင်းဖို့ သတိရသည့် သူတို့နှစ်ယောက်ကို ကျမချီးကျူးမိသည်။ ကံကောင်းထောက်မစွာဖြင့် ကျမ၏အထက်တန်းကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်မှာ အက်ဒီလိတ်တွင် နေထိုင်သူဖြစ်ရာ သူ့အိမ်မှာပဲ ကျမရက်အနည်းငယ်တည်းခိုကာ အက်ဒီလိတ်တစ်ဝိုက် လည်ပတ်ရင်း၊ မင်္ဂလာဆောင်ကိုတက်ရောက်ရန် အစီအစဉ် ဆွဲလိုက်သည်။ မင်္ဂလာပွဲကျင်းပရာနေရာသည် မြေပြန့်များသောအက်ဒီလိတ်မြို့၏ အမြင့်ဆုံးကုန်းမြေဧရိယာဖြစ်သော အက်ဒီလိတ်တောင်ကုန်းထက်က စပျစ်ခြံထဲမှာဖြစ်သည်။ သြစတြေးလျတောင်ပိုင်းတွင်ရှိသော အက်ဒီလိတ်မြို့သည် တည်နေရာနှင့်ရာသီဥတုအရ စပျစ်ပင်များ စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းသောဒေသဖြစ်သည်။ တစ်နိုင်ငံလုံး၏ စပျစ်ဝိုင်ထုတ်လုပ်နှုန်း ထက်ဝက်ကျော်သည် အက်ဒီလိတ်မှ ထွက်ရှိခြင်းဖြစ်သည်။ နိုင်ငံအတွင်းမှ စပျစ်ဝိုင်ချစ်သူများသည် အက်ဒီလိတ်ရှိ စပျစ်ခြံစိုက်ခင်းများသို့ တကူးတက လာရောက်ပတ်ကာ ၀ိုင်မြည်းစမ်းသောက်သုံးလေ့ရှိကြသည်။ ကျမ၀ိုင်မသောက်သော်လည်း စပျစ်ခင်းထက်က outdoor wedding ကို တက်ရောက်ခွင့်ရမည့်အရေး ကြိုတွေးရုံနှင့် ပျော်ရွှင်ခဲ့ရသည်။ ညနေ၆နာရီတွင် ကျင်းပမည့် လက်ထပ်မင်္ဂလာပွဲမတိုင်ခင် တစ်နာရီအလိုတွင် နှစ်ဖက်သော ဆွေမျိုးမိတ်သင်္ဂဟများအားလုံး စပျစ်ခင်းထက်မှာ ရောက်ရှိဆုံဆည်းနေခဲ့ပြီဖြစ်သည်။ နွေဦးညနေခင်းဖြစ်သောကြောင့် မင်္ဂလာဆောင်တက်ရောက်လာသူ ဧည့်ပရိတ်သတ်များအားလုံးလိုလို ပကာသနမဖက်သော သပ်ရပ်ပေါ့ပါးသော ၀တ်စုံများသာ ၀တ်ဆင်လာသည်ကို တွေ့ရသည်။ စပျစ်ပင်များခြံရံထားသော မင်္ဂလာနေရာကို အရင်ဆုံးကြည့်ကြ၊ ဓာတ်ပုံရိုက်ကြသည်။ စပျစ်ခင်းတစ်ခုလုံးကို လှမ်းမြင်ရသော ကုန်းမြင့်ထက်က မြက်ခင်းစိမ်းပေါ်မှာ နှစ်ချို့ဝိုင်စည်ကြီးသုံးလုံး အကွာအဝေးတူညီစွာ ရှိနေသည်။ စည်တစ်ခုချင်းစီပေါ်မှာ လက်ထပ်မင်္ဂလာပွဲကို ကိုယ်စားပြုသည့် လှပကြံ့ခိုင်သော ပန်းစည်းတစ်ခုစီ တင်ထားသည်။ သတို့သမီးလျှောက်လှမ်းမည့် အပျိုစင်လမ်းခေါ် Virgin Road ၏ ဟိုဘက်ဒီဘက် တစ်ဖက်တစ်ချက်စီတွင် ဧည့်သည် အယောက် ၅၀စီ ထိုင်နိုင်သော ခုံတန်းများ စီရရီချထားသည်။ နွေရာသီတွင် နေ၀င်နောက်ကျာထိုင်ခုံအနီးတွင် ထီးအမိုးအချို့ ချထားပေးသည်။ ထိုင်ခုံပေါ်တွင် ကျေးဇူးတင်လွှာနှင့် နာရီဝက်ကြာ လက်ထပ်မင်္ဂလာအခမ်းအနား အစီအစဉ် အပြည့်အစုံပါဝင်သော ဖိတ်စာတစ်စောင်စီ ချထားပေးသည်ကို တွေ့ရသည်။ အခမ်းအနားမစခင် သတို့သားနှင့် လူပျိုအရံများက ၀ိုင်စည်တစ်ဖက်တစ်ချက်တွင် နေရာယူပြီး အလယ်တွင် ဘုန်းတော်ကြီး ဇေဗီယာက အသင့်ပြင်အနေထားနှင့် ရပ်နေသည်။ အခမ်းအနားစသည်နှင့် တီးဝိုင်းမှ At Last ဆိုသော ဂီတသံကို တီးခတ်ပြီး အဆိုတော်အမျိုးသမီးက စတင်သီဆိုဖျော်ဖြေပါသည်။ သတို့သမီးမထွက်လာခင် သတို့သမီး၏တူမလေးဖြစ်သော လက်စွပ်ဗန်းကိုင် ၂နှစ်သမီးငယ်လေးက မိဘနှစ်ပါးခြံရံလျက် အဦးဆုံးထွက်လာသည်။ ခဏအကြာတွင် လက်ထပ်မင်္ဂလာသံစဉ်သို့ ပြောင်းလဲတီးခတ်လိုက်သံနှင့်အတူ ပန်းစည်းကိုင်ဆောင်ထားသော သတို့သမီးအား မိခင်နှင့်ဖခင်နှစ်ဦးက လက်မောင်းတစ်ဖက်တစ်ချက်စီ ကိုင်တွယ်လျက် ထွက်လာသည်ကို တွေ့ရသည်မှာ အမြင်တစ်မျိုးဆန်းနေပါသည်။ သတို့သမီးနောက် မလှမ်းမကမ်းတွင် အပျိုရံသူငယ်ချင်းနှစ်ဦး လိုက်ပါလာသည်။ တစ်ဖက်သျှိုဆံထုံးနှင့်မြန်မာသွေးပါသောအော်စီဖွားကပြားမလေး၏ သတို့သမီးဝတ်စုံက ကျမအပါအ၀င် မင်္ဂလာပွဲလာသူ အမျိုးသမီးတိုင်း၏ အာရုံကို ဖမ်းစားထားခဲ့သည်။ သူ့အရပ်အမောင်းနှင့်လိုက်လျောညီစွာ ချပ်ချပ်ရပ်ရပ် အပေါ်ပြတ်အဖြူရောင်ဂါဝန်ရှည်တစ်ထည်သာဖြစ်သော်လည်း ဂါဝန်ပေါ်က ပန်းပွင့်များက မြန်မာကပြားမိခင်ဇာတိ မြန်မာနိုင်ငံကို ကိုယ်စားပြုသော ပိတောက်ပန်းနှင့် တရုတ်လူမျိုးဖခင် ဇာတိမလေးရှားကို ကိုယ်စားပြုသော ခေါင်ရမ်းပန်းတို့ဖြစ်နေခဲ့သည်။ သြစတြေးလျနိုင်ငံတွင် မွေးဖွားကြီးပြင်းသူဖြစ်သော်လည်း မိဘဘိုးဘွားများ၏ ဇာတိနိုင်ငံအား သတိတရ အလေးထားကြောင်း သတို့သမီးဝတ်စုံဖြင့် သက်သေပြခဲ့သည့် ညီမလေးကို ကျမချစ်ခင်ကျေးဇူးတင်ရပါသည်။ ၀တ်စုံအပါအ၀င် ပန်းပွင့်များအားလုံးကို ဒီဇိုင်းနာက လက်ဖြင့် တစ်ပွင့်ချင်း စိတ်ရှည်လက်ရှည် ပုံဖော်ချူပ်လုပ်ပေးခဲ့ရသဖြင့် မင်္ဂလာပွဲမစခင် နာရီဝက်အလိုမှ အားလုံးပြီးစီးသွားသောကြောင့် သတို့သမီးခမျာ စိတ်ဖိစီးမှုရခဲ့သေးကြောင်း နောင်မှ ပြန်သိခဲ့ရသည်။ မိဘနှစ်ပါးက သတို့သမီးအား သတို့သားလက်ကို ယုံယုံကြည်ကြည် အပ်နှံပေးပြီးသောအခါ ဘုန်းတော်ကြီးဇေဗီယာက လက်ထပ်မင်္ဂလာပွဲကို စတင်ဦးဆောင်ကျင်းပပေးပါသည်။ မင်္ဂလာမောင်နှံတို့ အပြန်အလှန် ကတိသစ္စာပြု၊ လက်စွပ်လဲလှယ်ပြီး လက်မှတ်ရေးထိုးချိန်တွင် တီးဝိုင်းမှ You are the Sunshine of my Life နှင့် What a wonderful World သီချင်းများကို သာယာငြိမ့်ညောင်းစွာ တီးခတ်ဖျော်ဖြေပေးသည်။ ဘုန်းတော်ကြီးဇေဗီယာမှ ကြင်စဦးဇနီးမောင်နှံအတွက် ဆုတောင်းမေတ္တာပို့သပြီး နိဂုံးချူပ်အဆုံးသတ်ချိန်တွင် Fly Me to the Moon သီချင်းသံစဉ်လေး ထွက်ပေါ်လာခဲ့သည်။ လက်ထပ်မင်္ဂလာပွဲ ပြီးဆုံးအောင်မြင်သည့် အထိမ်းအမှတ်အနေနှင့် ချိစ်ဖြင့်ပြုလုပ်ထားသော မင်္ဂလာကိတ်မုန့်ကို ခွဲစားပြီး နှစ်ဖက်ဆွေမျိုးများအားလုံးနှင့် စပျစ်ခင်းထက်မှာ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ မင်္ဂလာဧည့်ခံပွဲကို လက်ထပ်ပွဲဆင်နွှဲကျင်းပခဲ့သော စပျစ်ခင်းထဲက စားသောက်ဆိုင်မှာပင် ညစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါသည်။ အဓိကစားဖွယ်နှစ်မျိုးအနက်မှ မိမိနှစ်သက်ရာတစ်မျိုးကိုမှာနိုင်ရန် စားပွဲပေါ်တွင် ကျွေးမွေးမည့်အစားအသောက်မီနူးကို ဧည့်သည်တစ်ယောက်လျှင် တစ်စောင်နှုန်းချထားပေးသည်ကို တွေ့ရသည်။ ကျမမင်တွေ့နေကျစားပွဲဝိုင်းမျိုးမဟုတ်ဘဲ တစ်ဘက်လှင် လူ၁၀ယောက်နှုန်းဖြင့် ဧည့်သည်အယောက် ၂၀ခန့် မျက်နှာချင်းဆိုင် စီတန်းထိုင်နိုင်သော လေးထောင့်စားပွဲရှည်များဖြစ်သည်။ ည၈နာရီတွင် ညစာစားပွဲစတင်ကျင်းပပါသည်။ သတို့သား၏ အခင်ဆုံးသူငယ်ချင်းနှင့် အစ်မဖြစ်သူတို့က ညစာစားပွဲတလျှောက် အခမ်းအနားအစီအစဉ်မှူးများအဖြစ် ဆောင်ရွက်ပြီး ဆွေမျိုးတော်စပ် သွားပြီဖြစ်သော နှစ်ဖက်မိဘနှင့် မောင်နှမများကို ရင်းနှီးနွေးထွေးစွာ အပြန်အလှန်မိတ်ဆက်ပေးကြသည်။ သတို့သား၏အကျင့်စရိုက်လက္ခဏာများနှင့်ပတ်သက်ပြီး သတို့သားဖခင်နှင့်ညီငယ်တို့က အရွှန်းဖောက်၍ ပြောကြားပေးသလို သတို့သမီး၏ ဖခင်နှင့်အစ်မတို့ကလည်း ငယ်စဉ်ကလေးဘ၀မှစပြီး ဆရာဝန်ဖြစ်သည့်တိုင်အောင် သမီးဖြစ်သူနှင့်ပတ်သက်သော အမှတ်ရစရာများကို ပြန်ပြောင်းပြောဆိုကြသည်။ မင်္ဂလာမောင်နှံမှ မိမိအားမွေးဖွားကြီးပြင်းမြေတောင်မြှောက်ပေးခဲ့သော အဘိုးအဘွား၊ မိဘနှစ်ပါးနှင့်ညီအစ်ကိုမောင်နှမအယောက်တိုင်းကို ချစ်ခင်လေးစား ကျေးဇူးတင်ကြောင်းပြောသည့်ကဏ္ဍကို ကျွန်မအနှစ်ခြိုက်ဆုံး ဖြစ်သည်။ စတင်တွေ့ဆုံခါစ အမှတ်တရများမှသည် တစ်သက်တာအဖော်အမွန်အဖြစ် လက်တွဲဖို့ရာ ဆုံးဖြတ်ချက်ချခဲ့သည့်အကြောင်းရာများကို သတို့သားနှင့်သတို့သမီးတို့ အပြန်အလှန် ဖွင့်ဟပြောပြသည်ကို နားထောင်ရသည်မှာလည်း ကြည်နူးစိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ညစာစားပွဲတွင် နောက်ဆုံးအချိုပွဲလာချပြီးသည့်အခါမှ ခန်းမအတွင်းရှိ ခေတ်ပေါ်တီးဝိုင်းက စတင်တီးခတ်ဖျော်ဖြေပါသည်။ သတို့သားက မင်္ဂလာဦးလက်ဖွဲ့အဖြစ် သတို့သမီး အံ့အားသင့်စေရန် ပရက်စလေ၏ Can’t Help Falling in Love With You သီချင်းကို စင်ပေါ်မှာ ကျကျနန တက်ရောက်သီဆိုပြတာမြင်တော့ သတို့သမီးလေး တကယ်ပဲ အံ့သြ၀မ်းသာသွားခဲ့သည်။ အဲသည့်နောက်မှာ သီချင်းသံခပ်မြူးမြူးလေးတွေ တီးခတ်ပြီး ကခုန်ပျော်ရွှင်ကြသည်။ အပြန်အလှန် မေတ္တာစစ်ဖြင့် စုံညီပေါင်းဖက်ကြသော ထိုလက်ထပ်မင်္ဂလာပွဲကို တက်ရောက်သူတိုင်း မင်္ဂလာဇနီးမောင်နှံနှင့်ထပ်တူ ကြည်နူးပျော်ရွှင်မှုတွေ ကူးစက်ခံစားလိုက်ရသည်။ ည ၁၁နာရီခွဲမှ ဧည့်ခံပွဲ ပြီးဆုံးပါသည်။ သြစတြေးလျနွေဦးတွင် ကြုံခဲ့ရသော သြစတြေးလျန်းမင်္ဂလာဆောင်သည် အနောက်နိုင်ငံက မင်္ဂလာဆောင်များနှင့် ဆင်တူသော်လည်း ကွဲပြားခြားနားမှု အနည်းငယ် ရှိကောင်းရှိနိုင်ပါသည်။ စေ့စပ်ကြောင်းလမ်း၊ လက်ထပ်မင်္ဂလာ၊ မင်္ဂလာဦးဆွမ်းကျွေး၊ ဟိုတယ်ဧည့်ခံပွဲ၊ ညစာစားပွဲ စသည်ဖြင့် အကုန်အကျခံနိုင်လျှင် ခံနိုင်သလောက် ပွဲအရေအတွက်များသော မြန်မာမင်္ဂလာဆောင်များနှင့်ယှဉ်လျှင်တော့ အလွန်ပင် ကွာခြားသည်ဟု ဆိုနိုင်ပါသည်။ လက်မှတ်ရေးထိုးခြင်း၊ လက်စွပ်လဲလှယ်ခြင်း၊ ဧည့်ခံပွဲကျင်းပခြင်းအားလုံးကို တစ်နေရာတည်းမှာသာ ပြုလုပ်ကျင်းပသွားသဖြင့် ကာယကံရှင် သတို့သား၊သတို့သမီးအတွက်ရော နှစ်ဖက်မိဘ ဆွေမျိုးအသိုင်းအ၀ိုင်း မိတ်ဆွေများအတွက်ပါ အချိန်ကုန် လူပင်ပန်းသက်သာစေသည်ဟု ကျမမြင်ပါသည်။ လက်ထပ်ပွဲအကြို ဓာတ်ပုံရိုက်ခြင်းအတွက်လည်း သီးခြားအကုန်မခံတော့ဘဲ မင်္ဂလာဆောင်သည့်နေ့မှာပင် ဓာတ်ပုံဆရာနှင့် စပျစ်ခင်းများအတွင်း ဓာတ်ပုံတွဲရိုက်ခြင်းအားဖြင့် ရက်ချိန်းသပ်သပ် ယူစရာမလို၊ ၀တ်စုံသီးခြားငှားစရာမလို၊ ပိုက်ဆံလည်း အပိုမကုန်ကျတော့သဖြင့် အတိုင်းအတာတစ်ခုအထိ ချွေတာရာရောက်ပြီးသား ဖြစ်သွားပါသည်။ အနောက်တိုင်းဆန်သော မင်္ဂလာဆောင်များတက်ရောက်ရာတွင်ကျမအနှစ်သက်ဆုံးအချက်မှာ ဟန်ဆောင်ပကာသနဖက်သော အဆင်တန်ဆာ လက်ဝတ်ရတနာတွေ မလိုအပ်ခြင်းဖြစ်သည်။ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ၊ ကြောင့်ကြပူပန်ခြင်းကင်းစွာဖြင့် မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်နိုင်ခြင်းသည်ပင် မင်္ဂလာအစစ်ဖြစ်သည်ဟု ကျမ ယုံကြည်ပါသည်။ ကျမတက်ရောက်ဖူးသမျှ လက်ထပ်မင်္ဂလာပွဲအားလုံးအနက် သြစတြေးလျတောင်ပိုင်းရှိ အက်ဒီလိတ်ကုန်းမြင့်ထက်က စပျစ်စိုက်ခင်းမှာ ကျင်းပဆင်နွှဲခဲ့သော လက်ထပ်မင်္ဂလာပွဲသည် အရိုးရှင်းဆုံးနှင့် ပျော်စရာအကောင်းဆုံးဖြစ်ခဲ့သည်။ နှစ်အနည်းငယ် လွန်မြောက်သည့်တိုင် ပကာသနမဖက်သော၊ ချစ်ခြင်းမေတ္တာအတိဖြင့် ထုံလွှမ်းနေသော၊ မင်္ဂလာမောင်နှံနှင့်ထပ်တူ ပျော်ရွှင်ကြည်နူးမှုကို စီးမြောခံစားရသော စပျစ်ခင်းထက်က ထိုလက်ထပ်ပွဲကို ကျမသတိတရရှိနေဆဲပင်။

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+ဇွန်မိုးစက်+

 (အပျိုစင်မဂ္ဂဇင်း၊ ၂၀၁၅ခုနှစ် အောက်တိုဘာလ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)