(ဒီအို ဆီး(စ))
တစ်ရံရောအခါက။ အာရှတိုက် အနောက်ပိုင်းဒေသတွင် ရာစုပေါင်းများစွကြာအောင် အဆီးရီးယန်း တို့ လွှမ်းမိုး ကြီးစိုးခဲ့ကြသည်။ ဘီစီ (၈)ရာစုတွင်မှ လက်အောက်ခံ နယ်မြေတစ်ခုဖြစ်သည့် မိဒိယဒေသ(ယခုခေတ် အီရန်ပြည် အနောက်မြောက်ပိုင်း) မှ ပြည်သူပြည်သား မီးဒီးများသည် လက်နက်စွဲကိုင်ကာအဆီးရီးယန်းတို့၏ ဓားမိုးအုပ်စိုးမှု အောက်မှ လွတ်မြောက်အောင် တော်လှန် ရုန်းထွက်နိုင်ခဲ့ကြသည်။ သို့သော် လွတ်လပ်ခါစ မီးဒီးတို့မှာ ပြဿနာကြီးတစ်ရပ် ရင်ဆိုင်ကြရသည်။ အာဏာပြင်းသော အဆီးရီးယန်းမင်းများ လက်အောက်တွင် ကာလရှည်ကြာ ရပ်တည်ခဲ့ရသည့် ခါးသီးသော အတွေ့အကြုံကြောင့်မီးဒီးတို့သည် သက်ဦးဆံပိုင် ဘုရင်စနစ်ကို လုံးဝ မလိုလားနိုင်ကြ။ လူတစ်ဦး တစ်ယောက်တည်း လက်ထဲအာဏာစုံ အပ်နှင်းရမည့် အုပ်ချုပ်ရေး စနစ် မှန်သမျှ သူတို့ လက်မခံနိုင်၊ မစဉ်းစားနိုင်ကြ။ သို့သော် မည်သူ့ကိုမျှ ပြတ်ပြတ်သားသား ခေါင်းဆောင်အရာ မထားဘဲ နေကြ၍ ကာလအတန် ကြာလျှင်ပင် တိုင်းပြည်၌ အထိန်းအကွပ် မရှိသလို ဖြစ်လာသည်။ ဥပဒေမဲ့ စည်းကမ်းမဲ့ ပရမ်းပတာတွေဖြစ်လာသည်။ တိုင်းပြည်ဟူသော အနေအထား ကွယ်ပျောက်ကာ သူတစ်လူ ငါတစ်မင်း ဖြစ်လာသည်။ မြို့ချင်း ရွာချင်း စစ်ခင်းရမည့် အနေအထားမျိုးတွေပင် မကြာခဏ ကြုံလာရသည်။ အဆိုးဆုံးက ရပ်ရွာများမှာ တရားဥပဒေ စိုး မိုးမှု မရှိခြင်းပင်။ တရားသူကြီးတွေက လာဘ်စား၊ တရားစီရင်ရေးစနစ်က ကစဥ့်ကလျား ဖြစ်လာသည့်အခါ လူတွေ ရုံးပြင်ကနား အားမကိုးတော့ဘဲ ကိုယ့်အမှုအခင်း ကိုယ့်ဘာသာ ရှင်းမည် ဆိုတာမျိုးတွေ ပေါ်ပေါက် လာသည်။ သည်အခါ အေးချမ်းစွာနေလိုသော လူအများက တရားမျှမျှတတ တိတိကျကျ အုပ်စိုးမည့်သူကို မျှော်လာကြသည်။ အဲသည်အချိန် ရွာတစ်ရွာမှာ ဒီအိုဆီး(စ)အမည်ရှိ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာသည်။ သည်ပုဂ္ဂိုလ်သည် ဖြောင့်မတ်တည်ကြည်သည်။ သမာသမတ် ရှိသည်။ ရပ်ရွာရှိ အမှုအခင်းများကို တိကျမှန် ကန်စွာ စီရင်ဖြေရှင်းပေးနိုင်သော ဉာဏ်ပညာနှင့်လည်းပြည့်စုံသည်ဟု သတင်းထွက်လာသည်။ နာမည် သတင်း ကျော်ကြားလာသည့်အခါ ရပ်ဝေးရပ်နီး မြို့ရွာများ မှပါ သူ့ထံ အဆုံးအဖြတ်ခံရန် ရောက်ရှိလာကြသည်။ တဖြည်းဖြည်း သူ့သြဇာရှိန်ဝါ ကြီးမားလာပြီး နောက်ဆုံးတော့ မိဒိယ တစ်နယ်လုံးမှာ သူက ကြည်ညိုလေးစားမှု အခံရဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ သို့သော် အရှိန်အတက်ဆုံး အချိန်၊ အခိုက်အတန့်တစ်ခုမှာ ဒီအိုဆီး(စ) ရုတ် တရက် သဘောထား ပြောင်းသွားသည်။ အရပ်တကာမှ လူအချင်းချင်း ဖြစ်သည့်အမှု၊ ရွာအချင်းချင်း ဖြစ်သည့်အမှု စသည့် အမှု အခင်း ပေါင်းစုံကို သူရှင်းပေးခဲ့ရတာ သိပ်များသွားပြီ။ တော်လောက်ပြီ။ ကိုယ့်အလုပ်ကိစ္စ မိသားစု အရေးကိစ္စတွေကို သည့်ထက် ဆက်ပြီး ပစ်မထားနိုင်တော့။ သည့်ကနေ့မှ စပြီး ဘယ်အမှုအခင်းမှ လက်မခံတော့ဟုဆိုကာ တကယ်လည်း အမှုကိစ္စတွေ လှည့်မကြည့်ဘဲ လုံးဝ ဘေးဖယ် နေလိုက်သည်။ ဒီအိုဆီး(စ)လို အရှိန်အဝါ ကြီးသည့် ခုံသမာဓိ လူကြီးတစ်ယောက် ရုတ်တရက် ပျောက်ကွယ် သွားသည့်အခါ အမှုအခင်းတွေ မှိုလိုပေါက်လာသည်။ ရာဇဝတ်မှု ထူပြောလာသည်။ ခိုးသားဓားပြတွေ ထကြွလာသည်။ ရပ်ရွာမှာလူကောင်း သူကောင်းတွေ အားလုံး ကျီးလန့်စာစား ဖြစ်ရပြန်သည်။ သည်အခါ မြို့ရွာစုံမှ ရပ်မိရပ်ဖတွေစုဝေးကာ ပြဿနာ ဖြေရှင်းရန် နည်းလမ်း ရှာကြရသည်။ မင်းမဲ့တိုင်းပြည် အနေနှင့် ဆက်နေ၍ မဖြစ်တော့၊တစ်စုံ တစ်ယောက်ကို အုပ်ချုပ်ခိုင်းမှ ဖြစ် တော့မည်ဟု အားလုံးသဘောပေါက်ကာ အကြီးအကဲ တင်မည့် သူကို စဉ်းစားကြသည်။ သည်အခါ တရားမျှတ သော ခုံသမာဓိလူကြီး ဒီအိုဆီး(စ)ကိုပင် အများ မြင်လာကြသည်။
သို့နှင့် အစိတ်စိတ်အမြွှာမြွှာလို ဖြစ်နေသော မိဒိယဒေသ မြို့ရွာများကို စုစည်းပြီး မင်းလုပ်အုပ်ချုပ်ပါရန် သူ့အား ဝိုင်း၍ မေတ္တာရပ်ခံကြသည်။ အစတွင် ဒီအို ဆီး(စ)က လက်မခံ။ အရပ်ရပ်ပြဿနာတွေဖြေရှင်းရသော အလုပ်ကို သူစိတ်ကုန်သွားပြီ၊ ငြီးငွေ့ပြီဟုဆိုသည်။ ရပ်မိရပ်ဖတို့က တိုင်းပြည်ရပ်ရွာအိုးအိမ် စည်းစိမ်တွေ ပျက်စီးတော့မည့် ဘေးကြီးနှင့် ကြုံတွေ့ နေရပြီ။ သူမကယ်လျှင် မိဒိယပြည် ပျက်တော့မည်ဟု အကြိမ်ကြိမ် တောင်းပန်တော့မှ ဒီအိုဆီး(စ)ကမင်းအဖြစ် ဆောင် ရွက်ရန် လက်ခံသည်။ သို့သော် သူက သူလိုချင်သော အနေအထားတွေ အရင်ဆုံးတောင်းဆိုသည်။ သူ့အတွက် နန်းတော်ကြီး တစ်ဆောင် တည်ဆောက်ပေးရမည်။ ကိုယ်ရံတော် တပ်ဖွဲ့တစ်ခု ထားရှိခွင့် ပြုရမည်။ မြို့ ရွာများ အားလုံးကို အုပ်ချုပ်ရန် ဗဟိုဌာနအဖြစ် မြို့တော်တစ်ခု တည်ဆောက် ပေးရမည်၊ ဟူ၍။ အာလုံး သဘောတူ ကြသဖြင့် မြို့တော်ကြီး တည်ဆောက်ကြသည်။ မြို့တော်၏ အလယ်တွင် တံတိုင်း အထပ်ထပ် လုံခြုံစွာ ကာရံလျက် နန်းတော်ကြီး တည်ဆောက်သည်။ ထို့နောက် ဒီအိုဆီး(စ)ကသူအလုပ် လုပ်မည့် ပုံစံကို ကြေညာသည်။ နန်းတော်တွင်းသို့ သာမန်အရပ်သူအရပ်သားများ ဝင်ထွက်ခွင့်မပြု။ အပြင်လူများ သူနှင့် တိုက်ရိုက် တွေ့ဆုံစရာ မလို။ ရှင်ဘုရင်အား ဆက်သွယ် ပြောကြားစရာရှိလျှင်စေတမန်များမှ တစ်ဆင့် ဆက်သွယ် ပြောကြားနိုင်သည်။ နန်းတွင်းသူ နန်းတွင်းသား မှူးမတ်များ သည်လည်း ကြိုတင်ခွင့်ပြုချက် တောင်း ခံပြီးမှသာ ရှင်ဘုရင်နှင့် တွေ့ခွင့်ရနိုင်မည်။ သို့သော် မည်သူမျှတစ်ပတ်လျှင် တစ်ကြိမ်ထက် ပို၍ တွေ့ခွင့်မရှိ။ အဲသည်ပုံစံဖြင့် ဒီအိုဆီး(စ)သည် မိဒိယပြည်ကို ၅၃ နှစ်မျှကြာအောင် အုပ်စိုးသွားခဲ့သည်။ သူ့လက် ထက်တွင် မိဒိယသည် မူလကထက် နယ်မြေဧရိယာ များစွာ တိုးတက်ကျယ်ဝန်းကာ အင်ပိုင်ယာ နိုင်ငံတစ်ခု ဖြစ်လာပြီး နောင်တစ်နေ့ အနောက်အာရှဒေသတွင် အကြီးအကျယ် တန်ခိုးကြီးမားလာမည့် ပါရှန်းအင်ပိုင်ယာကြီးကို အခြေချ ပေးနိုင်ခဲ့သည်။ သူအုပ်စိုးစဉ် ကာလတစ်လျှောက်လုံးပင် တိုင်းသူပြည်သား တို့က ဒီအိုဆီး(စ)ကို လေးစားကြည်ညိုကြသည်။ ဖူးမြော်ခွင့် ရခဲလှသော ရှင်ဘုရင်အပေါ်ထားရှိသည့်သူ့ပြည်သူတို့၏ ကိုးစားယုံ ကြည်မှုမှာ တစ်နေ့တခြား တိုးပွားခဲ့ရာ နောက်ပိုင်း၌ ကိုးကွယ်သည့် အဆင့် လောက်အထိ ရောက်လာသည်။ ဒီအိုဆီး(စ) မင်းကြီးသည် သာမန်လူသားမဟုတ်၊နတ်မျိုးနတ်နွယ်မှ ဆင်း သက်သူ ဖြစ်သည်ဟူ၍ပင် တိုင်းသူ ပြည်သား လူအများတို့ ယုံမှတ်ခဲ့ကြလေသည်။
[မဟေသီ ၂၀၀၁၊ မေ ]
Posted By Blogger လူဗိုလ်
“အရောဝင်လျှင် အရိုအသေတန်သည်။” “လူရင်းဆိုလျှင် အထင်မကြီး။”
“နီးလွန်းလျှင်မမြင်”-

No comments:
Post a Comment