** လုပ်ငန်းခွင် ဖိအားဒဏ် ကြုံရသည့် အမျိုးသမီးများ နှလုံးရောဂါပိုဖြစ်နိုင် **
လုပ်ငန်းခွင် ဖိအားဒဏ်ကို ကြီးကြီးမားမား ကြုံတွေ့နေရသော အမျိုးသမီးများသည် နှလုံးထိခိုက်မှု ဖြစ်ပေါ်ရန် ရာခိုင်နှုန်း ပိုမိုများပြားကြောင်း သုတေသီများက ပြောကြားလိုက်သည်။ ရုတ်တရက် နှလုံးဖောက်ပြန် တိုက် ခိုက်မှုနှင့် လေဖြတ်ခြင်းများ ဖြစ်ပေါ်လာနိုင်မှုသည် အမျိုးသမီးများ၏ အလုပ်ခွင် ပတ်ဝန်းကျင်နှင့် ဆက် စပ်နေကြောင်း သိရသည်။ ထို့အပြင် အလုပ်ပြုတ်မည်ကို စိုးရိမ်နေရသော အခြေအနေမျိုးသည်လည်း အလားတူ သက်ရောက်မှုမျိုး ရှိနိင်ကြောင်း ပညာရှင်များကဆိုသည်။ “အမှန်ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ထပ်တူအလုပ်မျိုးတွေ မလုပ်သင့်ပါဘူး။ အမျိုးသမီးတွေဟာ အလုပ်ခွင်မှာ စီမံအုပ်ချုပ်မှု လျော့နည်းတာမျိုးတွေ ကြုံရတဲ့အခါ ဖိအားဝင်ပြီး ပိုထိခိုက် ခံစားရတတ်ပါတယ်”ဟု အမျိုးသမီး နှလုံးရောဂါ လေ့လာရေး ပရိုဂရမ်မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာဆူဇန်နီ စတန်ဘွမ်းက မှတ်ချက်ပြု ပြောဆိုသွားသည်။
** ဆေးလိပ်သောက်သူနှင့် မသောက်သူတို့တွင် ဖြစ်သော အဆုတ်ကင်ဆာ ပုံစံကွဲ **
ဆေးလိပ်သောက်သူများတွင်ဖြစ်သော အဆုတ်ကင်ဆာနှင့် ဆေးလိပ်မသောက်ဘဲ ဖြစ်တတ်သော အဆုတ်ကင်ဆာတို့ အမျိုးအစား မတူနိုင်ကြောင်း သုတေသီများက သံသယ ရှိနေကြသည်။ မူလက အဆုတ်ကင်ဆာတွင် မျိုးကွဲမရှိဟု ယူဆထားသော်လည်း တစ်သက်လုံး ဆေးလိပ်မသောက်ဘဲ ရောဂါရလာသူများတွင် ရှိနေသော ကင်ဆာသည် ဆေးလိပ်အလွန်အကျွံ သောက်သူများတွင် ဖြစ်နေသည့် ကင်ဆာနှင့် ကွဲပြားမည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားရှိ BCကင်ဆာသုတေသန စင်တာမှ သုတေသီများက ဆေးလိပ်မသောက်ဘဲ ကင်ဆာဖြစ်နေသူများ၏ အဆုတ်ရှိ ကင်ဆာကြိတ်များတွင် DNAပြောင်းလဲမှု ဖြစ်စဉ်များ နှစ်ဆမျှ ရှိနေသည်ကို တွေ့ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုတွေ့ရှိမှုသည် ဆေးလိပ်ကြောင့် ကင်ဆာဖြစ်ရသူများထံမှ တစ်သျှူးနှင့် ဆဲလ်များကိုပါ နှိုင်းယှဉ်လေ့လာပြီးနောက် ဖော်ထုတ်လာနိုင်ခြင်းဖြစ်သည်။ ထိုအချက်သည် အဆုတ်ကင်ဆာ ဖွံ့ဖြိုးကြီးထွားလာမှုသည် မတူညီသော လမ်းကြောင်းများမှ ဖြစ်လာနိုင်ကြောင်း ညွှန်ပြနေသည်ဟု သုတေသီများက ဆိုသည်။ ထို့အပြင် ကင်ဆာအမျိုးအစားအလိုက် DNAပြောင်းလဲမှု မတူညီသော တွေ့ရှိမှုသည် အဆုတ်ကင်ဆာကို ကုသရာတွင် အထောက်အကူ ပြုနိုင်မည်ဟု ပညာရှင်များက မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **
** Public Health **

No comments:
Post a Comment