လီဗာပူးလ်အသင်းသည် ပြင်သစ်ကလပ် အိုလံပစ်လိုင်ယွန်မှ တိုက်စစ်မှူး လီဆန်ဒရိုလိုပက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ လီဗာပူးလ်နည်းပြ ရွိုင်ဟော့ဂ်ဆန်သည် ထိုးစစ်တာဝန် တစ်ခုလုံးကို တစ်ဦးတည်း အဓိက တာဝန်ယူထားရသည့် စပိန်လက်ရွေးစင် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်အတွက် အတွဲအဖက်မိမည့် ထိပ်တန်းရှေ့တန်းလူတစ်ဦးကို ရှာဖွေလျက်ရှိရာ အသက်(၂၇)နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင် ဂိုးသွင်းစက်အား မျက်စိကျလာခြင်းဖြစ်သည်။ လိုင်ယွန်သည် ၎င်းတို့၏ ထိပ်တန်းကစားသမား ကာရင်မ်ဘန်ဇီးမားအား ရီးယဲလ်မက်ဒရစ်သို့ ရောင်းချခဲ့ပြီးနောက် ပေါ်တူဂီကလပ် ပေါ်တိုမှ လီဆန်ဒရိုကို ခေါ်ယူအားဖြည့်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ယင်းသည် ယမန်နှစ်က လိုင်ယွန်အတွက် (၃၇)ပွဲကစား (၁၆)ဂိုးသွင်းပေးခဲ့သလို ပေါ်တိုတွင်လည်း ပွဲပေါင်း(၁၀၀)ကျော်ကျော်တွင် ဂိုး(၅၀)နီးပါး သွင်းယူပေးနိုင်ခဲ့သည်။
** ဘင်ဖီကာလူငယ်ကစားသမားအား အာစင်နယ်နည်းပြ သဘောကျ **
အာစင်နယ်အသင်းသည် ဘင်ဖီကာအသင်းမှ လူငယ်ကစားသမားလေး ရူဘန်ပင်တိုအား စိတ်ဝင်စားနေကြောင်း သိရသည်။ အသက်(၁၈)နှစ်သာ ရှိသေးသည့် ပေါ်တူဂီ လူငယ်သွေးသစ်လေးကို အာစင်နယ် နည်းပြကြီး အာစင်းဝင်းဂါးက သဘောကျလျက်ရှိနေသည်။ ကွင်းလယ်တိုက်စစ်တွင် ထူးထူးချွန်ချွန် ခြေစွမ်းပြနိုင်သည့် ရူဘန်သည် လက်ရှိတွင် အသက်(၁၉)နှစ်အောက် ပေါ်တူဂီ လက်ရွေးစင်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။ ၎င်းသည် ပရီးမီးယားလိဂ်တွင် အာစင်နယ်၏ပြိုင်ဖက် ချယ်လ်ဆီးကို နှစ်သက်ကြောင်း ၀န်ခံထားသည်။ သို့သော်လည်း လူငယ်ကစားသမားလေးများကို မြေတောင်မြှောက်ပေးရာတွင် ထူးချွန်သည့် နည်းပြ၀င်းဂါးက ရူဘန်အား အရခေါ်ယူနိုင်ရန် ယုံကြည်မျှော်လင့်လျက်ရှိသည်။
** လီဗာပူးလ်အသင်း လွှဲပြောင်းနိုင်ရေး အပြီးမသတ်နိုင်သေး **
လီဗာပူးလ် အသင်းအား သိမ်းပိုက်ရရှိရေး သရဖူကို လုနေသော ဗိုလ်လုပွဲသည် ယခုအခါ အချိန်ပို ဆက်ကစားနေရပြီဖြစ်သည်။ လီဗာပူးလ်အား ပိုင်ဆိုင်ထားသည့် အမေရိကန် သူဌေးများဖြစ်သည့် တွမ်ဟစ်ခ်နှင့် ဂျော့ဂ်ျဂီးလတ်စ်တို့သည် အသင်းဘုတ်အဖွဲ့က လီဗာပူးလ်အား ရောင်းချခဲ့ခြင်းကို မကျေနပ်သဖြင့် ဗြိတိန်တွင် တရားစွဲခဲ့သော်လည်း မအောင်မြင်ခဲ့သည့်အတွက် အမေရိကန်တွင် ဆက်လက်တရားရင်ဆိုင်နေရာ အမေရိကန် အခြေစိုက် NESV ကုမ္ပဏီ၏ လီဗာပူးလ်အသင်း လက်လွှဲဝယ်ယူရေး ကိစ္စကို ယခုတိုင် အပြီးမသတ်နိုင်ဘဲ ရှိနေသည်။
** တစ်ခါတရံ သာမန်ဘဝကိုသာ လွမ်းဆွတ်မိကြောင်း ဂျက်စတင်ဘီဘာဖွင့်ဟ **
________________________________________ဂျက်စတင်ဘီဘာက ၎င်းအနေနှင့် တစ်ခါတရံတွင် အလွန်ကျော်ကြားသည့် စတားတစ်ဦးထက် သာမန်ဘ၀ကို မျှော်လင့်လွမ်းဆွတ်မိကြောင်း ၀န်ခံပြောကြားလိုက်သည်။ အသက်(၁၆)နှစ် အရွယ်ဖြင့် ကမ္ဘာသိ အောင်မြင်မှုများ ရရှိနေသည့် Popအဆိုတော်လေးသည် လက်ရှိတွင် ကနေဒါရှိ နေအိမ်တွင် မိခင်ဖြစ်သူ ပက်တီနှင့် အနားယူနေသည်။ First Step 2 Forever အထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေရန် စီစဉ်နေသည့် Babyစတား အဆိုတော်က အကျော်ကြားဆုံး Celebrityတစ်ဦး ဖြစ်လာခြင်းကို ကျေနပ်ကြောင်း၊ သို့သော်လည်း ငယ်ဘ၀၏ အေးချမ်းငြိမ်ဆိမ်သော အငွေ့အသက်များကို ပြန်လည်ရယူလိုသည့် အတွေးမျိုးလည်း ၀င်လာတတ်ကြောင်း ဖွင့်ဟခဲ့သည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **
** လိုင်ယွန်တိုက်စစ်မှူးအား လီဗာပူးလ်စိတ်ဝင်စား **

No comments:
Post a Comment