**ဖေါ့မရ ဖိမရဘ၀**
ကိုယ်တိုင်က တစ်ဘ၀လုံး စာနယ်ဇင်းအလုပ်ကလွဲပြီး ဘာမှ မလုပ်ခဲ့ဖူးလေတော့ စီးပွားရေးသမားလို၊ နိုင်ငံရေးသမားလို ပြိုင်ဖက်ဆိုတာမျိုး မရှိပါဘူး။ အဲဒါကြောင့် အမုန်းခံစရာမရှိဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ထင်တာမှားပါတယ်။ မုန်းသူရှိတာပါပဲ။ သတင်းစာအလုပ်ဆိုတာက သတင်းဖြစ်လာရင် ရေးရတာပါ။ ကိစ္စတစ်ခုဖြစ်လာရင် ဖြစ်တဲ့ကိစ္စကို ဖြစ်တဲ့အတိုင်း ရေးရပါတယ်။ လျော့ရေးလို့ မရသလို ပိုရေးလို့လည်း မရပါဘူး။ ဖေါ့ရေးလို့ မရသလို ဖိရေးလို့လည်း မရပါဘူး။ ဘာကိစ္စဖြစ်တယ်။ ဘယ်လိုဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အမှန်အတိုင်း အတိအကျ ရေးရပါတယ်။ ဥပမာ လမ်းလယ်က ဓာတ်တိုင်ကို ကားနဲ့ ၀င်တိုက်လို့ ဓါတ်တိုင်ကြီးကျိုးပြီး၊ လူလည်း ဒဏ်ရာရသွားတယ်ဆိုပါစို့၊ ဘယ်အချိန်က ဘယ်နေရာမှာ၊ ဘယ်လိုဝင်တိုက်တယ် ဓာတ်တိုင်ကြီး ဘာဖြစ်သွားပြီး ကားဘယ်လို ဖြစ်သွားတယ်။ ကားမောင်းတဲ့ဘယ်သူ ဘာဖြစ်သွားတယ်။ ကားပေါ်မှာ ဘယ်သူတွေ ပါရင်ပါတယ်။ မပါရင်မပါဘူး။ ဘာကြောင့် ၀င်တိုက်မိတာလဲ။ လူကိုရှောင်လို့ တိုက်မိတာလား။ အရက်အလွန်အကျွံသောက်ထားလို့ ၀င်ဆောင့်တာလား ဆိုတာမျိုး တွေကို ကာယကံရှင်များအပြော မျက်မြင်သက်သေများရဲ့ အပြော၊ ရဲစခန်း တိုင်ချက်မှတ်တမ်းဆိုတာတွေကို ပြည့်ပြည့်စုံစုံ ကြည့်ရှုမေးမြန်းပြီး အတိအကျ ပြန်ရေးရပါတယ်။
**မှန်တာရေးရင် မုန်းတယ်**
အဲဒီလို ကိစ္စဖြစ်တဲ့ အခါတိုင်း ကာယကံရှင်က သတင်းစာထဲ သတင်းပါစေချင်တာ မဟုတ်ပါဘူး။ တိုးတိုးတိတ်တိတ် ကျိတ်ပြီး ရှင်းလိုက်ချင်တာချည့်ပါပဲ။ ဒီတော့ သတင်းစာတိုက်ကိုလိုက်ပြီး သတင်းမထည့်ဖို့ ပြောပါတယ်။တချို့က တောင်းပန်ပြီး ပြောတယ်။ တချို့က ဟိန်းဟောက် ခြိမ်းခြောက်ပြောတယ်။ တချို့က လာဘ်ထိုးပြောတယ်။ သိက္ခာရှိသတင်းသမားမှန်ရင် တောင်းပန်လို့လည်း မပျော့ရပါဘူး။ ဟိန်းဟောက် ခြိမ်းခြောက်လို့လည်း မကြောက်ရပါဘူး။ လာဘ်ထိုးလို့လည်း ယိမ်းယိုင်မသွားရပါဘူး။ သတင်းမှန် မမှန်က လွဲပြီး ဘာကိုမှ မကြည့်ရပါဘူး။ သတင်းမှန်ရင် ထည့်ရမှာပါပဲ။ အဲဒီတော့ ကာယကံရှင်က မုန်းမှာသေချာတာပေါ့။
သတင်းသမားရဲ့ ဒီလို သတင်းထည့်သွင်းမှုဟာ သတင်းစာစောင်ရေတက်ဖို့အတွက် မဟုတ်သလို၊ ကာယကံရှင်များကို မစာနာ မထောက်ထားလို့ မဟုတ်ပါဘူး။ နားလည်မှုနဲ့ ကျိတ်ရှင်းလိုက်တာ မျိုးတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ ဥပဒေကို လက်တစ်လုံးကြား လှည့်စားပြီး လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်တာမျိုးတွေကို တားဆီးကာကွယ်ဖို့ ဖြစ်ပါတယ်။ ကားတိုက်မှုလေးတစ်ခုက ဆက်ပြီး တစ်သီးတစ်တန်းကြီး ဥပဒေချိုးဖောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ သတင်းစာထဲပါတဲ့ သတင်းက အဲဒါမျိုးတွေအတွက် အဟန့်အတား ဖြစ်စေပါတယ်။
**အန္တရာယ်ကြီးတဲ့အလုပ် **
ဒါက အသေးအဖွဲ့ကိစ္စလေးကို နမူနာအဖြစ်ပြတာပါ။ ကိစ္စက ကြီးမားရင် ကြီးမားသလောက် ပိုရှုတ်ထွေးပါတယ်။ သတင်းသမားအတွက် အန္တရာယ် ဖြစ်စေတဲ့ အထိလည်း ဖြစ်သွားနိုင်ပါတယ်။ လောကကြီးမှာ မှန်တဲ့အတိုင်း ပြောတာကို ခံနိုင်တဲ့ သူက ရှားတယ်မဟုတ်လား။ ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အမေရိကန်နိုင်ငံမှာတောင် တစ်ခေတ်တစ်ခါက အမှန်တရား ဘက်တော်သား လို့ဆိုတဲ့ စာနယ်ဇင်းသမားတွေနဲ့ အနုပညာသမားတွေကို ကွန်မြူနစ် တံဆိပ်တပ် ပြီး ဖမ်းဆီးနှိပ်ကွပ်တာတွေလုပ်လို့ စာရေးဆရာကြီး ဟဲမင်းဝေးတို့ ရုပ်ရှင်အနုပညာရှင်ကြီး ချာလီချက်ပလင်တို့တတွေ တိုင်းပြည်က ထွက်ပြေးခဲ့ကြရတယ် မဟုတ်လား။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီ အစိုးရလို့ဆိုတဲ့ ဖဆပလ အစိုးရလက်ထက်မှာ သက်ကြီးရွယ်ကြီး ဆရာကြီး ရွှေဥဒေါင်းလို ပုဂိုလ်မျိုးကစပြီး လူထုဦးလှ၊ ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ သခင်မြသန်း၊ မောင်နေ၀င်း စတဲ့ စတဲ့ စာရေးဆရာတွေအထိ ထောင်ထဲထည့်ခဲ့တာပါပဲ။
**ဖန်တီးသူမဟုတ်**
အဲဒီလို အန္တရာယ်တွေရှိလည်း တကယ့် သတင်းသမားစစ်စစ်ဟာ တာဝန်ကို ဘယ်တော့မှ ရှောင်သွေ မသွားပါဘူး။ မသွားပါဘူး။ ပြောသင့်တာပြော၊ ရေးသင့်တာ ရေးမှာပါပဲ။ သတင်းသမားစစ်စစ်ဟာ ကြောက်လည်းမကြောက် မြှောက်လည်း မမြောက်ပါဘူး။ ဘယ်သူ့မျက်နှာကိုမှလည်း မကြည့်ပါဘူး။ စာဖတ်ပရိသတ် ပြည်သူလူထုရဲ့ မျက်နှာတစ်ခုတည်းသာ ကြည့်ပါတယ်။ နောက်ပြီးတော့ သတင်းသမားဆိုတာ သတင်း ဖန်တီးသူ (news maker)လည်း မဟုတ်ပါဘူး။ လှုပ်အောင် ခါအောင် ရွေ့အောင် လုပ်တဲ့ shaker လည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သြဇာကြီးအောင်လုပ်ပြီး အခါတော်ပေး ဂုရုကြီး (king maker) လုပ်တဲ့သူလည်း မဟုတ်ပါဘူး။ သတင်းသမားဆိုတာ အဖြစ်အပျက်ကို ခေတ်ကို မှတ်တမ်းတင်သူသာ ဖြစ်ပါတယ်။ အမှန်ကို အမှန်အတိုင်း ပြောသူ၊ ရေးသူ၊ မှတ်တမ်းတင်သူ ဖြစ်လေတော့ အမှန်ကို ရင်မဆိုင်ရဲသူတိုင်းက မုန်းတာခံရမြဲ ဖြစ်တယ်။
**စာနယ်ဇင်းသမားတု**
သတင်းသမားကို မုန်းသူရှိသလို၊ သတင်းသမားက မုန်းသူလည်း ရှိပါတယ်။ အမှန်တရားကို နင်းချေပစ်သူ၊ အမှန်တရားကို ဖုန်းကွယ်ပြီး ဗြောင်လိမ်တဲ့သူ၊ နိုင်ငံရေးကို ဗန်းပြပြီး ကိုယ်ကျိုးစီးပွားရှာသူ စတာမျိုးတွေဖြစ်တယ်။ ဒါတင် မကသေးပါဘူး။ စာနယ်ဇင်းသမားစစ်စစ်တိုင်းက စာနယ်ဇင်းအရေခြုံ စာနယ်ဇင်း ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတဲ့သူ၊ သြဇာထူထောင်သူ၊ စာဖတ်ပရိသတ်ကို စော်ကားသူ စာနယ်ဇင်းသမားတု မှန်သမျှကိုလည်း စက်ဆုပ်ရွံရှာပါတယ်။ ဘိန်းကုန်ကူးသူတွေ၊ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရောင်းချသူတွေ၊ လက်နက်ပွဲစားလုပ်သူတွေ၊ အဏုမြူလက်နက်၊ ဓာတုအဆိပ်လက်နက်၊ ရောဂါပိုးမွှား လက်နက် ထုတ်လုပ်သူ၊ သုံးစွဲသူ၊ ခရီးသည်တွေ အပြည့်ပါတဲ့ လေယာဉ်ကြီး ပြန်ပေးဆွဲပြီး လူတွေ သောင်းသိန်းချီ ရှိနေတဲ့ အီရတ်နဲ့ အာဖဂန်နစ္စတန်က စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ လူအိုရုံတွေ အပေါ်ကို ဗုံးမိုး၊ ဒုံးမိုး ရွာချပြီး လူသတ်တဲ့ ကျူးကျော်ရေးသမား မှန်သမျှ ကိုလည်း မုန်းတီးရွံရှာပါတယ်။
**ပဉ္စမံတပ်သားပဲ**
စာနယ်ဇင်းသမားဆိုတာ ပြည်သူ့ဝန်ထမ်းပဲဖြစ်တယ်။ စာဖတ်ပရိသတ် ပြည်သူလူထုကိုသာ ဦးထိပ်ထား ကိုးကွယ်တယ်။ ဘယ်အစိုးရမျိုးကိုမှ မကိုးကွယ်သလို ဘယ်နိုင်ငံရေးအဖွဲ့ အစည်းကိုမှလည်း မကိုးကွယ်ဘူး။ အလားတူပဲ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ ဘယ်သံရုံးကိုမှလည်း မကိုးကွယ်ပါဘူး။ နိုင်ငံခြားသားတွေနဲ့ နိုင်ငံခြားသံရုံးတွေရဲ့ ဘယ်လိုပုံစံနဲ့ တံစိုးလက်ဆောင်မျိုးကိုမှလည်း လက်မခံပါဘူး။ အဲဒီလို တံစိုးလက်ဆောင်မျိုး လက်ခံရင်လည်း စာနယ်ဇင်းသမားလို့ မခေါ်နိုင်တော့ပါဘူး။ တိုင်းတစ်ပါး နိုင်ငံတစ်ခုရဲ့ ပဉ္စမံတပ်သားအဖြစ် ရောက်ရှိသွားပြီလို့ပဲ ဆိုလိုက်ချင်ပါ တော့တယ်။
** လူထုဦးစိန်ဝင်း **
(လူထုရနံ့ စာစုများမှ၊ ၅- ၉- ၂၀၀၉)
ကိုယ်နဲ့မတူတိုင်း ရန်သူလို့ သဘောမထားသင့်ဘူးဆိုတဲ့အကြောင်း မကြာမကြာ ရေးတတ်တော့ လူငယ်တချို့က အဲဒီလိုဆိုရင် ဆရာ့မှာ ရန်သူမရှိဘူးပေါ့ လို့ မေးလာကြတယ်။ စကားဆိုတာ ဘယ်စကားပဲဖြစ်ဖြစ် ပြောသူက လိပ်ပတ်လည်အောင် မပြောရင် ဒါမှမဟုတ် နားထောင်သူက သဘောမပေါက်ရင် အဓိပ္ပါယ်အမျိုးမျိုး ထွက်သွားတတ်တာချည်းပါ။

No comments:
Post a Comment