ဟုတ်ကဲ့ပါ…။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရဲ့ အနောက်မြောက်ပိုင်းက ရပ်ကွက်တစ်ခုဖြစ်တဲ့ ဆောင်ခွဲ ဆောင်ရပ်ကွက်က သိုးမွှေးစက်ရုံ(အိမ်ရုံ)တစ်ခုမှာ ယမန်နေ့ ညပိုင်းက အလုပ်ရှင်ထံက ရစရာရှိတဲ့ လုပ်အား ခကို သွားတောင်းတဲ့ မြန်မာအလုပ်သမား ၄-ဦးနဲ့ အလုပ်ရှင်တို့ဟာ အပြန်အလှန်ရိုက်နှက်ကြရာကနေ `အလုပ် သမားပြဿနာ အဆင့်က ရာဇ၀တ်မှုပုံစံမျိုး´ သက်ရောက်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ် သက်ပြီး အလုပ်သမားတစ်ဦးပြောပြတာက `အခုလ ၂၅-ရက်နေ့မှာ လုပ်အားခကို နောက်ဆုံးထားပြီး ရှင်းပေး မယ်ဆိုလို့ သည်းခံခဲ့ကြပါတယ်။
မနေ့က ညကတော့ သည်းမခံနိုင်တဲ့ အလုပ်သမား ၄-ဦးက အလုပ်ရှင်ကို သွားတွေ့ပြီး လုပ်အားခ တောင်းတာပေါ့။ အဲဒီမှာ အလုပ်ရှင် `အလစ်´က သူသောက်နေတဲ့ အရက်ပုလင်းနဲ့ ရိုက်တယ်။ သွားတွေ့တဲ့ ၄-ယောက်က ရှောင်ပြီး သူ့ပုလင်းနဲ့ သူ့ကို ၀ိုင်းရိုက် ၀ိုင်းထိုးတယ်။ နောက်- မကြာခင်မှာ ပြည်သူ့စစ်တွေ၊ ရဲတွေ၊ နယ်ခြားစောင့်တွေ ရောက်လာပြီး စက်ရုံမှာ ရှိသမျှ အလုပ်သမာ; ၁၆-ယောက်စလုံးကို ၀င်ရိုက်တော့တာပါပဲ။ အခင်းစဖြစ်တဲ့ ၄-ယောက်ထဲက မင်းမင်းနဲ့ ဖိုးလပြည့်ကတော့ ဒဏ်ရာ အတော်များတယ်ဗျ။ အခုဘယ်မှာထားမှန်း မသိဘူး။ ဘာတွေဆက်ဖြစ်မှန်းမသိဘူး။ ကျနော်တို့မှာ ပိုက်ဆံလည်းမရှိဘူး။ အာဏာပိုင်တွေက ၀ိုင်းရံထားတော့ အခုလည်း မပြောရဲ ပြောရဲနဲ့ ပြောရတာပါ´လို့ ရှင်းပြပါတယ်။
အခင်းဖြစ်ပွားတဲ့ အစပိုင်းအနေအထားက လုပ်အားခမရတဲ့ အလုပ်သမား ပြဿနာအဆင့်ကနေ လက်ရောက်တုံ့ပြန်တဲ့ ရာဇ၀တ်မှုအဆင့်ကို ရောက်ရှိသွားတာဟာ မဲဆောက်မြို့လို မြန်မာပြည်သား ၂-သိန်းလောက်နဲ့ ထိုင်းနိုင်ငံသား ၆-သောင်းလောက် နေထိုင်တဲ့ နေရာမှာ ပထမဆုံးဖြစ်ရပ်တော့ မဟုတ်ပါဘူး။ အခု ဒီဖြစ်ရပ်ဖြစ်ပွားတဲ့ ဘန်ဆောင်ခွဲရပ်ကွက်ကြီးထဲက ဆောင်ခွဲဆောင်ရပ်ကွက်ကလေးက နေရာမှာဆိုရင် မြန်မာအလုပ်သမား ၅၀၀၀-ထက်မနည်း လုပ်ကိုင်စားသောက်ကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သို့းမွှေးစက်ရုံအလုပ်၊ အထည်ချုပ်စက်ရုံအလုပ်၊ ဆောက်လုပ်ရေးအလုပ်၊ မွေးမြူရေးအလုပ်၊ စိုက်ပျိုးရေးအလုပ်၊ ကျဘမ်း(ဈေးရောင်း)အလုပ်၊ စတာတွေကို လုပ်ကိုင်စားသောက်နေကြတာဖြစ်ပါတယ်။ ဘန်ဆောင်ခွဲရပ်ကွက်ကြီးဆိုတာ လွန်ခဲ့တဲ့ ၅-၆ နှစ်အထိ တောအုပ်ထူထူ ရှိတဲ့နေရာမှာဆိုရင် ဘယ်ကနေ သေလာမှန်းမသိတဲ့ မြန်မာပြည်သား အလောင်း၊ ထိုင်းနိုင်ငံသားအလောင်းတွေကို လာလွှင့်ပစ်တဲ့ နေရာတွေလည်း ရှိပါတယ်။ အခုတော့ အဲဒီနေရာတွေဟာ စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့၊ ကျဘမ်း(အမှိုက်နှင့် စွန့်ပစ်ပစ္စည်းယာယီသိုလှောင်ရုံ)စတာတွေ လုပ်ကိုင်တဲ့ နေရာတွေဖြစ်သွားတာမို့လို့၊ တော်သေးတာပေါ့ဗျာ။
***သတင်း-မြန်မာပြည်သား***

No comments:
Post a Comment