မြို့မှာရှိသည့် ကုန်သည်ကြီး ဦးဘလေးက တောရွာတွင်နေသည့် သူ၏ မိတ်ဆွေ လယ်သမားကြီး ဦးကြက်တောထံ ယုန်ရှင်တစ်ကောင်ဝယ်ပြီး သူ့ထံ အရောက်ပို့ပေးဖို့အကြောင်း ထိုယုန်ကလေးကို အိမ်မှာ အလှမွေးထားမည်ဖြစ်ကြောင်း စာရေးပြီး မှာလိုက်၏။
ထိုကြောင့် တစ်နေ့တွင် ဦးကြက်တောက ယုန်ရှင်ကလေး တစ်ကောင်ဝယ်ပြီး တောတွင် ဘာအလုပ်မှ ကောင်းကောင်းလုပ်လေ့မရှိသည့် သူ့မိတ်ဆွေဦးချက်ကို ကုန်သည်ကြီးဦးဘလေးထံ ယုန်ကလေးကို အပို့ခိုင်းလိုက်၏။
ဦးချက်လည်း ယုန်ကလေးကို အိတ်ထောင်(၀ါကောက်ရာတွင် အသုံးပြုသော အိတ်တစ်မျိုး)တွင် ထည့်ပြီး မြို့သို့သွားရန်ထွက်ခဲ့၏။
ခရီးတစ်ဝက်လောက်တွင်ရှိသည့် ထည့်ပြီး မြို့သို့သွားရန်ထွက်ခဲ့၏။ ဦးချက်သည် မောပန်းသောကြောင့် သစ်ပင်တွင် အိတ်ထောင်ကို ချိတ်ပြီး ခါးဆန့်ရင်း ဇရပ်ပေါ်တွင် အိပ်ပျော်သွားလေ၏။ ဦးချက် အိပ်ပျော်နေသည့်အခိုက် အခြားရွာတစ်ရွာက လာသည့် လူတစ်ယောက်သည် အိမ်မှာ မွေးဖို့ ကြောင်တစ်ကောင် တောင်းလာသောကြောင့် သူနှင့်အတူ ပါလာ၏။ ဤလူကလည်း တစ်ပင်မှာ ချိတ်ထားသည့် အိတ်ထောင်ကို ကြည့်လိုက်မိ၏။ အိတ်ထောင်ထဲတွင် ယုန်ရှင်ကလေးကို တွေ့သောအခါ သူ့တွင်ပါလာသည့် ကြောင်ကလေးနှင့် ဦးချက်မသိအောင် လဲယူသွားလေ၏။
ဦးချက်သည် အိပ်ရာမှ နိုးသောအခါ ဘာမှ သတိမထားဘဲ အိတ်ထောင်ကို အသာဖြုတ်ပြီး မြို့ကို ခရီးဆက်ထွက်ခွာသွား၏။ မြို့မှာရှိသည့် ဦးဘလေးထံသို့ ရောက်သောအခါ “ခင်ဗျားမှာလိုက်တဲ့ ယုန်ရှင်လေး ကျုပ်မိတ်ဆွေ ကိုကြက်တောက အပို့ခိုင်းလိုက်လို့”ဟု ပြောရာ၊ ဦးဘလေးက အားရ၀မ်းသာစွာ အိတ်ထောင်ကို ဆွဲယူပြီး နှိုက်ယူလိုက်၏။ ထိုအခါ ယုန်မဟုတ်ဘဲ ကြောင်ဖြစ်နေတော့ရာ “ဘယ့်နှယ်လဲဗျ၊ ကျုပ်မှာတာက ယုန်၊ မဟုတ်ဘဲ ကြောင်ဖြစ်နေတော့ရာ “ဘယ့်နှယ်လဲဗျ၊ ကျုပ်မှာတာက ယုန်၊ အခုဟာက ကြောင်ပါလားဗျ၊” ဟု ပြော၏။ ဦးချက်ကလည်း သူကိုယ်တိုင် မြင်ခဲ့ခြင်းဖြစ်သောကြောင့် “မဟုတ်တာဗျာ၊ ကျုပ်ရှေ့မှာ ၀ယ်ပြီး အပို့ခိုင်းတာ ယုန်အစစ်ဗျ”ဟု ပြောပြီး ကြည့်လိုက်သောအခါ ကြောင်ဖြစ်နေသည်ကို တွေ့ရ၏။ ဦးချက်လည်း ချက်ချင်းပင် ရွာကို ပြန်လာခဲ့၏။
ခရီးတစ်ဝက်သို့ ရောက်သောအခါ ဦးချက်သည် မြို့သို့လာစဉ်က ကဲ့သို့ပင် အိတ်ထောင်ကို သစ်ပင်မှာချိတ်ပြီး ဇရပ်ပေါ်မှာ အိပ်ပြန်၏။ ထိုအချိန်မှာပင် ကြောင်နှင့် ယုန်လဲသွားသည့်လူ ရောက်လာပြန်၏။ အကြောင်းမှာ ယုန်ကလေးကို အိမ်ယူသွားသည့်အခါ သူ၏ အိမ်ရှင်မက “တောသတ္တ၀ါဆိုတာ အိမ်မှာ မမွေးကောင်းဘူး”ဟု ပြောသောကြောင့် ပြန်လဲဖို့ ရောက်လာခြင်းဖြစ်၏။ အဆင်သင့်ပင် သစ်ပင်တွင် အိတ်ဆွဲထားသည်ကို တွေ့သောကြောင့် ပြန်လဲပြီး သူ့ရွာသူ ပြန်သွားတော့၏။
` ဦးချက်လည်း အိပ်ရာမှ လန့်နိုးလာသည်နှင့် အိတ်ထောင်ကလေးကို သစ်ပင်ကဖြုတ်ပြီး ပြန်လာ၏။ ရွာရောက်သောအခါ ဦးကြက်တောအိမ်သို့ တန်းဝင်ပြီး “ခင်ဗျား ယုန်ဝယ်ပေးလိုက်တယ်ဆိုပြီး ဘာဖြစ်လို့ ကြောင်ကြီးပေးလိုက်တာလဲဗျ”ဟု ရန်ထောင်တော့၏။ ထို့ကြောင့် ဦးကြက်တောက “မဟုတ်တာဗျာ၊ ခင်ဗျားရှေ့မှာပဲ ယုန်ကလေး ၀ယ်ပေးလိုက်တာ၊ ဘယ်က ကြောင်ရမှာလဲဗျ”ဟု ငြင်းပြီး ဦးကြက်တောသည် အိတ်ထောင်တွင်းက အကောင်ကို ဆွဲထုတ်လိုက်ရာ ယုန်ကလေးဖြစ်နေသည်ကို တွေ့ရလေ၏။ သို့နှင့် ဦးကြက်တောက “ဘယ်ကကြောင်ရမှာလဲဗျ၊ ဒီမှာကြည့်ပါဦး ကိုချက်ရ၊ ဒါ ယုန်မဟုတ်လား”ဟု ပြ၏။ ဦးချက်လည်း ယုန်ကလေးကို ကိုင်ကြည့်ပြီး “အင်း ယုန်ထင်ပါရဲ့၊ အိုး…. ကြောင်ထင်ပါတယ်” နှင့် လုံးချာလိုက်ပြီး ယုန်ထင်ကြောင်ထင်နှင့် ဇဝေဇ၀ါ ဖြစ်နေလေတော့သတည်း။
***လူထု-ဦးလှ**
***(မြန်မာ့ကျေးလက်ပုံပြင်များ)**

No comments:
Post a Comment