**ငတ်မွတ် ခေါင်းပါး ဆိပ်ကမ်းမှာ
ရိက္ခာပြတ် စစ်သင်္ဘော ဆိုက်ကပ်
ကိုယ်စိတ်နှစ်ဖြာ ဆင်းရဲခြင်းကို ကျောက်ဆူးချထားတယ်.....။
**ဦးနှောက်စက်ရုံက အကြံတုံး ဥာဏ်တုံးတွေ ထုတ်လုပ်တော့
အဏုမြူဗုံး ခေါင်းအုံး အိပ်လဲ မလုံခြုံတော့....။
**မတရားမှုတွေရဲ့ ပစ်မှတ်ဖြစ်နေစဲ မြို့ပြ
နလံမထူတဲ့ လူမှုစီးပွားရေး ရှေ့တန်းတိုက်ပွဲမှာ ဒဏ်ရာရ
နောက်တန်းမှာ လုံးပါးပါးပြီး ကျဆုံးကာနီးပြီ်....။
**ချောက်ထဲကျနေတဲ့ တပ်မတော်ထဲ ၀င်ပြီး
မရဏတိုင်းပြည်ကို ဗီဇာမလိုပဲ သွားဖို့
စိတ္တဇဆန်ဆန် သူခိုးက တဇွတ်ထိုး သေဖော်ညှိနေတယ်....။
**မကောင်းမှုတွေ အစုလိုက် အပြုံလိုက် အထွက်တိုးဖို့
မာန်နတ်ဆိုးက မဲလိမ်ပြီး ကိုယ်စားလှယ် လွှတ်လိုက်တာလား...။
**မိသား ဖသားပီပီ တောင်းရမ်းမယူပဲ
အမိုက်မဲ စစ်တပ်က အမြောက် သေနတ်နဲ့ချိန်ပြီး
လူလားမမြောက်သေးတဲ့ တိုင်းပြည်ကို ခိုးပြေးခဲ့တယ်....။
**ခြွတ်ခြုံကျစေတဲ့ ကျည်ဆံတွေကို ရင်းနှီးမြုပ်နှံကာ
ရှိုက်ကြီးတငင် ငိုကြွေးနေစဲ ကျေးလက်
စစ်ဝန်ထုပ်ဝန်ပိုးကို ပေါ်တာတစ်ယောက်လို ထမ်းထားရတယ်...။
**ဒုက္ခနဲ့ လွတ်ရာ ကျွတ်ရာ မပြေးသာပဲ
"လွှတ်တော် လွှတ်တော် " နဲ့
စစ်အဓမ္မအပြုခံရတဲ့ မိန်းကလေးအသံတွေက ဆူညံ
ငြိမ်းချမ်းရေး ရင်ခုန်သံနဲ့
ဒုတိယ ပင်လုံညီလာခံရဲ့အပွေ့အဖက်ကို စောင့်ကြိုနေမိတယ်...။
**အောင်ခိုင်မြင့်**

No comments:
Post a Comment