ရှေးအခါက ရွာတစ်ရွာတွင် ကေသ၀နှင့် ပေမလ အမည်ရှိသော ယာသမားနှစ်ယောက်ရှိလေသည်။ ထိုသူနှစ်ယောက်တို့သည် ယာနီးချင်းများဖြစ်ကြ၍ တစ်ဦးနှင့်တစ်ဦး လွန်စွာချစ်ခင်ကြသည်။ သူတို့သည် မိရိုးဖလာဖြစ်သော တောင်ယာလုပ်ငန်းကို ကြိုးစားပမ်းစားလုပ်ကိုင်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် အကျိုးပေးခြင်းမတူကြပေ။ ကေသ၀သည် မည်မျှပင် အပင်ပန်းခံ၍ လုပ်ကိုင်စေကာမူ ပေမလ၏ ယာခင်းမှ ထွက်သော သီးနှံကိုမှီအောင် မရခဲ့ချေ။ ကေသ၀သည် အမျိုးမျိုးကြံစည်၍ ပေမလ၏ ယာခင်းထက်သီးနှံအထွက်ပိုစေရန် ကြိုးစားလုပ်ကိုင်လျက်လာခဲ့ရာ ခြောက်နှစ်ခန့်ကြာခဲ့ပြီဖြစ်သော်လည်း တစ်နှစ်မှ ပေမလကဲ့သို့ သီးနှံ အောင်မြင်ဖြစ်ထွန်းခြင်း မရရှိခဲ့သဖြင့် စိတ်ပျက်စပြုလာလေတော့၏။
သို့နှင့် ကေသ၀သည် ပေမလအား မနာလိုဝန်တိုစိတ်များဝင်လာခဲ့သဖြင့် တစ်နေ့နေ့တွင် ပေမလအား အရှက်တကွဲအကျိုးနည်းဖြစ်အောင် ပြုလုပ်ရန် ကြံစည်လေတော့၏။
ထိုအခါ သူတို့နှစ်ယောက်၏ ယာခင်းနှစ်ခုအကြား ယာချင်းစပ်လျက်ရှိသော စည်းရိုးပေါ်၌ သရပ်ပင်ပျိုတစ်ပင်ရှိလေသည်။ ထိုသရပ်ပင်ငယ်အား ရှေးအခါကမူ ပေမလသည်ပင် ဂရုတစိုက်ပြုစုပျိုးထောင်လာခဲ့သဖြင့် သန်မာထွားကျိုင်းလာလေရာ ယခုခြောက်နှစ်ကျော် ခုနှစ် နှစ်အတွင်းသို့ ရောက်လာပြီး ဖူးပွင့်ဝေဆာနှင့်ဖြစ်လာပြီးလျှင် မကြာမီပင် အသီးများကင်းစပြုလာတော့သည်။
ကေသ၀သည် ပေမလအပေါ်၌ မနာလိုဝန်တိုရင်းရှိ နေသဖြင့်လည်း ထိုသရက်ပင်ကို ပေမလဆွတ်ယူစားသုံးခြင်း ပြုမည်ကို လွန်စွာစိုးရိမ်နေရုံမျှမက ပေမလပိုင်ဆိုင်သွားမည်ကိုလည်း မလိုလား။ ထို့ကြောင့် အိမ်နီးချင်းဖြစ်သော ပေမလ၏ အိမ်သို့သွားပြီးလျှင် ယာစည်းရိုး၌ပေါက်နေသော သရက်ပင်မှာ ပေမလနှင့်မဆိုင်၊ မိမိသာပိုင်သည်ဟု ပြောလေတော့သည်။
ပေမလသည် ခါတိုင်းကဲ့သို့လာရောက်လာပတ်သည်အထင်နှင့် ဆီးကြိုနှုတ်ဆက်ရာ ထိုသို့သော စကားကိုကြားသောအခါ များစွာအံ့သြလျက်က…
`အချင်းကေသ၀၊ ငါတို့ယာခင်းနှစ်ခုကြားမှ သရက်ပင်ကား သင်တစ်ဦးတည်းပိုင်သော အပင်လည်း မဟုတ်၊ ငါတစ်ယောက်တည်းပိုင်သော အပင်လည်းမဟုတ်၊ သင်နှင့်ငါ နှစ်ဦးစလုံးပင်ပိုင်သော သရက်ပင်ဖြစ်သည်။´ ဟု ပြောဆိုလေသည်။
သို့သော် ကေ၀သကား အလျှော့မပေးပေ။ ထိုသရက်ပင်ကို သူသာလျှင် ပိုင်ဆိုင်သည်ဟု ဇွတ်တရွတ်ပြောနေတော့၏။ ထိုအခါမှစ၍ ရှေးအထက်က ချစ်ချင်ရင်းနှီးလာခဲ့ကြသော သူငယ်ချင်းမိတ်ဆွေနှစ်ယောက်တို့သည် သရက်ပင်ကို အကြောင်းပြု၍ စိတ်ဝမ်းကွဲပြားမှုဖြစ်ခဲ့ကြတော့၏။
ပေမလသည် သရက်ပင်ကို အလစ်မပေးတော့ဘဲ နေ့ရောညဥ့်ပါ လူငှား၍အစောင့်ထား၏။ ကေသ၀မှာ ဤကိစ္စသည်အလွယ်တကူနှင့် မရနိုင်တော့သည်ကို သိလာသဖြင့် ဘုရင်မင်းမြတ်၏ ရှေ့တော်သို့ဝင်ရောက်တိုင်ကြားရန် စီစဉ်လေတော့သည်။
တစ်နေ့သောအခါ ဘုရင်းမင်းမြတ်သည် ကေသ၀၏ တိုင်ကြားလျှောက်တင်လာသော အမှုကို လက်ခံတော်မူပြီးသောအခါ ထိုအမှုကို ပညာရှိအမတ်ကြီးအား လွှဲအပ်ဆုံးဖြတ်စေတော်မူ၏။
ပညာရှိအမတ်ကြီးလည်း ထိုအမှုနှင့် သက်ဆိုင်သော တရားလိုတရားခံများနှင့်တကွ နှစ်ဘက်သော သက်သေတို့ကို ဆင့်ခေါ်၍ ချိန်းဆိုသော ရက်တွင် ထိုတရားကို စစ်ဆေးစိရင်လေတော့သည်။
ပညာရှိအမတ်ကြီးသည် ရှေးဦးစွာ တရားလိုကေသ၀ကိုခေါ်ယူ၍…. `သရက်ပင်သည် သင်၏ သရက်ပင်မှန်း၏လော….´ဟု မေး၏။
ကေသ၀သည် မိမိတစ်ဦးတည်း ပိုင်ဆိုင်ကြောင်း တင်လျှောက်အစစ်ခံ၏။ ထို့နောက်ဆက်၍ တရားခံပေမလကို ခေါ်ယူစစ်ဆေးပြန်ရာ ပေမလကလည်း မိမိသည် ထိုသရက်ပင်ကို ပြုစုစောင့်ရှောက်လာခဲ့သည်မှာ ခုနှစ် နှစ်ပင်တိုင်ခဲ့ပြီးဖြစ်ကြောင်း ထို့ကြောင့် မိမိသာပိုင်ဆိုင်ပါသည်ဟု ထွက်ဆိုပြန်သည်။
ထို့နောက် ပညာရှိအမတ်ကြီးက ဆက်၍…. `အချင်းပေမလ၊ ထိုသရက်ပင်ကို သင်ပိုင်သည်ဟု ဆိုသော အစောင့်အရှောက်များထားသေးသလော´ဟု မေးပြန်၏။
`အရှင် ထိုသရက်ပင်ကို အစောင့်တစ်ယောက်ထားပါ၏။´ဟု ထွက်ဆိုလေသည်။
ပညာရှိအမတ်ကြီးသည် စစ်ဆေးရန်ရှိသည်တို့ကို စစ်ဆေးပြီးနောက်…
`သင်တို့၏ အမှုကို နောက်နှစ်ရက်ကြာမှ ဆုံးဖြတ်ပါအံ့၊ ယခုသင်တို့ပြန်ကြကုန်လော့´ဟု ပြော၍ အမှုကိုချိန်း၍ ရွေ့လိုက်လေသည်။
ပညာရှိအမတ်ကြီးသည် နောက်တစ်နေ့တွင် အမှုနှင့်ပတ်သက်သော သရက်ပင်အစောင့်အား ခေါ်ယူစေပြီး….
`အချင်းသရက်ပင်စောင့်၊ သင်သည် မည်သူ့အတွက်သရက်ပင်ကို စောင့်ရဘိသနည်း´ဟုမေး၏။
`အရှင်နှစ်ယောက်စလုံးအတွက် စောင့်ရဘိသည်။ ထိုသရက်ပင်ကိုမည်သူပိုင်သည်ဟု ယခုတိုင်မသိရသေးပါ´ဟုပြန်၍ လျှောက်ထားလေသည်။
`ကောင်းပြီ၊ သင်သည် ကေသ၀နှင့် ပေမလတို့၏ အိမ်သို့ ယခုညသွား၍ သရက်ပင်ကို လူဆိုးများဖျက်ဆီးရန် ရောက်နေကြဘိ၏။ ဟု အသီးသီးပြောလေ´ဟု စေခိုင်းမိန့်ဆိုလိုက်၏။
အစောင့်လည်း ပညာရှိအမတ်ကြီးမိန့်ဆိုသည့်အတိုင်း ညဥ့်အချိန်တွင် ကေသ၀၏ အိမ်သို့ ရှေးဦးစွာ သွားရောက်ပြီး ကေသ၀ကို မတွေ့ရ၍သူ၏ ခင်ပွန်းမယားအား အမတ်ကြီးမှာသည့်အတိုင်း ပြောကြားခဲ့၏။ ပေမလကိုလည်း အသင့်မတွေ့ရသဖြင့် သူ၏ခင်ပွန်းမကို အလားတူပင် မှာထားခဲ့ပြီးနောက် မိမိအိမ်သို့ ပြန်ခဲ့တော့သည်။
ပညာရှိအမတ်ကြီးသည် သရက်ပင်အစောင့်ပြန်သွားပြီးနောက် မင်းချင်းနှစ်ယောက်ကိုခေါ်၍ ကေသ၀နှင့် ပေမလတို့အိမ်အနီး၌ စောင့်၍နားထောင်မှတ်သားရန် စေလွှတ်ထားခဲ့လေသည်။
ညဉ့်ဦးယံကုန်၍ သန်းခေါင်သို့ရောက်သောအခါ ကေသ၀သည် အိမ်သို့ပြန်ရောက်လာသည်။ ထိုအခါ သူ့မယားလည်း အစောင့်မှာထားခဲ့သည့်အတိုင်း သရက်ပင်ကို ဖျက်ဆီးရန် လူဆိုးများရောက်နေကြောင်း ပြောပြ၏။ ထိုအခါ ကေသ၀က…
`ညဥ့်နက်နေပြီ မသွားနိုင်ပါဘူး။ ပြီးတော့ ထမင်းကလည်းဆာလှပြီ၊ ရန်သူတွေနဲ့ ရင်ဆိုင်ရဦးမည်ဆိုတော့ ဒီသရက်ပင် သေသေရှင်ရှင် ငါအပူမဟုတ်ဘူး။ ဘုရင်မင်းမြတ်ကို တိုင်ကြားလျှောက်ထားပြီးပြီ၊ မရရင်လည်း နေပါစေ၊ နဂိုရ်ကတည်းက ကိုယ့်အပင်မှ မဟုတ်ဘဲ´ဟု ပြန်ပြောလိုက်၏။
ချောင်းမြောင်းနားထောင်နေသော မင်းချင်းလည်း မှတ်သားထားလိုက်လေသည်။
ထိုသို့လင်ဖြစ်သူက မချေမငံပြန်လည်ပြောဆိုသောအခါ မယားဖြစ်သူကလည်း…
`သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ပေမလကို ဒုက္ခပေးရသလဲ´ဟု ပြန်ပြော၏။
`ငါ့ယာနားမှာ ယာချင်းယှဉ်နေလျက် ငါ့ထက်သူက သီးနှံပိုရနေတယ်။ အဲဒါကို ငါမခံချင်လို့ တမင်လုပ်တာပါ´ဟု မယားကို တည့်တည့်ပင်ဖွင့်၍ ပြောပြလိုက်တော့၏။
ထိုကဲ့သို့ကေသ၀ လင်မယားတို့ စကားအပြန်အလှန်ပြောဆိုနေကြသည့်အတိုင်း မင်းချင်းတို့က ပညာရှိအမတ်ကြီးအား လျှောက်ထားအစီရင်ခံကြလေသည်။
ပေမလတို့အိမ်တွင်လည်း ထိုနည်းအတူပင် အချိန်ကုန်မှ အိမ်ပြန်ရောက်လာသော ပေမလအား မယားခင်ပွန်းမ ဆီးကြို၍ သရက်ပင်စောင့်မှာ စကားကိုပြောပြလေ၏။
ထိုအခါ ပေမလသည် မယားစကားကိုပင် ဆုံးအောင် နားမထောင်နိုင်တော့ဘဲ… `
ဒီလိုဆိုရင် မဖြစ်ဘူးဓားပေးစမ်း´ဟုတောင်းပြီး သရက်ပင်ရှိရာသို့ ချက်ချင်းပြေးထွက်သွားတော့သည်။ မယားက ထမင်းစားပြီးမှသွားရန် ပြောသည်ကို နားမထောင်… `ပြန်မှ စားမည်၊ တစ်ခါတည်းနှင့် အလကားအဖြစ်မခံနိုင်ဘူး´ဟု ပြောဆိုပြီး ဆက်လက်ထွက်သွားတော့၏။ သို့သော် လူဆိုးများကို မတွေ့ရသဖြင့် အံ့အားသင့်ပြီးလျှင် အိမ်သို့ ပြန်လာခဲ့တော့၏။
ပညာရှိအမတ်ကြီးသည် မင်းချင်းတို့ထံမှ သတင်းရရှိပြီးဖြစ်၏။ နောက်တစ်နေ့ တရားလွှတ်ရုံးသို့ ရောက်သောအခါ တရားလို တရားခံနှစ်ဦးကိုခေါ်၍… `ဤသရက်ပင်ကို သင်တို့နှစ်ဦးစလုံး ပိုင်ဆိုင်ကြဘိသည်။ ထို့ကြောင့် အပင်ကိုလှဲ၍ တစ်ဝက်စီ ဖြတ်တောက်ယူကြလေ´ဟု ဆိုလိုက်သည်။
ထိုအခါ ကေသ၀သည် မည်သို့မျှ မပြော၊ နာခံပါမည်ဟုသာ ပြော၏။ ပေမလမှာမူကား သူကိုယ်တိုင် ဂရုစိုက်ပျိုးထောင်ပြုစုခဲ့ရသဖြင့် ပညာရှိအမတ်ကြီး၏ ခွဲဝေမှုကို မကျေနပ်ပေ။ ခွဲစိတ်၍ ဝေယူရလျှင် သားစဉ်မြေးဆက် စားသုံးရမည့်သရက်ပင်ကြီး ဆုံးရှုံးနစ်နာတော့မည်ကို တွေး၍ ၀မ်းနည်းနေလေသည်။
ပညာရှိအမတ်ကြီးသည် အမှားအမှန်ကို သိထားပြီးဖြစ်သော်လည်း လူကဲခတ်လို၍ ထိုသို့ ပြောဆိုခြင်းဖြစ်၏။
ယခုအခါတွင် သရက်ပင်၏ ဥစ္စာရှင်အစစ်ကို သိရတော့၏။ ထို့ကြောင့် ကေသ၀ကို ခေါ်ပြီး… `အချင်းကေသ၀၊ သရက်ပင်သည် သင်၏အပင်မဟုတ်၊ ပေမလ၏ အပင်ဖြစ်ဘိသည်။ ဟုတ်မှန်ရာကို အစစ်ခံလော´ဟု ခပ်ထန်ထန်လေသံမာမာနှင့် မေးလိုက်၏။
ထိုအခါ ကေသ၀သည် တန်ခိုးအာဏာရှိသော ပညာရှိအမတ်ကြီး၏ ခိုင်မာသော အမိန့်တော်ကို လွန်ဆန်ခြင်းငှာမ၀ံ့တော့ပဲ…`မှန်ပါသည် အရှင်´ဟု ၀န်ခံလိုက်လေသည်။
ထို့နောက် အိမ်နီးချင်းအပေါ်၌ ဤကဲ့သို့ သဒ္ဓါပျက်သော သူအားတိုင်းပြည်၌ထားရန်ပင် မသင့်လျော်ဟုဆိုကာ ကေသ၀အား တိုင်းပြည်မှ နှင်ထုတ်တော်မူပြီးလျှင် သူ၏ယာခင်းကို ပေမလအား ပေးအပ်လိုက်လေသည်။
ဘုရင်မင်းမြတ်လည်း ပညာရှိအမတ်ကြီး၏ မှန်ကန်၍ တရားနည်းလမ်းကျသော စီရင်ချက်ကို နှစ်သက်တော်မူလှသဖြင့် ပညာရှိအမတ်ကြီးအား များစွာချီးကျူးတော်မူလေသတည်း….။ ။
** အောင်ခင်စိုး **
(မဟာပညာရှိ ပုံပြင်များမှ)
**(မဟာပညာရှိ ပုံပြင်များ)**

No comments:
Post a Comment