“သတိ…..အရှေ့နားတွင် မြို့တစ်မြို့ ရှိလေသည်”
(အက်ဆေး)
အရင်တုန်းကတော့ လူကို ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါဟု သတ်မှတ်ကြသည်။ ထပ်ပြီး ဖြည့်စွက်ရတော့မည်။ လူသည် ပေါင်းကူးသွားလာရေး သတ္တ၀ါ လည်း ဖြစ်သည်။ ကုန်သွယ် ရောင်းဝယ်ရေး၊ ဗဟုသုတရှာဖွေရေး၊ ပညာ ဆည်းပူးလေ့လာရေး၊ ငြိမ်းအေးချမ်းသာရေး အကျိုးတို့ကိုမျှော်ကိုးသည့် အလို့ငှာ လူတို့သည် တနေရာမှ တနေရာ ကူးလူးသွားလာကြသည်။ ရင့်ကျက်ပြီးသူတို့ဆီမှ ပြန်လည် ဝေမျှယူကြသည်။ မပြည့်သေးသော အိုးတို့က ထပ်မံဖြည့်စွက် ကြသည်။ မိမိတို့ ကျွမ်းဝင်ပြီးသော နေရာဒေသတစ်ခုမှသည် နောက်တခုဆီသို့ ဦးတည် ပျံသန်းကြသည်။ ပထမဆုံး ခြေလှမ်းကို စတင်လိုက်သည်နှင့် တစ်ပြိုင်နက် အောင်မြင်သော ခရီးဆုံးကို ရောက်ရှိနိုင်ရန် ထိုသူတို့အားလုံးသည် မြို့တစ်မြို့ကို မလွဲမသွေ ဖြတ်သန်းရတော့သည်။ ထို့မြို့တော်သည် အောက်ပါ အင်္ဂါရပ်တို့ဖြင့် မွမ်းထုံလျက်ရှိနေသည်။ ထိုမြို့သည် သွားရေး လာရေး လွယ်ကူ အဆင်ပြေသည့် နေရာတွင် ရှိသည်။ ရောက်ဖူးလိုသော ဆန္ဒရှိသည့် လူတိုင်းလိုလို အဆင်ပြေ ချောမွေ့ စွာ ရောက်ရှိနိုင် သည်။ ထို့အတွက်ကြောင့်ပင် ထိုမြို့တော်၏ တည်နေရာကို တိတိကျကျ ပြောဖို့ ခက်နေတတ်ပြန်သည်။ ကျေးလက်ဒေသနှင့်လည်း နီးသည်။ ခေတ်မှီ ဆန်းပြားသော တခြား မြို့ကြီးများနှင့်လည်း များစွာ အလှမ်းမဝေး။ မလှမ်းမကမ်းမှ ငေးကြည့်လိုက်လျှင်တော့ ထိုမြို့သည် တော်ဝင်မင်းသမီး တပါးနှယ် ရင်သပ်ရှု့မောမဆုံးဖွယ်ဖြစ်ပြီး အနီးကပ် သွားရောက်သည့်အခါတွင်တော့ မှော်သေတ္တာတစ်ခုသဖွယ် အံ့သြဖွယ်ရာ အဖြာဖြာကို လှစ်ဟပြနေပါသည်။ စင်စစ်တော့ ထိုမြို့တော်ကို အလွှာ ၂ မျိုး ၂ စားဖြင့်သာ တည်ဆောက်ထားလေသည်။ မြိ့တစ်မြို့၏ ကြွယ်ဝမှုကို ပြသနိုင်သည့် ပြယုဂ်တချို့ကို ကြည့်ကြပါစို့။ မြို့တွင်းရှိ လမ်းဘေး ၀ဲယာ တစ်ဘက် တစ်ချက်စီတွင် ကောင်းကင်သို့ ပျံတက် လုနီးပါး ကော့ညွှတ်နေသော အဆောက်အဦးတို့ များစွာ ရှိလေသည်။ ပညာရည်ပြည့်ဝနေသော ဗိသုကာ အကျော်အမော်တစ်ယောက်၏ လက်ကြားမှ ယိုစိမ့်ထွက် လာသော အံ့ချီးဖွယ် လက်ရာတို့သည် ဤအရာတို့ကို ဖန်တီးပေးခဲ့သည်။ မြေပြင်သို့ ခြေကုပ်ယူဟန်၊ ကောင်းကင်သို့ ပျံတက်တော့မည်ဟန် ပြုနေသော ဤအဆောင်တို့သည် မိုးသို့ ရုတ်ချည်းရုန်းထွက်တော့မည့် စွန်ရဲတစ်ကောင်၏ အားမာန်ကဲ့သို့ တက်ကြွ လန်းဆန်းနေသည်။ အဆောက်အအုံများ အတွင်းရှိ အဆောင်အယောင်အသီးသီးတို့သည် ရာစုနှစ်၏ ပုံမှန် ၀င်သက် ထွက်သက်များအတိုင်း သစ်လွင်လျက်ရှိသည်။ ဧည့်ခန်းတွင် အခန့်သား တည်ရှိနေသော ဆိုဖာခုံတို့သည် လင်းသော အရောင်တမျိုးကို ဆောင်လျက် ပြောင်လျက် ၀င်းလျက် တည်ရှိနေသည်။ လူတကိုယ်လုံးကို နစ်မြှုပ် သွားအောင် နူးညံ့အိစက်သော ဆိုဖာခုံတို့၏ အောက်ခြေသည် တစ်ထွာခန့် အထုရှိသော အခင်းကဗ္ဗလာတွင် အိလျက် ပုံလျက်ကျနေသည်။ ထိုဧည့်ခန်းနေရာ တို့ကို လေ၀င်လေထွက် ကောင်းစေရန်အလို့ငှာ ဖွင့်ဟထားသော ပြတင်းတံခါးတွင် အနုပညာသက်တမ်းကို ခန့်မှန်းရ ခက်သည့် ကနုတ်ပန်း လက်ရာတို့သည် ခန့်ငြားစွာပင် တည်ရှိနေသည်။ မွှေးထုံသော ရနံ့၊ လတ်ဆက်နေသော သင်္ခါရတို့သည် ထိုပြတင်းတံခါးမှသည် ဥဒဟို ဖြတ်သန်းသွားလာနေသည်။ သို့သော် ထိုင်ရာမှထပြီး ထိုပြတင်းတံခါးတို့ကို ကျော်လွန် ကြည့်လိုက်သည် ရှိသော်..။ မည်ကာမတ္တ အိမ်ဟုသာ ဆိုကြပါစို့။ မြေစိုက်တဲဟု ဆိုလျှင်လည်း ပိုပြီး လိုက်ဖက်ညီပါလိမ့်မည်။ ပြားဝပ်နေသော အိမ်အမိုးထက်တွင် အုပ်လျက် ကာလျက်ရှိသော သက်ကယ် သို့မဟုတ် ဓနိပျစ်တို့သည် ကြက်ခြံတွင် ကာသည့် ၀ါးခြမ်းပြားတို့သဖွယ် ကြဲလျက် ရှိသည်။ ဇရာ၏ ထုထောင်း မောင်းနှင်ခြင်းမှာ သက်တမ်းရင့်ခဲ့ရသော ကျူထရံအကာတို့သည် တပေါင်းနွေအောက်က သစ်ခြောက်ပင်တို့သဖွယ် အပူဒဏ်ကို တွန်းလှန်နိုင်စွမ်း ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ သက်ကြားအို တစ်ယောက်၏ အရိုးအဆစ်များကဲ့သို့ အရောင်ခြောက်ကာ အရိုးငေါထွက်နေသည့် အိမ်ရှိအချင်တန်းများသည် အိုမင်းညစ်ထပ်မှုကို လှစ်ဟာ ပြနေသည်။ ထိုသို့ ကျန်းမာရေးချို့တဲ့မှုအသွင်ကို ဆောင်နေသောချိနဲ့နဲ့ အမိုးကြားမှ ယိုစိမ့်ကျလာသော အရွယ်အစားစုံ နေစက် နေပြောက်တို့သည် ၀ါးပိုး ၀ါးကြမ်းခင်း တစ်လျှောက် ဖြန့်ကျက်နေရာယူထားသည်။ တချို့ နေပြောက်တို့သည် အနားပဲ့နေသော ကြွေရည်သုတ် ချိုင့်ခွက်အဟောင်းတွင်းတွင် ၀င်ရောက်နေရာ ယူသနေသကဲ့သို့ တချို့ကတော့ ရွဲ့စောင်းနေသော ဒန်အိုးဖုံးပေါ်တွင် တင်ကျန်နေသည်။ ကျိုးကျနေသော ၀ါးကြမ်းခင်း၏ ထိုးထိုးထောင်ထောင် အစိတ်အပိုင်း တို့တွင်လည်း နေရောင်ပြောက်က နေရာယူထားသည်။ အဆုံးစွန် ဆိုရလျှင် တစ်အိမ်လုံးတွင် နေရောင်မခသော နေရာသည် တနေရာတည်းတွင်သာ ရှိသည်။ အိမ်ကြမ်းခင်းအထက် ၂ ပေ ခန့်မြင့်သောနေရာတွင် ၀ါးကိုပင် အသုံးပြုထားသော ဘုရားစင်ရှိပြီး ထိုဘုရားစင်အောက်တွင် နေစက်နေပြောက်တို့ ကင်းဝေး ကြသည်။ မြင့်သော ထိုနေရာအထက်တွင် မြတ်ဗုဒ္ဓ၏ ကားချပ်သည် တင့်တယ်စွာ စံမြန်းတော်မူသည်။ မြေသားတို့ဖြင့် ပြုလုပ်အပ်သော မြေပန်းအိုးသည် ညိုသော အရောင်အဆင်းကို ဆောင်နေသော်လည်း သူ့တွင်ရှိသည့် စိမ်းသော၊ ၀ါသော ရွက်လှပန်း၊ ဇော်ဂျီပန်းတို့သည် ရှင်တော်ဘုရားအား ဦးခိုက်ကြည်ညိုနေကြသည်။ သို့ဖြစ်လေရာ ဤအိမ်များသည် ခြောက်နေသယောင်နှင့် စိမ်းစိုနေကြမြဲဖြစ်သည်။ ဤတဲအတွင်းမှ လူအများတို့သည် ကိုယ်ကာယကို အားပြုရာရောက်သည့် သို့တည်းမဟုတ် ခွန်အားကို အားပြုရသည့် အလုပ်အကိုင်တို့ကို လုပ်ကိုင်ကြလေသည်။ သူတို့၏ ကျယ်ပြန့်လှသော ကျောပြင်ကို အားပြုရာမှ ရလာသော အခကြေးငွေတို့တွင် ချွေးစ ချွေးနတို့ဖြင့် လိမ်းကျံနေပြီး ထိုအဆင်တန်ဆာကပင် ခြေ၊ လက် လှုပ်ရှားမှုတိုင်းကို တန်ဖိုးမြင့်တက်စေသည်။ ဗြက်ကျယ်လှသော ဖ၀ါးတို့ဖြင့် ဦးတည်ရာ အရပ်ဒေသတိုင်းသည် ကိုယ့်ခွန် ကိုယ့်အားကို တိုးပွားစေရန် အားပေးအားမြှောက်ပြုရာရောက်သည်။ သို့သော် သန့်စင် ကြည်မွတ်သော ထိုချွေးစက်များထဲမှ တချို့ကမူ မိမိတို့အရပ်ဒေသကို စွန့်ခွာပြီး ညွှတ်နေသော အဆောက်အအုံတို့ရှိရာ ဦးတည် ပြိုဆင်းလာကြသည်။ ထိုချွေးစက်တို့ကို အခြေမဲ့ အနေမဲ့များဟု သမုတ်ကြကုန်သော အိမ်ကြီးရှင်တို့အတွက်ကတော့ ငွေကြေး ရှာဖွေမှုသည် မှော်ဆန်လွန်းနေသည်။ ချွင်ခနဲ ထိခတ် လိုက်သော အသံတို့၏ အဆုံးတွင် အိမ်ကြီးရှင်တို့၏ ဓနဥစ္စတို့သည် ဖွေးကနဲ၊ လက်ကနဲဖြင့် တိုးပွားလာကြသည်။ ယုတ်လျော့သွားကြသည်။ ဘုရင်မသည် လည်းကောင်း၊ ညှင်းသည်လည်းကောင်း ကောင်းရောင်း ကောင်းဝယ်ဖြစ်သည်။ ပြဌာန်းချက်များသည်လည်း သူတို့အဖို့ရာ ကျြွေတစ်လှည့် ကြက်တခုန်ဖြစ်လေ သည်။ ဥာဏ်အကူမသုံးလေသည့်တိုင်အောင် သူတို့လက်အတွင်းဝယ် ပိန်းပိတ်အောင်ထူသည့် ငွေဖြူတို့ရှိနေကြသည်။ သူတို့လက်ခေါက်မှုတ်လေရာ ကျင်လည်နေကြသော ဘ၀တို့သည်ကား မတူညီလေရာ အဆောက်အအုံ ၂ ခုကို လူးလားခေါက်ပြန်ကူး သန်းနေကြသည်။ အ၇ပ်၂ ခုကြားတွင် ပိုင်းခြားထားသောစည်းတံခါးသည် လူမှုရေးလိုဘ မပြည့်မှုများကြားတွင် အကြိမ်ကြိမ် အဖွင့်အပိတ်လုပ်နေရသည်။ လှ၍ မပြည့်စုံသောသူများသည် ထိုစည်းရိုးတို့ကို အကြိမ်ကြိမ်ခုန်ကြသည်။ ပြည့်စုံနေလျက်က ထပ်မံဖူလုံချင်သူတို့ကလည်း စည်းကို ဖောက်မြဲဖောက်နေကြသည်။ ထိုသူတို့သည် မည်ကဲ့သို့ပင် လှသော၊ ယဉ်သော စကားလုံးတို့ကို ကြားညှပ်သုံးနေစေကာမူ အလိုက်ဖက်ဆုံးသော ဝေါဟာရသည် လော်လီဖောက်ပြားမှုသာ ဖြစ်သည်။ သူတို့သည် ငွေကြေးလိုအပ်မှုအတွက်ကြောင့် ခြံခုန်ကြသည်ဟုဆိုလျှင် ဖြူစင်သော ချွေးစက်ကို ရင်းသူတို့က ရွံ့ကြပေလိမ့်မည်။ မှန်သောအကျင့်ကို တောင်းတွင် ထည့်၍ နေရာတကာလှည့်ကာ ဈေးရောင်းသူတို့က ထိုသူတို့ကို ဟားကြပေလိမ့်မည်။ ခြံထွက်သီးနှံတို့ကို စည်းပိုးချည်နှောင်ပြီး သမာဓိဖြင့် အရောင်းအ၀ယ်ပြုကြသူတို့က လှောင်ပြောင်ကြပေလိမ့်မည်။ ထိုသူတို့၏ အပြုအမူကို ကလေးငယ်များကအစ ရွံ့ကြောက်ကြသည်။ စောင့်ထိန်းအပ်သော သိက္ခာတစ်ရားကို တစ်ပိုင်းတစ်စစီ ခုတ်ထစ်ရောင်းချသူများသည် ၀မ်းရေးအတွက်ဆိုသော အကြောင်းပြချက်ကိုပေးသည့်အခါ ပြာသောပင်လယ်တို့က လှိုင်းတံပိုးထကာ ဟားတိုက်ရယ်မောကြသည်။ ထိုသို့ ကွဲပြားခြားနားနေသော မြို့ရှိ လူတိုင်းလိုလိုတွင် ထိုက်သင့်သည့် စဉ်းစားတွေးခေါ်နိုင်စွမ်းများ ရှိသည်ကလည်း အမှန်ပင်ဖြစ်သည်။ သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး သင့်လျော်သော အယူအဆတို့ကို မွေးမြူပျိုးထောင်နိုင်ကြသည်။ သူတို့မှ ဆင့်ပွားလာသော မျိုးဆက်သစ်များအတွက် သူတို့က မိရိုးဖလာ အလေ့အကျင့်တို့ကို ကိုင်းကူးပေးနိုင်ကြသည်။ ဘိုးဘေးအစဉ်အဆက်က စရိုက်လက္ခဏာတို့သည် အဖေမှသား၊ အဘိုးမှ မြေးဆီသို့ ဆင်းသက်လာကြသည်။ မိမိတို့အလေ့အထ၊ မိမွေ ဖမွေကို ထိန်းသိမ်းသော ဂုဏ်ပုဒ်ကို ထိုမြို့ရှိ မွဲသောအဆင်းရှိသူတို့တွင်လည်းကောင်း၊ ပြောင်လက်သော အဆင်းရှိသူတို့တွင်လည်းကောင်း အသီးသီးတွေ့ကြရမည်ဖြစ်သည်။ ဤသို့ အမျိုးဂုဏ်ကို ထိန်းသိမ်းထားခြင်းသည် သူတို့မှီတင်းနေထိုင်ရာ အဆောက်အအုံ တို့နှင့်မသက်ဆိုင်ချေ။ တစ်စံတစ်ယောက်၏ တွန်းအားမပါဘဲ နှလုံးသား၏ စေ့စော်မှုအတိုင်းသာ ဖြစ်လေသည်။ သို့သော် ပြည့်စုံခြင်း၊ မပြည့်စုံခြင်းဆိုသော အလွှာ ၂ ရပ်လုံး၌ပင် အောက်ကလိအာ၊ အာကလိအောက်များလည်း ရှိနေကြပြန်သေးသည်ကိုတွေ့ရလိမ့်မည်။ အချိန်ကာလတစ်ခုတွင် ရွေ့လျားပြောင်းလဲသွားသော ခေတ်ကို အကြောင်းပြုလျက် မိမွေ၊ ဘမွေတို့ကို စွန့်ခဲ့ကြသူများ ရှိလာကြသည်။ ခေတ် သည် နေရာဒေသ မရွေး၊ ကြီးငယ် ကျားမမရွေး ဖြတ်သန်းသွားသော်လည်း ခံယူလိုက်သော မြို့သူ၊ မြို့သားတို့ အတိမ်အနက် သဘောထားများ အလျောက် ယဉ်ကျေးမှုတို့ ကမ်းပါး ပြိုခဲ့ရသည်။ လွတ်လပ်မှုကို ရှာဖွေလျက်က သူတို့သည် စောင့်ထိန်းအပ်သည်တို့ကိ ပြုတ်ထွက်စေခဲ့ကြသည်။ သို့ဖြစ်လေရာ ထိုမြို့၌ပင် ခေတ်ကို နောက်ခံ ထားလျက် မျိုးရိုးဂုဏ်ကို စောင့်ထိန်းသူနှင့် မျိုးရိုးဂုဏ်စွန့်သူ ဟူ၍ လူတန်းစား ၂ ရပ် ရှိနေပြန်သည်။ ဆိုရသည်ရှိသော ထိုမြို့တော်တွင် ချမ်းသာသူနှင့် ဆင်းရဲသူ၊ ပျော်ရွှင်ရသူနှင့် စိတ်ပင်ပန်းနေရသူ၊ အကျင့်စာရိတ္တကောင်းသူနှင့် လော်လီဖောက်ပြားသူ၊ အမျိုးဂုဏ်ကိုစောင့်သူနှင့် စွန့်ခွာသူ ဟူသော ဆန့်ကျင်ဘက် အလွှာကြီး ၂ လွှာတို့က ကြီးစိုးနေကြသည်။ မိမိတို့ လိုရာခရီးကို အတိမ်းအစောင်း မရှိ ရောက်ရှိနိုင်သူများသည် ထိုမြို့ကို လိမ္မာပါးနပ်စွာ ဖြတ်သန်းနိုင်စွမ်းရှိဖို့ကိုတော့ အတော့ကို သတိထားရပေလိမ့်မည်။
**နှင်းနုလွင်**

No comments:
Post a Comment