သူမက သာမန်လူတစ်ယောက်ပါ။ သာမာန်လူတစ်ယောက်ဖြစ်တဲ့ သူမဟာ အသက်ရှင်သန် နေထိုင်နေစဉ် ကာလတစ်လျှောက် ဘ၀ရဲ့လမ်းခရီးတွေမှာ အဆုံးနိဂုံးသတ်ခဲ့ရတဲ့ ကြေကွဲစရာ လမ်းခွဲခြင်းတွေနဲ့ သုံးကြိမ်တိုင်တိုင် အသားတကျ ရင်းနှီးကျွမ်းဝင်ခဲ့ဘူးပါတယ်။
~~~~~~~@~~~~~~~
ပထမဦးဆုံး လမ်းခွဲခြင်းကို မိတ်ဆက်ခွင့် ပေးခဲ့သူကတော့ သူမရဲ့ချစ်သူပါ။ ချစ်သူနဲ့လမ်းခွဲရင် ကျန်ရစ်ခဲ့သူမှာ ကြေကွဲရတယ်၊ ခံစားရတယ်၊ တစိမ့်စိမ့်နဲ့ဆွေးမြေ့ရတယ်.. ဆိုတာ ကြားဘူးနားဝရှိခဲ့ပေမယ့် ကိုယ်တိုင်ကိုယ်ကျ ချစ်သူနဲ့သူမ နောက်ဆုံးခွဲခွာရမယ့်အချိန် ရောက်ချိန်မှာတော့ သူမဟာ သေဒဏ်ပြစ်မိန့် ကျထားပြီးထား ရာဇ၀တ်သားက သူ့ရဲ့နောက်ဆုံး နေထိုင်ခွင့် တစ်စက္ကန့်ကို တန်ဘိုးထားသလိုမျိုး တရွေ့ရွေ့သွားနေတဲ့ နာရီလက်တံတွေကို ရှေ့ဆက်မသွားနိုင်အောင် ရနိုင်သလောက်အချိန်အထိကို ဆွဲဆန့်ထားနေချင်မိခဲ့တယ်။ ချစ်သူရဲ့မျက်နှာကို မကြည့်ရက် ကြည့်ရက်ကြားက ကြည့်မ၀ဖြစ်နေခဲ့ရတယ်။ ချစ်သူက သူမနဲ့ဆန့်ကျင်စွာ မျက်ရည်ဖြိုင်ဖြိုင် ကျနေချိန်မှာ သူမက ပြုံးရယ်နှစ်သိမ့်နေလျှက်က သူမရဲ့နှလုံးသားတစ်စုံကတော့ အငြိုးတကြီးနဲ့ ချုန်းပွဲချရွာသွန်းနေတဲ့ ရင်ထဲမိုးရဲ့အောက်မှာ တုတ်တုတ်ရွှဲနစ်နေခဲ့ရဘူးပါတယ်။ လမ်းခွဲချိန်မှာ လက်ခံရယူခဲ့ရတဲ့ နှုတ်ဆက်လက်ဆောင်တွေက တကယ်မမေ့နိုင်လောက်အောင် သွေးပျက်စရာ။ တရွေ့ရွေ့ကျောခိုင်း ထွက်ခွာသွားခဲ့တဲ့ သူ့ရဲ့နောက်ကျောကို ကြည့်ရင်း မြင်ကွင်းထဲက သူပျောက်ကွယ်သွားချိန်မှာတော့ သူမရင်ထဲက နှလုံးသားတစ်ခုလုံး ဆွဲထုတ်ယူခြင်းခံလိုက်ရတာကို သိလိုက်ရတယ်။ လမ်းခွဲခြင်းရဲ့ အရသာကို ချစ်သူထံက ပထမဆုံးအကြိမ်အဖြစ် နဖူးတွေ့၊ ဒူးတွေ့ သူမ စားသုံးခွင့်ရလိုက်ခဲ့ တာပါ။
ဒုတိယတစ်ကြိမ် လမ်းခွဲခြင်းကို မိတ်ဆက်ပေးသူကတော့ အစိုးမရတဲ့၊ မြတ်ဘုရားရှင်သော်တောင်မှ ရှောင်လွှဲလို့မရလေတဲ့ သေခြင်းတရားပါ။ လွန်ခဲ့တဲ့ (၁၄)နှစ်ကာလ…။ သူမရဲ့ဘ၀မှာ မီးရှူးတန်ဆောင်လို့ ပြောလို့ရတဲ့ သူမရဲ့ အမေကွယ်လွန်ချိန်မှာတော့ သူမရင်ထဲ အစားထိုးလို့ မရနိုင်တော့တဲ့ အမေ့အတွက် ၀မ်းနည်းဆို့နင့်ခဲ့ရတယ်။ ကြေကွဲနေရှာတဲ့ အဖေ့ကို အားပေး နှစ်သိမ့်ရင်း၊ တစ်ဘက်ကလည်း အမေ့ရဲ့ နောက်ဆုံးခရီးမြေကျချိန်မှာ အဆင်ပြေချောမွေ့စေဖို့ ထောင့်စေ့အောင် ပြင်ဆင်ရယ်နဲ့ သူမကိုယ်သူမ တစ်စက်လေးမှအနားမပေးပဲ တရဇပ်လုပ်ခဲ့လို့ ပါတ်ဝန်းကျင်ကတောင် မျက်ရည်တစ်စက်ထွက်တာမတွေ့တဲ့ သူမကို တော်တော်စိတ်မာတဲ့ မိန်းကလေးလို့ ပြောတာခံခဲ့ရဘူးတယ်။ အမေ့ရဲ့ အသက်ဓာတ်ကင်းမဲ့နေတဲ့ ရုပ်အလောင်း တင်ထားတဲ့ တွန်းလှည်း မီးသဂြိုလ်စက်ရှေ့ အရောက်မှာ တော့ ပဋာမြေလူးငိုဖို့ နေနေသာသာ လက်သီးကို တင်းတင်းကြတ်ကြတ်ဆုတ်ထားရင်း ရင်ထဲမှာ ဆို့နင့်လို့ နေနေတော့တယ်။ မီးသဂြိုလ်စက်ရဲ့ ” ဂျိုင်း ” ကနဲ တံခါးပိတ်သံနောက်မှာတော့ အမေက သူမနဲ့ အဝေးဆုံး တစ်နေရာကို အပြီးအပိုင် လမ်းခွဲသွားလေပြီဆိုတာ သိလိုက်ရတော့တယ်။
တကယ်တမ်း ဒုတိယတစ်ကြိမ်လမ်းခွဲခြင်းရဲ့အဆုံးသတ်၊ အမေ့ရက်လည်အပြီး တစ်ပါတ်လုံး ညဖွင့်အိပ်ခဲ့ရတဲ့ အိမ်တံခါးတွေ လိုက်ပိတ်ချိန်မှာတော့ သူမရင်ထဲက ထိမ်းချုပ်ထားသမျှ မျက်ရည်တွေက အသောမသတ် တစိမ့်စိမ့်ယိုစီးကျလာ လေတော့တယ်။ အမေထိုင်ခဲ့တဲ့ ဖျင်ကြမ်းပက်လက် ကုလားထိုင်အဟောင်းလေး၊ အမေစိတ်နေကျ ချောမွတ်နေတဲ့ ကိုးလုံးပုတီးလေး၊ အမေ့ရဲ့ နံ့သာဖြူကိုယ်သင်းနံ့လေး၊ အမေ့နဲ့ ပတ်သက်သမျှ မြင်မြင်သမျှ အရာအားလုံးက ကသူမရဲ့ ရင်ကို တစ်စစီ အမှည့်ချွေ ဖဲ့ချွေနေလေတော့တယ်။ တစ်နေ့ ဒီလမ်းကို လူတိုင်း မလွဲမသွေသွားရမယ်ဆိုတာ သိထားပေမယ့် သူမရဲ့ ဆွေးမြေ့မှုတွေက ယနေ့တိုင် အတောမသတ်နိုင်ခဲ့ပါဘူး။ အမေက ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့် ဟိုးအဝေးကြီးကို အပြီးတိုင် လမ်းခွဲနှုတ်ဆက်လို့ သွားခဲ့လေပြီ။
တတိယမြောက် လမ်းခွဲခြင်းကိုတော့ သိပ်မကြာခင်အချိန်ကပဲ၊ မထင်မှတ်ထားလိုက်ပဲ၊ မြန်မြန်ဆန်ဆန်နဲ့ သူမထိတွေ့ခွင့်ရလိုက်ပြန်တယ်။ သူမရဲ့ ကိုယ်ပိုင်အချိန်တွေ၊ သူမရဲ့ကိုယ်စွမ်းဥာဏ်စွမ်းတွေနဲ့ရင်းပြီး မွေးဖွားခွင့်ရခဲ့တဲ့ ငါးနှစ်တိုင်တိုင် သံယောဇဉ်ကြီးစွာ၊ ပင်ပမ်းကြီးစွာနဲ့ လုပ်ခဲ့တဲ့ သူမရဲ့အလုပ်ကလေးနဲ့ သူမ အပြီးတိုင်လမ်းခွဲရဖို့ ကံကြမ္မာက ဖန်တီးလာပြန်တယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အလုပ်ကို ချက်ချင်းရပ်ဆဲဖို့ သိလိုက်ရချိန်မှာတော့ သူမခံစားတွေ့သိခဲ့ရဘူးတဲ့ လမ်းခွဲခြင်းတွေက အထိတ်တလန့်နဲ့ သူမရဲ့ အာရုံမှာ ချက်ချင်းပင် ပုံရိပ်ထင်လာလေတော့တယ်။ သူမရဲ့ပတ်ဝန်းကျင်မှာ သူမရဲ့ အလုပ်နဲ့ ဆက်စပ်ပြီး ကောင်းမွန်တဲ့ မှတ်ကျောက်တစ်ခုအဖြစ် ဖန်တီးခွင့်ရခဲ့ပေမယ့် တကယ်တမ်း သူမရဲ့ ဒုတိယအိမ်လို့တောင် ပြောလို့ရတဲ့ ဒီအလုပ်လေးနဲ့ ကတ္တီပါလမ်းခွဲ..၊ ခွဲရချိန်မှာတော့ သူမ အတိုင်းမသိ ကြေကွဲရပြန်ပါတယ်။ ကိုယ်တိုင်တည်ဆောက်ခွင့်ရခဲ့တဲ့ အဆောက်အဦလေး ပြိုပျက်သွားချိန်မှာ ဆောက်တည်ရာမရ စိတ်တွေကို အပြုံးတွေနဲ့ဖို့သိပ်၊ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက် နောက်ဆုံးရနိုင်ဆုံး အခွင့်အရေးတွေကို အရယူပေးခဲ့ရပြန်တယ်။ သူမရဲ့ ပူပန်မှုတွေ၊ သူမရဲ့ စာနာမှုတွေ၊ သူမရဲ့ နှမြောတသမှုတွေ၊ သူမရဲ့ ၀မ်းနည်းမှုတွေက သူမကို အချိန်နဲ့အမျှ ပြန်လည်ဖိစီးခဲ့တယ်။ လက်ရှိရထားတဲ့၊ အောင်မြင်အရှိန်ရနေပြီးဖြစ်တဲ့ အေဂျင်စီကို နောက်အသစ်တစ်ဦးကို တရားဝင်လွှဲပေးချိန်မှာတော့ သူမရင်ထဲ ကြေကွဲမှုတွေက ထုနဲ့ထည်နဲ့ တအိအိပြိုကျလို့။
လမ်းခွဲခြင်းတွေက သူမအတွက် တကယ့်ကို ပူလောင်လှပါတယ်။ အခုအခါမှာတော့ သူမဟာ သူမရင်းနှီးခဲ့ရတဲ့ ဘ၀ရဲ့လမ်းခွဲခြင်းတွေကနေ သူမ ပြန်လည်ရရှိလိုက်တဲ့ ကြေကွဲဆို့နင့်ခြင်းတွေကို မနိုင်မနင်း ထွေးပိုက်ထားနေရမှန်း သူမကိုယ်သူမ သတိပြုလာမိနေလေပြီ။ လမ်းခွဲချိန်ရဲ့နောက်ဆုံး စက္ကန့်တိုင်းမှာ မျက်ရည်တွေ တတွေတွေကျသင့်၊ ကျနေရမယ့်အစား ကိုယ့်ကိုယ်ကိုရော၊ သူတို့ကိုပါ ပြုံးရယ် နှစ်သိမ့်နေနိုင်ခဲ့တာတွေးမိတော့ သူမက ကြေကွဲလျှက်ကြားက ကျေနပ်စွာ ပြုံးနေမိပြန်တယ်။ တကယ်တော့ သူမက ကြေကွဲမှုတွေနဲ့ အသားတကျဖြစ်လို့နေလေပြီ။ တကယ်လို့များ နောက်ထပ်.. နောက်ထပ် လမ်းခွဲခြင်းဆိုတာတွေနဲ့ သူမတွေ့ကြုံလာရဦးမယ်ဆိုရင်လည်း လုံးဝမမှုချင်တော့ပါဘူး။ သူမရင်ဆိုင်နိုင် ဦးမယ်လို့ ယုံကြည်ထားပါတယ်။ ကြေကွဲခံစားမှုတွေက သူမနဲ့ အသားတကျရှိနေပြီးသားလေ။
ရှိုက်ကြီးတငင်နဲ့ ငိုကြွေးမိချင်စိတ်ဖြစ်နေချိန်မှာ ဟန်မပျက်ပြုံးရယ်နေနိုင်ဖို့ အားထုတ်ရတဲ့ ပင်ပမ်းဆင်းရဲမျိုးကို သူမမုန်းတီးနေမိပြီး အပြုံးစစ်စစ်နဲ့ ရယ်မောနေခွင့်ကိုသာ သူမက နှစ်ခြိုက် တမ်းမက်လို့နေမိတော့တယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment