“ဟော… ဆရာကြီး ရောက်လာပြီလား၊ ကြွပါခင်ဗျား ကြွပါ၊ ဆရာကတော်ကော မပါဘူးလားခင်ဗျာ့၊ ကျနော်တို့က လာမှလာပါ့မလားလို့ တမျှော်မျှော်နဲ့ပါ”ဟူ၍ လည်းကောင်း၊ “ဆရာကြီးခင်ဗျား၊ နက်ဖြန် အရှေ့ပိုင်းအ လှူမဏ္ဍပ်မှာ ရပ်ကွက်လူကြီး ဦးသာဗျောတို့ ဦးဘိုးလူတို့နဲ့အတူ စင်မြင့်ကဧည်ခံဖို့ ဆက်ဆက်ကြွခဲ့ပါခင်ဗျာ”ဟူ၍ လည်းကောင်း၊ “လပြည့်နေည ဈေးပိုင်း ကုသိုလ်တော် ဘုရားကိုးဆူ ပူဇော်ပွဲမှာ ဈေးရပ် ၀တ်ရွတ်စဉ်အသင်းနဲ့ ဆရာကြီး တစ်ပါတည်း ကြွပါခင်ဗျာနော်”ဟူ၍ လည်းကောင်း၊ မြို့မအလယ်ရပ်နှင့် ဈေးပိုင်းရပ်တို့တွင် အလွန်လူသိများ၍ မပါလျှင် မဖြစ်သလောက်
ဆရာကြီးက ရေပန်းစားနေသည်။
နယ်တွင် အခြေအနေအရပ်ရပ် မငြိမ်မသက်မအေးချမ်း၍ ဆရာကြီးတို့မိသားစု မြို့သို့ ပြောင်းရွှေ့လာကြပြီး ဆရာကြီး၏ ဇနီးနှင့် သမီးနှစ်ယောက်တို့က ကုန်စုံဆိုင်ကလေးဖွင့်ကာ ရောင်းဝယ်လုပ်ကိုင်ကြလျက် ဆရာကြီးကမူ ငါးရာ့ငါးတယ်နိပါတ်တော် စာအုပ်ကြီးနှင့် သင်္ဂြိုဟ်ပါဠိများကို စာအုပ်ကိုင်လိုက်၊ အာဂုံရွတ်လိုက်ဖြင့် ရပ်ရွာကိစ္စများတွင် စီမံခန့်ခွဲ ဆရာလုပ်နေလေ့ရှိသော ဆရာကြီးမိသားစု ဖြစ်သည်။
မြို့နှင့် ဆရာကြီးတို့၏ သပြေသာရွာမှာ မိုင် ၂၀-ကျော်မျှဝေးသည်။ မော်တော်လော်ရီကားများဖြင့် ကူးသန်းသွားလာ ရောင်းဝယ်ကြရသည်။ ဆရာကြီးကမူ မြို့နှင့် နေရင်းဇာတိရွာ မကြာမကြာ ကူးနေသည်။ မကူး၍လည်းမဖြစ် မကြာခဏဆိုသလို ရွာသားများ ဆရာကြီးထံ လာပြီး ခေါ်ကြ၊ ပင့်ကြသောကြောင့် လွယ်အိတ်ညိုကလေးနှင့် မမြင်ရသော လေးတွဲ့တွဲ့ပစ္စည်းများထည့်ကာ နေ့ချင်းပြန်လိုက်၊ တစ်ညနှစ်ညအိပ်လိုက်နှင့် သွားနေရသည်။
ဘ်ာရယ်ဟူ၍တော့ မသိရ၊ ဆရာကတော်ဟု အရပ်က ခေါ်ကြသည့် ၄င်း၏ဇနီးက “ဆရာကြီး၊ ဆရာကြီး”ဟု တစ်ဆရာကြီးတည်း ကြီးကာ ခေါ်ဝေါ် ပြောဆိုသုံးနှုံး ဆက်ဆံနေသောကြောင့် ကြာသော် ပတ်ဝန်းကျင် အိမ်နီးချင်းများက နားယဉ်၍ သူ့ဇနီးခေါ်သည့်အတိုင်း လိုက်ခေါ်ကြရာမှ တစ်ရပ်ကွက်လုံးက ဆရာကြီး မိတ်ဆွေသစ်များကလည်း ဆရာကြီးဟူ၍ သံယောက်သံထပ် လိုက်ကာခေါ်ကြသည်။
ဆရာကြီးက သဘောကောင်းသည်။ စေတနာလည်း ကောင်းသည်။ ရပ်ကွက်အတွင်း အလှူမင်္ဂလာဆောင်၊ ဘုရားကိုးဆူ၊ ကထိန်ပွဲများဆိုပါက သူတတ်နိုင်ရာဘက်က စိတ်ရောကိုယ်ပါ ဆောင်ရွက်သည်။ ၄င်းပြင် ကိုယ်တိုင်က လုပ်သကဲ့သို့ သူများကိုလည်း အရာရာ စီမံခန့်ခွဲလေ့၊ ဆရာလုပ်လေ့ ရှိသည်။ အများကလည်း ဆရာဟူသော ဝေါဟာရကြောင့် တစ်ကြောင်း၊ ခင်မင်ကြ၍ တစ်ကြောင်း ဆရာလုပ်သည်ကို စိတ်မဆိုးကြ၊ ကျေကျေနပ်နပ်ပင် လုပ်ကြကိုင်ကြ နာခံကြသည်သာ ဖြစ်သည်။
အချို့သော မိတ်ဆွေသစ်များကမူ ဆရာကြီးဆိုသူမှာ ဘယ်လိုဆရာလဲဟု သိချင်လာကြသည်။ စနည်းနာလာကြသည်။ မြန်မာ သမားတော် ဆေးဆရာကြီးလား၊ ၀င်းဂိုဏ်း၊ မဟိဒ္ဓိဂိုဏ်း၊ ငါးမျက်နှာဂိုဏ်းဝင် ဆရာကြီးလား၊ ပင်စင်အငြိမ်စား ကျောင်းဆရာကြီးလား၊ ပန်းချီဆရာကြီးလား၊ လက်သမားဗိသုကာ ဆရာကြီးလား၊ အလိဓမ္မာသင်္ဂြိုလ်ဆရာကြီးလား စသော လားပေါင်းများစွာဖြင့် ဆရာကြီး၏ နာမ၀ိသေသနကို ခွဲခြားသိလိုက်ကြသည်။
သို့ရာတွင် အများခေါ်ကြသော “ဆရာကြီး”ဟူသည့် ဝေါဟာရ အမည်နာမလွဲ၍ မသိကြ၊ စုံစမ်းစနည်းနာ၍မရကြ ဖြစ်နေသည်။ မိမိတို့ မြို့မဈေးရပ်ကွက် ဇာတိမဟုတ်၍လည်း ရုတ်တရက်မသိနိုင် ဖြစ်နေကြသည်။ ဆရာတော့ ဧကန္တ ဆရာတစ်ခုခုပဲ၊ ဂုဏ်သိက္ခာမလိုချင်လို့ လျှို့ဝှက်ထားသလား၊ ဒီပြင်အကြောင်းတစ်ခုခုကြောင့်သာ နေမှာပါ၊ ဆရာဆိုတာတော့ ဟုတ်မှာပါပဲ စသည်ဖြင့်လည်း မှတ်ချက်ချကြသည်။
သို့ဖြင့် အထူးစုံစမ်းခြင်း၊ စနည်းနာခြင်း မပြုကြတော့ဘဲ မူလအတိုင်း ခပ်အေးအေးပင် နေကြသည်။ သို့ရာတွင် မမျှော့်လင့်ဘဲ ရုတ်တရက် ရှောင်တခင်ပေါ်လာသော ဖြစ်ရပ်တစ်ခုကြောင့် ဆရာကြီး နာမ၀ိဝါဒ ကွဲပါလေတော့သည်။
သူ၏ စေတနာအအလျောက် ခင်မင်လေးစားသူများသောကြောင့် သူ၏ အဖြစ်နှင့်တကွ ကျန်ရစ်သူ ဆရာကတော်နှင့် သမီးများကိုပါ များစွာသနားကြသည်။ စာနာကြသည်၊ ဤသို့ မဖြစ်မီကပင် ဆေးဆရာ၊ ဓာတ်ဆရာ မဟုတ်သည်ကိုတော့ သိကြပေပြီ။
ဆရာကြီး၏ ရှောင်တခင်ဖြစ်ရပ်မှာ ရွာသို့ အလုပ်ကိစ္စအတွက် သွားရာမှ ဘုရားပွဲတစ်ခုနှင့်ပါ ကြုံနေသဖြင့် ၃-ညအိပ်ကြာမှ ပြန်လာရသည်။ ရွာတွင် အစားမျိုးစုံကာ မှားခဲ့၍လော၊ မိုးခေါင်၍ နေပူပူမှာ ရေချိုးမှားခဲ့၍လော မသိ၊ ပြန်ရောက်ပြီး နောက်တစ်ရက်တွင် ဖျားသည်ဟုဆိုကာ အိပ်ရာထဲလဲရာမှ ပေါ့ပေါ့ထင်ကာ ဆေးမြီးတိုများနှင့် ကုသရင်း သေဆုံးသွားရခြင်း ဖြစ်လေသည်။
ထိုကြောင့် သူ့ပရိသတ်အားလုံးက ကရုဏာသက်ကြခြင်း ဖြစ်လေသည်။ သို့ကရုဏာသက်ကြစဉ်မှာပင် သူ၏ တစ်သက်တာ ပဟေဠိဆန်လှသော နာမ၀ိသေသနမပါသည့် “ဆရာကြီး” ဝေါဟာရကိုလည်း သိကြပေတော့သည်။ သိကြရပုံမှာလည်း.....
“အမယ်လေး ဆရာကြီးရဲ့၊ ဘယ်သူ့ကိုယုံလို့ ပုံခဲ့တာတုံးတော့၊ ကျုပ်ကို သားအမိတွေကို ဒီလိုပဲ ထားခဲ့တော့မှာလားတော့ ဆရာကြီး မရှိရင် ရွာကနွားသိုးတွေကို ဘယ်သူဆုံးမပေး၊ သင်းပေး၊ ပိုက်ပေးမှာတုံးတော့၊ ကျုပ်တူ သာအေးနှင့် ခွေးညိုတို့ နွားကလေးတွေမှ သင်းမပေးခဲ့တော့ဘူးလား ဆရာကြီးရဲ့”စသည်ဖြင့် ဖွဲ့ကာ နွဲ့ကာ သေသူ၏ဂုဏ် ပုဒ်တွေကို ဖော်ကာ ငိုလေသောကြောင့် “သြော်.... အင်း လက်စသတ်တော့ ဒီဆရာကြီးကိုး”ဟု သိကြရခြင်းဖြစ်သည်။
** လူထု-ဦးလှ**
***(မြန်မာကျေးလက်ပုံပြင်များ)**

No comments:
Post a Comment