- နှုတ်ဆက်ကြစို့နော်-
ကျွန်မ“အချစ်”ဆိုတဲ့အရာကို မယုံကြည်ဘဲ နေထိုင်လာခဲ့တာ ဆယ်ကျော်သက်အရွယ်ကိုကျော်လွန်လို့ အများက အပျိုကြီးလို့ခေါ်ဝေါ်နောက်ပြောင်လာကြတဲ့ သုံးဆယ်ကျော်အရွယ်ထိ ကြာလှပေါ့ … တစ်ကယ်လည်း ကျွန်မ မယုံကြည်လို့ တစ်ကိုယ်တည်းအပျိုကြီးလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့လွတ်လပ်စွာနေထိုင်ရှင်သန်လာခဲ့တာပါ … ဒါပေမယ့် “သူ” …. သူကဘာလို့ကျွန်မဘ၀ထဲကို မဖိတ်ခေါ်ဘဲ ၀င်ရောက်လာခဲ့တာပါလည်း … မနှင်ဘဲနဲ့ရော ဘာလို့နှုတ်မဆက်ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ရတာလည်းဆိုတဲ့ မသေချာတဲ့အတွေးတွေနဲ့ ယောင်ချာချာနဲ့အတိတ်ကနေ့ရက်တစ်ချို့ကိုပြန်လည်တွေးမိတဲ့အခါ ... ဒီနေ့ကျွန်မစိတ်တွေ ဘာဖြစ်နေမှန်းကို နားမလည်နိုင်တော့ပါဘူး … ဘာကြောင့်လည်း အမည်တပ်လို့မရ … အလုပ်ထဲလည်း စိတ်နှစ်လို့မရ … ဘာအတွက်လည်းခေါင်းစဉ်တပ်လို့မရဘဲ စိတ်တွေဂယောက်ဂယက်ဖြစ်နေမိတယ် … ဒါနဲ့စိတ်ပြေလက်ပျောက် ကော်ဖီဖျော်ဖို့ dining room ဘက်ကို ထွက်လာတော့ “မမရေ … ဖုန်းလာနေတယ်” ဆိုတဲ့ ညီမလေးတစ်ယောက်ရဲ့ခေါ်သံကြောင့် အခန်းထဲပြန်ဝင်လာပြီး ဖုန်းနားထောင်လိုက်တော့ “ကိုယ်ပါ“ ဆိုတဲ့ ခပ်ချိုချိုစကားသံနဲ့ မနေ့တစ်နေ့ကမှ အလုပ်ကိစ္စနဲ့ခင်မင်ခဲ့သူ ရွှေအလင်္ကာကုမ္ပဏီက GM ဆိုတဲ့ လူပျိုကြီးကိုမင်းသူပါ … “ဟုတ်ကဲ့ … ကိုမင်းသူ … ကျွန်မဘာများကူညီရမလည်းရှင်” လို့ ကျွန်မဘက်ကအမေးအတွက် ရေရေရာရာတိတိကျကျမရှိတဲ့ အဖြေတွေနဲ့ နောက်ဆုံးသူပြောသွားတာက “သတိရလို့ ဖုန်းဆက်တာပါ”တဲ့ … ကျွန်မ အံ့သြခြင်းများစွာနဲ့ ဘာမှတောင်ပြန်မပြောနိုင်ခင်လေးမှာပဲ ဖုန်းချသွားပါတယ် … ဖုန်းခွက်ကိုကိုင်ရင်း ကြောင်ပြီးရပ်နေတဲ့ ကျွန်မကို ညီမလေးတစ်ယောက်က “မမ ဘာဖြစ်လို့လည်းဟင်”လို့ စိတ်ပူစွာမေးသံကြားတော့မှ ကျွန်မသတိပြန်ဝင်လာပါတယ် … သတိထားလိုက်မိတဲ့အချိန်မှာပဲ ကျွန်မရင်တွေ တလှပ်လှပ်ခုန်နေတာကို သိလိုက်တော့ ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်ရင်း ကော်ဖီဖျော်ဖို့တောင် မေ့သွားပြီး ကျွန်မရဲ့အလုပ်ခန်းလေးထဲပြန်ဝင်လာလိုက်ပါတယ် … မနက်ကတည်းက အဖြေရှာမရတဲ့အကြောင်းအရာ တစ်ခုကိုတော့ ကျွန်မသိလိုက်ရပါတယ် … ညကအိမ်မက်ထဲမှာ ကိုမင်းသူနဲ့အတူ ကျွန်မတို့ မင်္ဂလာခန်းမထဲမှာ အတူလက်တွဲလို့ပြုံးနေကြတာဆိုတဲ့ အိမ်မက်ကြောင့်ပဲ ကျွန်မစိတ်တွေ ယောက်ယက်ခတ်နေခဲ့တာပဲ။
ကျွန်မ မသိမသာမျှော်လင့်နေခဲ့တာပဲ … လွန်ခဲ့တဲ့(၃)ရက်လောက်က ကျွန်မတို့ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်းတစ်ခုလုပ်ဖို့ သဘောတူစာချုပ်ချုပ်တဲ့နေ့လေးမှာ ရွှေအလင်္ကာကုမ္ပဏီက ကျွန်မထက် အနည်းငယ်အသက်ကြီးတဲ့ ကိုယ်စားလှယ်ဆိုသူ GM ကိုမင်းသူနဲ့ဆုံတွေ့ခဲ့ရပါတယ် … စာချုပ်လက်မှတ်ထိုးနေကတည်းက သူ့ရဲ့အကြည့်တွေအတွက် ကျွန်မ မလုံမလဲဖြစ်နေခဲ့ရပါတယ် … လက်အောက်ဝန်ထမ်းတွေရှေ့မှာဆိုတော့ ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့ရပေမယ့် ရင်တွေတဒိတ်ဒိတ်ခုန်နေခဲ့တာကို ကျွန်မကိုယ်တိုင်သတိထားမိခဲ့ပါတယ် … ခုတော့ တိုက်ဆိုင်စွာပဲ သူက ကျွန်မဆီဖုန်းဆက်လာတော့ အံ့သြစွာနဲ့ပဲ ၀မ်းသာခဲ့ရပြန်ပါရော … ဒီလိုနဲ့ ဒီလိုနဲ့ပဲ ကျွန်မနဲ့သူ အလုပ်ကိစ္စကြောင့်မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပါ အပြင်မှာ တွေ့ဖြစ်ခဲ့ကြပါတယ် … ရုံးကို သူရောက်လာရင်လည်း ကျွန်မအတွက် မုန့်… ဒါမှမဟုတ် ဘာအထိမ်းအမှတ်မှ မရှိဘဲနဲ့ လက်ဆောင်တစ်ခုခု အမြဲပါလာနေကြပါ … တစ်ရက်တော့ မထင်မှတ်ဘဲ ပန်းစည်းလက်ဆောင်ရ လိုက်တော့ ရုံးကညီမငယ်လေးတွေက ပြုံးစိစိနဲ့ စနောက်ကြတော့ ရှက်လည်းရှက် ကြည်လည်းကြည်နူးမှုတွေနဲ့ ကျွန်မပျော်ခဲ့ရပါတယ် … ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မကို Propose လုပ်တဲ့သူတွေဆီက လက်ဆောင်ရခဲ့ဖူးပါတယ် … အဲဒီအချိန်တုန်းက အချစ်ကိုမယုံကြည်သူ ကျွန်မအနေနဲ့ ဟာသတစ်ခုလို သဘောထားပြီး ရခဲ့တဲ့လက်ဆောင်တိုင်းကို လွှင့်ပစ်ခဲ့တာချည်းပဲ … ချစ်တယ်လို့ပြောလာ သူတိုင်းကို ဟားတိုက်ရီမောခဲ့ဖူးတာချည်းပဲပေါ့ … တစ်ချို့က ကျွန်မကိုမာနကြီးသူ … မာန်တက်နေသူ အဖြစ်တောင် သတ်မှတ်သွားကြသေးရဲ့ … ခုတော့ ကျွန်မ သူ့ဆီက လက်ဆောင်လေးတွေကိုလည်း မြတ်နိုးတတ်နေပါပြီ … သူ့ပါးစပ်ကဖွင့်ဟလို့ ပြောလာမယ့် စကားတစ်ခွန်းကိုလည်း စောင့်မျှော်တတ်လာပြီလေ … ကျွန်မမျှော်လင့်တဲ့အတိုင်းပါပဲ သူ့ဘက်ကလည်း ကျွန်မကြားချင်တဲ့စကားတစ်ခွန်းကို ဖွင့်ပြောလာခဲ့တုန်းက ရင်တွေခုန်လို့ ဘယ်လောက်ပျော်ရွှင်ခဲ့ရတယ်ဆိုတာ သူနားလည်နိုင်ပါ့မလား … သူဖွင့်ပြောပြီး လေးငါးလအကြာမှာ သူ့အချစ်ကို ကျွန်မလက်ခံခဲ့ပါတယ် … သူနဲ့ကျွန်မ ချစ်သူသက်တမ်း တစ်နှစ်ကျော်လောက်အကြာမှာတော့ ကျွန်မကို လက်ထပ်ခွင့်တောင်းလာခဲ့ပါတယ် … ကျွန်မလည်း ချစ်တဲ့သူနဲ့ အတူနေရဖို့အရေးဆိုတော့ ဟန်ဆောင်မှုကင်းမဲ့စွာနဲ့ ခေါင်းညိတ်လက်ခံခဲ့ပါတယ် … ဒီလိုနဲ့ ကျွန်မနဲ့သူ အပျော်တွေတနင့်တပိုးနဲ့ မင်္ဂလာကိစ္စအတွက် ကြိုးပမ်းနေစဉ် တစ်ရက်မှာ … “ဆုနှင်း … မင်းဘာလို့ ခုချိန်ထိ ကိုယ့်ကို ချစ်တယ် ဆိုတဲ့စကားတစ်ခွန်းကို မပြောရတာလည်း … မင်းဆီက အဲဒီစကားကြားချင်လို့ ကိုယ်ခဏခဏ မေးတာလည်း ရှောင်ထွက်ပေါင်း များလှပြီ … ခုမင်္ဂလာဆောင်ဖို့တောင် လုပ်နေကြပြီ … ဘာလို့တစ်ခါလောက် ကိုယ့်ကို ချစ်တယ် ဆိုတဲ့စကားတစ်ခွန်း မပြောနိုင်ရတာလည်းကွာ … မင်းပါးစပ်က ချစ်တယ်လို့ မပြောမချင်း မင်းအချစ်ကို ကိုယ်မယုံနိုင်ဘူး …. ဒီတစ်ခေါက်မှ မင်းဘက်က မပြောဘူးဆိုရင် ကိုယ်တို့မင်္ဂလာကိစ္စကို ဖျက်သိမ်းရလိမ့်မယ်” … အို … ကျွန်မအံ့သြသွားလိုက်ရတာ … သူဘာလို့အဲလိုများပြောထွက်ရက်ပါလိမ့် … ကျွန်မက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကိုမပြောလို့ ကျွန်မတို့အချစ်တွေကိုသက်သေထူနိုင်မယ့် မင်္ဂလာပွဲကိုတောင်ဖျက်သိမ်းမယ်လို့ ပြောရက်လိုက်တာ … ကျွန်မ သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး “ကောင်းပြီလေ … ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းအတွက်နဲ့ ကျွန်မအချစ်ကို မယုံကြည်မှတော့ ဖျက်သိမ်းလိုက်ပါ … ကျွန်မ၀မ်းမနည်းပါဘူး”လို့ ပြန်ပြောပြီး ကျွန်မတို့ဇာတ်လမ်းလေးကို အဆုံးသတ်ပစ်ခဲ့ပါတယ် … တစ်လ နှစ်လကြာသည့်တိုင် သူမဆက်သွယ်ခဲ့ပါဘူး … မလွမ်းဘူးလို့တော့ မလိမ်ချင်ပါဘူး … သူ့ကိုသတိတော့ရမိသား … နှစ်လကျော်ပြီး တစ်ရက်မှာတော့ ကျွန်မရဲ့ဆဲလ်ဖုန်းလေးထမြည်လာလို့ နံပါတ်ကို ကြည့်လိုက်တော့ သူ့ဖုန်းနံပါတ်ဖြစ်နေပါတယ် … သူ့ဘက်ကဆက်တိုက်ခေါ်နေပေမယ့် ကျွန်မဘက်က ဖုန်းမကိုင်လေတော့ ရုံးက ကျွန်မနဲ့ညီအစ်မအရင်းတွေလို ချစ်ရတဲ့ ညီမလေးတစ်ယောက်ရဲ့ဖုန်းကိုဆက်ပြီး “ကျွန်မကို တောင်းပန်ပါတယ်တဲ့ … သူမှားသွားမှန်းသူသိပါပြီတဲ့” နေ့စဉ်ရက်ဆက်ဖုန်းတွေဆက်လို့ သူ့ဘက်က တောင်းပန်ပေမယ့် ကျွန်မရဲ့မာနကြောင့်ပဲလား? ကျွန်မအချစ်ကို သူမယုံကြည်တဲ့အတွက်ကြောင့်ရယ်လားတော့ မသိပါဘူး … ကျွန်မနဲ့သူ့ရဲ့ဇာတ်လမ်းလေးကို ရှေ့ဆက်ဖို့ ကျွန်မဘက်ကမ၀ံ့မရဲစိတ်တွေ … အတွေးပေါင်းမြောက်များစွာတွေနဲ့ပဲ ခေတ္တခဏလောက်ဖြစ်ဖြစ် နှုတ်ဆက်ခွင့်ပြုပါတော့နော် ….
**မိုးညချမ်း**

1 comment:
တကယ့်အဖြစ်အပျက် မဟုတ်တဲ့ ၀တ္ထူတိုလေးတပုဒ်လို့ နားလည်မိတယ်။ စာဖတ်သူကို ဆွံဆောင်နိုင်ပြီး အသင့်အတင့်ကောင်းတဲ့အကြောင်းချီးကျူးချင်ပါတယ်။
ဒီဝတ္ထူတိုလေးကိုဖတ်ပြီးတော့ ဟာသစကားတခုကို သွားသတိရမိတယ်။
ဆယ်ကျော်သက်အရွယ်တုန်းက မျှော်မှန်းထားတာက ဒေါက်တာ ၂၀ကျော်လာတော့ ကျောင်းဆရာ ၃၀ကျော်လာတဲ့အခါကျတော့ ကြုံရာ တဲ့။
ဘာပဲဖြစ်ဖြစ်ဒီဝတ္ထုတိုလေးက မိန်းကလေး တဇွတ်ထိုးနိုင်လွန်းပြီး ချစ်တယ်ဆိုတဲ့စကားပြောရမှာ ၀န်လေးတဲ့ မိန်းကလေးတွေ အပြင်မှာ တကယ်ရှိပါတယ်။ မူယာမယာ ယာ မဲ့တိုင်းလည်း မကောင်းဘူးဆိုတာကို ဆိုချင်တာာပါ။
ဟေဒဟေး ကွန်မန့်က ရေးသာရေးရတာ စာလုံးမမြင်ရဘူး။ မှန်းရေးတာ။
တော်ပြီ
Post a Comment