**နေတိုးရဟတ်ယာဉ် ထပ်မံပျက်ကျ ၊ကန်တပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံး**
(ကဘူးလ်၊ သြဂုတ် ၉)
အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့ပိုင်ရဟတ်ယာဉ်နောက်တစ်စင်း အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပက်တီယာပြည်နယ်၌ သြဂုတ် ၈ ရက်ညက ထပ်မံပျက်ကျခဲ့သဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးကြောင်း သြဂုတ် ၉ ရက်က ပရက်စ်တီဗွီသတင်းထောက်က အင်တာနက်သတင်းတွင် ဖော်ပြသည်။ နေတိုးတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်ပျက်ကျခြင်းမှာ ၄င်းတို့၏ လက်ချက်ဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာလီဘူလာမိုဂျာဟစ်က သြဂုတ် ၈ ရက်တွင် ပြောကြားသည်။ ရဟတ်ယာဉ်ပျက်ကျသဖြင့် လိုက်ပါလာသူ အမေရိကန်တပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးကြောင်း ၄င်းကပြောကြားသည်။ သြဂုတ် ၆ ရက်ကလည်း နေတိုးအဖွဲ့ပိုင်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့သဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးခဲ့သည်။ ယခုတစ်ဖန် တာလီဘန်တို့လက်ချက်ဖြင့် ရဟတ်ယာဉ်တစ်စင်း ထပ်မံပျက်ကျခြင်းဖြစ်သည်။ (အင်တာနက်)
**ကမ္ဘောဒီးယားကုန်တင်သင်္ဘောနှင့် ငါးဖမ်းစက်လှေတိုက်မိ**
(ဖူကျို့၊ သြဂုတ် ၉)
တရုတ်နိုင်ငံ ဖူကျို့ပြည်နယ် အရှေ့တောင်ပိုင်းကမ်းလွန်တွင် သြဂုတ် ၉ ရက် နံနက် ၄ နာရီခန့်က ကမ္ဘာဒီးယားကုန်တင်သင်္ဘောတစ်စင်းနှင့် ငါးဖမ်းစက်လှေတစ်စင်းတို့ တိုက်မိခဲ့ရာ သင်္ဘောသားနှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း တရုတ်ရေကြောင်းအရာရှိများက ပြောကြားသည်။ ကမ္ဘောဒီးယားကန်တင်သင်္ဘောပေါ်တွင် စကျင်ကျောက်များ မက်ထရစ်တန် ၅၀၀၀ သယ်ဆောင်ကာ သင်္ဘောသား ၁၅ ဦးလိုက်ပါလာခဲ့သည်။ တရုတ်ရေကြောင်းကယ်ဆယ်ရေးအဖွဲ့က အခင်းဖြစ်ပွားရာသို့ရောက်ရှိပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ သြဂုတ် ၉ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က သင်္ဘောသား ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ (အင်တာနက်)
**တရုတ်နိုင်ငံ၌ မုန်တိုင်းကြောင့် ဒေါ်လာသန်း ၄၈၀ ဖိုးဆုံးရှုံး**
(ပေကျင်း၊ သြဂုတ် ၉)
တရုတ်ကမ်းရိုးတန်ဒေသသို့ အပူပိုင်းမုန်တိုင်း ၀င်ရောက်တိုတ်ခတ်ခဲ့မှုကြောင့် နေအိမ်ရာပေါင်းများစွာပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၉၀ ဖိုးဆုံးရူံးခဲ့ကြောင်း တရုတ်အစိုးရတာဝန်ရှိသူများက သြဂုတ် ၉ ရက်တွင် ပြောကြားသည်။ မှုအီဖာအမည်ရှိ မုန်တိုင်းကြောင့် လူပေါင်း ၁ ဒသမ ၃၅ သန်းဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရပြီး နေအိမ် ၆၀၀ ကျော်ပျက်စီးခဲ့ရသည်။ ယင်းမုန်တိုင်းသည် သြဂုတ် ၉ ရက် ညပိုင်းတွင် မြောက်ကိုရီးယားသို့ ၀င်ရောက်ခဲရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး သီးနှံစိုက်ခင်း ဟက်တာထောင်ချီ ပျက်စီးသွားကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**ဖူကူရှီးမားဓတ်အားပေးစက်ရုံ ဒေါ်လာ ခုနစ်ဘီလီယံကျော် ဆုံးရူံး**
(တိုကျို၊ သြဂုတ် ၉)
မတ်လအတွင်း ဂျပန်နိုင်ငံတွင် မြေငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမား နျူကလီယားဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့ရာ ဆုံးရူံးမှုတန်ဖိုး ယန်းငွေဘီလီယံ ၅၇၁ ဒသမ ၈ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ) ဖိုးရှိခဲ့ကြောင်း တိုကျိုအီလက်ထရွန်နစ်ဓာတ်အားပေးကုမ္ပဏီ (တက်ခ်ကို)က သြဂုတ် ၉ ရက်တွင် ကြေညာလိုက်သည်။ (အင်တာနက်)
**ရုရှားနိုင်ငံ၌ ခရီးသည်တင်လေယာဉ် ပြေးလမ်းချော်**
(မော်စကို၊ သြဂုတ် ၉)
ခရီးသည် ၃၆ ဦးလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စင်းသည် သြဂုတ် ၈ ရက်က ရုရှားနိုင်ငံအရှေ့ဖျား ဘလာဂိုဗက်ချန့်လေဆိပ်၌ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦးသေဆုံးသွားခဲ့သည်။ အနာတိုနော့ဗ် - ၂၄ ဟု အမည်ပေးထားသော အဆိုပါလေယာဉ်သည် မော်စကို ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၅ မိနစ်က မိုးသည်းထန်စွာရွာသွန်းနေချိန် ဆင်းသက်ခဲ့သဖြင့် သတ်မှတ်ဆင်းသက်ရမည့်နေရာကို ကျော်လွန်ကာ မီတာ ၂၀၀ ခန့်အကွာအဝေးသို့ လမ်းချော်ရောက်ရှိသွားခဲ့သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**စုစည်းဘာသာပြန် - ကောင်းမြတ်သူ၊ မိုးမြင့်လင်းလက်**

No comments:
Post a Comment