ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 22, 2014

== မောင်နှင့်သူမကြားက အပြာရောင်အလျား==

>
(က)

ရပြီ။ အရောင်ကို မတူကွဲပြားသော အပြာရောင်များသုံးကာ အသွေးအရင့်အနုကိုတော့ ၈၀၊ ၁၅၊ ၅ ရာခိုင်နှုန်းတွေ ထားကြည့်မည်။ အဓိကက မောင့်မျက်လုံးတွေ။ မောင့်မျက်လုံးတွေကို သူမ မီအောင်ဆွဲနိုင်ပါ့မလား မသေချာ။ ကင်းဗတ်စ်ကို ထောက်တိုင်ပေါ်တင်လျက်က သူမစိတ်ထဲမှာ စီမံတွေးပူနေမိသည်။ ဘာကြောင့်များ သူမအနား မောင် ရှိနေစဉ်မှာ မောင့်ပုံ ဆွဲကြည့်ဖို့ သတိမရတာပါလိမ့်။ သူမခါးပေါ်မှာ အေပရွန်အပိုင်းလေးကို လက်နောက်ပြန် ချည်လျက်က သူမခေါင်းကို ဖြည်းညင်းစွာ ခါလိုက်မိသည်။ လိုလို့လားကွယ်….။ အဲသည်တုန်းက မောင်ကိုယ်တိုင်က သူမအတွက် သက်ရှိပန်းချီကားတစ်ချပ် လိုလိုလားလားဖြစ်ခဲ့သည်ပဲ။ မောင့်မျက်နှာကို ခဲနှင့်ကောက်ကြောင်း စခြစ်မိစဉ် သူမပါးပြင်ပေါ်မျက်ရည်တို့ တလိမ့်လိမ့်စီးကျလာတော့သည်။ သူမ မသုတ်မိပါ။ မောင့်နဖူးပြင်၊ မောင့်မျက်နှာအကျ၊ မောင့်ပါးရိုးကလေးကအစ သူမ အသေးစိတ်မှတ်မိနေတာ။ ဘယ်လောက်များ နာကျင်ကြေကွဲဖို့ ကောင်းသလဲ….။ မောင့်မေးစေ့သွယ်သွယ်ကို လိုင်းပြေပြေဆွဲစဉ် သူမရင်တစ်ခုလုံး အောင့်လာတာမို့ ဘယ်ဘက်ရင်ညွန့်ကို လက်နှင့်ဖိကပ်ထားမိရသည်။ ရပ်နေရာမှ သူမ ဒူးထောက်ထိုင်ချလိုက်မိသည်။ မျက်နှာကို လက်ဝါးနှစ်ဘက်နှင့်အုပ်မိုးကာ သည်းခိုက်ငိုကြွေးမိချိန် ရင်ဘတ်ထဲက အနာကိုမေ့လျော့ကာ သူမဘဝထဲမှာ မောင့်ကို ပြင်းပြင်းထန်ထန်လိုအပ်သည်ဟု နာနာကျင်ကျင် ဝန်ခံလိုက်မိလေသည်။

 (ခ)

 ပူလိုက်တာ။ ရာသီဥတုကပဲ တစ်နှစ်ထက် တစ်နှစ် ဆိုးဝါးလာလို့လား၊ သစ်ပင်သစ်တောတွေကပဲ နည်းပါးသည်ထက် နည်းပါးသွားလို့လား။ လူတွေကိုကပဲ သူတို့လူငွေ့တွေနဲ့သူတို့ ပိုပိုပူပြင်းလာလို့များလား။ သူမ မသိနိုင်ပါ။ ပူတာကတော့ အတော့်ကို ပူလောင်လှသည်။ အဲသည်နှစ်တုန်းဆီကရော သူမ ဘယ်လောက်တောင် ပူပြင်းခဲ့ရသလဲ။ ပြန်မတွေးချင်တော့။ အငွေ့ပျံပျောက်ကွယ်သွားရင်မှ သူမ ဝမ်းနည်းမည် မထင်။ အထည်အဖြစ် တည်ရှိနေပါလျက် ကိုယ်တိုင် လောင်စာအဖြစ် ပူပြင်းတောက်လောင်နေရတာက ပိုလို့သာ နာကျင်ဖွယ်။ အင်္ကျီချိတ်မှာ ချိတ်လှမ်းထားသော ရှပ်အင်္ကျီလက်တိုကလေးတစ်ထည်ဆီ အကြည့်တို့ရောက်စဉ် သူမတစ်ကိုယ်လုံး ရိပ်ရိပ်ပေါ့ပါးလျက် ထိုင်နေရာပင် မမြဲချင်တော့။ ပုံလျက်သားလဲချင်ချင်ကနေ ငြင်းဆန်တောင့်တင်းထားမိပြန်သည်။ တင်းမခံနိုင်သော မျက်ရည်တို့ကမူ ပါးပြင်ပေါ်ကနေ အဆက်မပြတ်စီးဆင်းလျက် လည်တိုင်ကျော့တစ်လျှောက်မှ သူမရင်ညွန့်ထက်ဆီ ဖြတ်သန်းကုန်ကြရာ….၊ တလိမ့်လိမ့်မျက်ရည်စီးကြောင်းတို့၏ အရွေ့အလျား၌ ခံစားသိနေရသည်ပင် ထက်ထက်ရှရှနာကျင်ရသည်မှာ သေလုမျောပါး။ ရင်ညွန့်ဆီက စူးအောင့်လာတိုင်း "ထားခဲ့ရက်တယ်နော် မောင်" ဟု အသံတိတ်ညည်းမိမြဲ။ ကြာပြီပဲကွယ်….။ သူမ တကယ်ကို မသိခဲ့တာပါ။ သူမနဖူးပေါ် မောင် ဖွဖွနမ်းမွှေးစဉ် မောင့်ရင်ထဲမှာ ဘယ်သူရှိနေခဲ့သလဲ။ သူမကျောပြင်ကို မောင့်ရင်ခွင်ထဲ ခွေထည့်ထားစဉ် မောင့်နှလုံးသားထဲမှာ ဘယ်သူနေရာယူထားခဲ့သလဲ။ သူမလက်ဖဝါးတွေကို မောင့်လက်တွေထဲ ဆုပ်ကိုင်နွေးထွေးထားစဉ် မောင့်အတွေးတို့နှင့် နွေးထွေးခွင့်ရနေသော မိန်းမသည် ဘယ်သူဖြစ်ခဲ့ပါသလဲ။ သူမဟာ ဒါတွေကိုမှ မသိနိုင်အောင် မောင့်အရိပ်အကဲခတ်ရာတွင် ညံ့ဖျင်းခဲ့သော မိန်းမပါပေ။ သို့မဟုတ် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည်လည်း ဖြစ်နိုင်သည်ပဲ။ သူမအချစ် သူမမေတ္တာတို့နှင့် မောင့်ကို ချည်နှောင်ထားနိုင်လိမ့်မည်ဟု သူမ ရိုးရိုးကလေး ထင်ခဲ့မိသည်။ တကယ်တော့ ချည်နှောင်ထားသည်ဟု မဆိုသာပါ။ ဖွဲ့စည်းဖြစ်တည်စေခဲ့ခြင်းဟုဆိုလျှင် ရနိုင်မည်။ သူမအချစ် သူမမေတ္တာတို့နှင့် ထုံမွှမ်းသော ထိုဖြစ်တည် ရက်ဖွဲ့မှုတို့မှ မောင် ကျောခိုင်းထွက်ခွာနိုင်မည်မဟုတ်ဟု သူမ လုံးဝ ယုံကြည်နေခဲ့ခြင်းသာ။

(ဂ)

 မနက်ခင်းကော်ဖီချိန်များ၏ထုံးစံ မောင်က ဂျာနယ်တစ်စောင် ဖတ်လျက်၊ သူမက ပြပွဲတင်ရမည့် ပန်းချီကားများ၊ အပ်ထားသည့် ဒီဇိုင်းများအား မျက်စေ့ထဲမှတ်မိနေအောင် ကြေညက်နေအောင် တစိမ့်စိမ့်ကြည့်ကာ လိုအပ်သည်များကို အဖြေထုတ်လျှက် ဖြတ်သန်းနေကျ။ အဲသည်နေ့ကတော့ မောင်က ဂျာနယ်စာမျက်နှာများဆီ အကြည့်မရောက်ဘဲ အငွေ့သေလုလု ကော်ဖီအပေါ်ယံမျက်နှာပြင်ဆီ အကြည့်တို့ လွှတ်ပို့ထားသည်ဟု သူမ ထင်သည်။ တကယ်တမ်းကျတော့ မောင့်အကြည့်တွေက ကော်ဖီခွက်ပေါ်မှာလည်း မဟုတ်ခဲ့ပါ။ သို့သော် မောင် မြင်နေခဲ့မည်မှာ သေချာသည်။ စွဲလန်းစိတ်တို့ခေါ်ဆောင်ရာ ပုံရိပ်ကလေးတစ်ခုဆီ ဖြစ်နိုင်သည်။ လှပသွယ်ပျောင်းသော လက်သည်းနီခြယ်သ လက်လှလှကလေးတစ်စုံဆီလည်း ဖြစ်မည်။ သင်းထုံညှို့ငင်သော ရနံ့ကလေး၏ ခေါ်ဆောင်ရာ၌လည်း ဖြစ်မည်။ ညွတ်နူးအောက်မွေ့ဖွယ်ရာ အတွေ့ကလေးတစ်ခုခုအပေါ်လည်း ဖြစ်ကောင်းဖြစ်မည်။ သူမကတော့ စားပွဲပေါ်က ခေါက်ယပ်တောင်ကလေးကို တဖျတ်ဖျတ်ခတ်ကာ လေပူတို့ကို အန်တုရင်း ပန်းချီကားတွေဆီ မျက်မှောင်ကုတ်ကြည့်နေခိုက်ဖြစ်သည်။ မောင်ဟာ သူ့လက်ချောင်းတွေကို ဘယ်တုန်းကမှ အချင်းချင်း ဆုတ်နယ်နေကျမဟုတ်ပါဘဲ ဆုတ်ခြေနေတာကို သူမ သတိထားမိသည်။ ဘယ်လက်ဖဝါးထဲ ညာလက်ကို ထည့်ကာ ဆုတ်ခြေနေတာ။ မောင် ဘာဖြစ်နေတာပါလိမ့်၊ မောင့်ရှေ့က ကော်ဖီခွက်သည်ပင် ပူရာမှ နွေးလုပြီ။ မောင့်နှုတ်ခမ်းတို့ တင်းတင်းစေ့လျက်ကပင် စကားတွေပြောနေသယောင်။ မောင့်ဆီအကြည့်တို့ ဖယ်ခွာကာ သူမရှေ့က ကော်ဖီခွက်ကို သူမပါးစပ်ဖျားအရောက် ယူငင်စဉ်မှာ မောင့်စကားသံကို စတင်ကြားလိုက်ရသည်။ “ကိုယ်တို့ လမ်းခွဲကြပါစို့” သူမ နားကြားများလွဲလေသလား။ မဖြစ်နိုင်ပါ။ မောင် အတည်ပြောနေကြောင်း ခပ်လွှဲလွှဲမောင့်မျက်ဝန်းများက ဆိုသည်။ သားသမီးမရှိသော အိမ်ထောင်တစ်ခုအတွက် ဆယ်နှစ်ကျော်ကာလသည် လုံလောက်သော ပျင်းရိညည်းငွေ့မှုကို ဖြစ်စေပါသလား။ သူမ ကျန်းမာရေးကောင်းလာသည်အထိ စိတ်လက်ရှည်ရှည် စောင့်ပေးခဲ့သည်ကပင် ကျေးဇူးတင်ဖွယ်။ ပြီးတော့ သူမမှာ စားဝတ်နေအတွက် ကိုယ်ပိုင်ဝင်ငွေကလေးလည်း မှန်မှန်ရှိနေခဲ့ပြီ။ သင်တန်းသား အယောက်နှစ်ဆယ်ခန့်ရှိသော ပန်းချီသင်တန်းကလေးက သူမအတွက် ဝမ်းဝစေရုံထက်ပင် ပိုသေးသည်။ ပြီးတော့ သူမဖွင့်ထားသည့် အမှတ်တရပစ္စည်းအရောင်းဆိုင်လေးမှာ လူငယ်တွေကြား အတော်ပင် ရေပန်းစားအောင်မြင်နေလျှက်ရှိသည်လေ။ သည်တော့ မောင်က ကျန်ရှိနေသေးတဲ့ ဘဝလမ်းကြီးထဲ သူမကို စိတ်ချလက်ချ တစ်ယောက်ထဲ လျှောက်လှမ်းစေတော့မည်ပေါ့။ ဖြစ်ရမည်၊ မောင့်ဆန္ဒအတိုင်း သူမ တစ်ယောက်ထဲ လျှောက်ရဲရမည်ပေ….။ လဲကျသော်မှ အကြိမ်ကြိမ်ထူထရင်း…၊ ဒဏ်ရာများနက်ရှသော်မှ အကြိမ်ကြိမ် လက်ပူတိုက်ရင်း အဖန်ဖန် အားမွေးရှေ့ဆက်ရမည်ပဲ။ ဘဝကြီးသည် သူ့အတိုင်းတိုင်းသာ ဆက်ရှိနေမှာ သေချာသည်။ သူမအနေနှင့် ဘဝကြီးထဲ တည့်မတ်အောင် နေထိုင်ရုံသာ။ မောင် ထွက်သွားသည့်နေ့က မောင်ပိုင်ဆိုင်သမျှ ပစ္စည်း၊ အဝတ်အထည်များအားလုံး သိမ်းယူသွားစဉ် အဝတ်ခြင်းထဲမှာ မလျှော်ရသေးသော မောင့်ရှပ်လက်တိုလေးတစ်ထည် ကျန်ရှိနေခဲ့လေသည်။ 

 (ဃ) 

 မောင့်ကို လွမ်းဆွတ်ရလွန်းသော ညများမှာ ထိုရှပ်လက်တိုလေးကို ရင်ခွင်ထဲပွေ့ထားမိသည်။ ခါတရံ ကိုယ်ပေါ်မှာ ထပ်ဝတ်ထားမိပြန်သည်။ မောင့်ကိုယ်ငွေ့နှင့်များ နီးကပ်နွေးထွေးစေမလားရယ်လို့ပါ။ ထိုရှပ်လက်တိုလေးထဲမှာ မောင့်အသက်ရှုသံတို့ ရှိနေသည်။ ထိုရှပ်လက်တိုလေးထဲမှာ မောင့်စကားသံတို့ ကိန်းနေသည်။ ထိုရှပ်လက်တိုလေးထဲမှာ မောင့်အပြုံးတို့ စွဲနစ်နေသည်။ ထိုရှပ်လက်တိုလေးထဲမှာ မောင့်မျက်ဝန်းအကြည့်တို့ ရှိနေသည်။ မောင့်ကိုယ်နံ့လေးများပင် တခါတခါ ဝေ့လာသယောင် ထင်မိတတ်သေးသည်။ ထိုအခါမျိုးမှာ မောင့်ရှပ်လက်တိုရင်ဘတ်ကလေးသည် သူမမျက်ရည်များနှင့် ရွှဲရွှဲစိုသွားတတ်ပြန်၏။ မည်မျှပင် တော်သော၊ ထက်မြက်သောမိန်းမသားတစ်ယောက်ပင် ဖြစ်လင့်ကစား လင်မရှိသောမိန်းမဟာ မတင့်တယ်လို့ ရှေးစကားရှိသည် မောင်။ တစ်ယောက်ထဲ အားတင်းရှေ့ဆက်နေရာမှ ထိုစကားကို သတိအရမှာ လူက သတ္တိကြောင်ချင်လာပြန်သည်။ အတူတကွ ရှိခဲ့ကြဖူးသည်ဆိုသော အသိက လူကို အရှင်လတ်လတ် သေစေသည်။ ဘယ်လိုလုပ်မလဲကွယ်…။ အနားမှာ မနေပျော်တော့သောသူကို မျက်ရည်ခံထိုးသော်မှ သူ့နှလုံးသားများက သူမထံ အရင်လိုပြန်လည်ရောက်မလာနိုင်ဟု သေချာသိနေခြင်းမှာ သူမကုသိုလ်ဆိုးလွန်းတာပင် ဖြစ်မည်။ သိသိကြီးနှင့် မျှော်လင့်မိုက်မဲမိနေခြင်းက အဆုံး၌ ဆိုးဝါးခံခက်သော ဝေဒနာဆီသာ ဦးတည်မြဲပေ။ “ကိုယ် သူ့ကို သိပ်ချစ်တယ်” သည့်ထက်ပိုပြီး သူမအား နာကျင်စေသောစကား ရှိပါဦးမလား မောင်။ မောင့်နှုတ်ထွက်စကားတို့ကို အပြန်ပြန်ကြားယောင်လျှက် အကြိမ်ကြိမ် သေဆုံးခဲ့ရသည်များ များလှပြီ။ သူမ မေ့ချင်လျက်က မေ့မရ။ ပိုလို့သာ တိုးဝှေ့လို့ သူမရင်ကို ဖြတ်သန်းစီးဆင်းနေကြပြန်သည်။ အချစ်ဆိုသည်ကို သူမ မယုံကြည်တော့။ မောင့်ကို အိပ်မက်တွေ ဆက်တိုက်မက်နေဖြစ်သော ညညတွေဆို မိုးလင်းတဲ့အခါ မောင်များ သူမကို သတိရနေလို့လားဆိုသော အတွေးမျိုး မတွေးမိအောင်ကြိုးစားနေရသည်မှာ သူမအတွက် ထွက်ပေါက်မဲ့လွန်းသည်။ ကြာလာသော် တစ်ယောက်ထဲသော အစွန့်ပစ်ခံမိန်းမသားဘဝမှာ ကူညီစာနာယောင်မျက်ဝန်းတွေနောက်က တွန်းချချင်စိတ်တွေကို မြင်အောင်ကြည့်ရသည်ကပင် စိမ်ခေါ်မှုတစ်ရပ်လိုလို။ ထိုစိမ်ခေါ်မှုများအကြားမှာ ပိုမိုမာကျောလာသလို၊ သူမ နေပျော်လာသလိုလို ထင်မိသည်။ တကယ်တော့ သူမဟာ အပေါ်ယံအေးခဲတင်းမာ နေသော အငွေ့သေလက်ဘက်ရည်တစ်ခွက်၏ ဟန်ဆောင်လိုမှုမျိုးနှင့် ဖြစ်တည်နေခြင်းမျှသာ။ မောင်ထားခဲ့သည့်အစပိုင်းတွေမှာတော့ မနက်ခင်းကော်ဖီချိန်မှာပင် ယောင်နနနှင့် ခါတိုင်းလို မတ်ခွက်နှစ်ခွက်ထဲကို ကော်ဖီရည်တွေဖြည့်ရဦးမည် ထင်တတ်သည်။ မုန့်အစအနလေးများ ပေနေတတ်သော မောင့်နှုတ်ခမ်းကို တစ်ရှူးစနှင့် တို့သုတ်ပေးဖို့ တစ်ရှူးစကိုင်လက်က လေထဲ မြောက်တက်ပြီးကာမှ ပြန်ချလိုက်ရသည်လည်း ရှိသည်။ ဖတ်သူမဲ့သော ဂျာနယ်တွေကို စားပွဲပေါ်မှာ သည်အတိုင်းအပုံလိုက်မှ မောင်ပြန်လာရင်ဖတ်ဖို့ဟု စီရီတင်နေတတ်သေးသည်။ ခုတော့ တကယ့်လက်ရှိဘဝကို သူမ လက်ခံလာတတ်ခဲ့ပြီ။ မောင် သူမအနားမှာ ရှိမနေတော့….သူမ ဒါကို ကြေကွဲခေါင်းငုံ့စွာနှင့် လက်ခံရမည်ပေ။ သည်နေ့တော့ နားရက်မို့ ဆွဲလက်စ မောင့်ပုံတူကို ဆက်မည် စိတ်ကူးလျက် ကော်ဖီစားပွဲမှ အလျင်စလိုထသည်။ ပန်းချီခန်းကို တန်းတန်းမတ်မတ်ဝင်၍ အပေါ်ဝတ်ရုံ အေပရွန်စကို ခါးမှာချည်လိုက်သည်။ ကားပေါ်မှ ပိုးစအဖြူကို ဖယ်ရှားစဉ်မှာ ပန်းချီကားထဲက မောင့်မျက်ဝန်းတွေကို သူမ စိတ်နှစ်ကာ စိုက်ကနဲ ခပ်ကြာကြာကြည့်လိုက်မိသည်။ မဟုတ်သေးပါဘူး၊ ဒါ မောင့်မျက်လုံးတွေမှ မဟုတ်တာပဲ။ မျက်လုံးတွေဟာ သိပ်ကို ရွှင်လွန်းနေသလိုပဲ။ မောင်က…၊ မောင့်မျက်ဝန်းတွေက အဲသည်လောက်မှ လင်းမနေတာ….။ သည်ကားကို သူမက မိုနိုခရုမ်းနှင့်ရေးထားခြင်းဖြစ်သည်။ တစ်ကားလုံးမှာ မတူကွဲပြားသော အပြာရောင်များကိုသာ သုံးထားသည်။ နောက်ခံနက်ပြာရင့်ရင့်ပေါ်မှာ မောင့်ပါးပြင်တွေက ပြာလဲ့လဲ့၊ မောင့်မျက်ဝန်းတွေက ကြည်စင်နေသော အပြာပျော့ပျော့၊ မျက်ခုံးတွေကိုတော့ မဲနယ်ပြာမှိုင်းမှိုင်းကို သုံးထားသည်။ မျက်ဝန်းများကို အရောင်နုဖျော့ပေးခြင်းဖြင့် တစ်ကားလုံးမှာ မျက်ဝန်းကလေးတွေက ဖျတ်ကနဲ ရှေ့ရောက်လာကာ ကြွလို့နေသည်။ မောင့်နှုတ်ခမ်းများမှာ ပြုံးမနေကြပါ။ မျက်ဝန်းများ….ဘာကြောင့် အဲသည်လောက်တောင် ပြုံးနေရတာပါလိမ့်၊ ဒါ မောင်မှ မဟုတ်တာ။ သူမ နောက်တစ်ခေါက် ပြင်ရဦးမည်။ ဒါပါနှင့်ဆို မောင့်မျက်ဝန်းတွေကို ပြင်ရတာ တတိယအကြိမ်ရှိပြီ။ ခုထိ မောင့်မျက်ဝန်းတွေက တစုံတယောက်မျက်ဝန်းများဖြစ်လို့ နေသေးသည်။ သူမ ဘာကြောင့် အဲသည်လောက်ညံ့ရတာပါလိမ့်။ သူမနှင့် အချိန်အတော်ကြာ နှစ်အတန်ကြာတစ်မိုးတည်း အောက်မှာ နေခဲ့သော ယောကျာ်းတစ်ယောက်ကိုမှ သူမစုတ်ချက်တွေက တူအောင် ဖမ်းဆုပ်ခြင်းမပြုနိုင်။ စိတ်ပျက်လက်ပျက်နှင့် မောင့်ဆံပင်ကောက်ကြောင်းလေးများကိုသာ အလိုက်သင့် ဆေးအထပ်ထပ်ခြယ်နေမိသည်။ နက်ပြာရောင်အပေါ်မှာ ခဲသားပြာရောင်လှိုင်းကလေးတွေ….။ “ဆံပင်သွားညှပ်မယ်ကွာ၊ မောင် ဘယ်ဆံပင်ပုံနဲ့လိုက်လဲဟင်” နောက်တောက်တောက်မျက်နှာပေးနှင့် နာမည်ကြီးမင်းသားပုံတွေကို ထိုးပြကာ မေးနေသော မောင်။ သူမ နားထဲ ဝေ့ကနဲလေတိုးလိုက်သံလို၊ မောင်ပဲ အနားကပ်ပြောလိုက်သလိုလို….။ မောင့်အသံမှ မောင့်အသံစစ်စစ်။ သူမနားတွေကို လက်နှစ်ဘက်နှင့် ယောင်ယမ်းကာ ပိတ်ထားလိုက်မိသည်။ စုတ်တံကို ရေခွက်ထဲပစ်ချခဲ့ကာ သူမမျက်နှာကို လက်ဖဝါးနှစ်ဘက်ထဲထည့် ငိုမိတော့သည်။ မလာပါနဲ့ မောင်ရဲ့၊ မလာပါနဲ့တော့၊ သူမအနားကို ဘယ်တော့မှ စိတ်ကလေးနဲ့တောင် မလာခဲ့ပါနဲ့။ သည့်ထက်ပိုပြီး သူမ မခံစားနိုင်၊ မနာကျင်နိုင်တော့လို့ပါ။ မောင့်ရှပ်လက်တိုလေးကို ချိတ်မှဖြုတ်ယူလိုက်ပြီး ရင်၌အပ်ကာ သူမ ငိုရှိုက်မိပြန်လေသည်။

 (င) 

သူမ ကြားပါသည်။ မောင့်အမျိုးသမီး သားဦးကလေး မွေးတဲ့အကြောင်း၊ ငယ်ရွယ်လှပသော မိန်းကလေးက မောင့်ကို နိုင်စားကြောင်း၊ မောင့်လုပ်ငန်းတွေ အောင်မြင်မှု ကျဆင်းလာကြောင်းတွေပေါ့။ မောင် သူမထံက ထွက်သွားပြီး ခြောက်လအကြာမှာ သားဦးကလေးမွေးသည်ဆိုတဲ့ သတင်းကြားတုန်းက တာဝန်ယူတတ်သော ယောကျာ်းတစ်ယောက်အဖြစ် မောင့်အပေါ် (နာကျင်လျက်ကပင်) ဂုဏ်ယူရမည်လား သူမ မဝေခွဲတတ်ခဲ့။ မောင့်အကြောင်းသတင်းကောင်း၌ ဂုဏ်ယူလေ့သော သူမက မောင့်သတင်းဆိုးတို့အကြားမှာ ဝမ်းနည်းမျက်ရည်ကျမိသည်အထိ မောင်နှင့် တစ်သားထဲ ရှိမြဲပေ။ လက်ရှိမှာ တစ်ပါးသူ၏ခင်ပွန်းသည်ဟူသော သိစိတ်နှင့်ဆင်ခြင်တုံတရားတို့ ရှိလျက် စည်းထူထူတားထားသော အခြားတစ်ဘက်မှာတော့ မောင့်အတက်အကျတို့က သူမစိတ်အတက်အကျသာ ဖြစ်ခဲ့လေသည်။ သုံးနှစ်ဆိုသောအချိန်သည် မောင်နှင့်ဝေးကွာချိန်အတွင်း သူမတစ်ယောက်ထဲ ရပ်တည်ရှင်သန်နေရမှုများအတွက် ကြာလွန်းသလောက်၊ မောင်နှင့်သူမကို ပြတ်ပြတ်သားသားစည်းခြားပေးတော့မည့် ကာလတစ်ခုလည်း ဖြစ်သည်ဆိုသည့် အတွက်တော့ မြန်လွန်းလှသည် ထင်မိ၏။ တကယ်ပင် အချိန်ကာလတို့က ရပ်မနေ။ သုံးနှစ်ဆိုသောအချိန်သည် မောင်နှင့်သူမတို့ကို သူစိမ်းတွေဟု စည်းတားပေးရန် ပြတ်ပြတ်သားသားရောက်လာခဲ့ပြီ။
(စ) 

အရှုံးကို ကိုယ်တိုင်ကိုယ်ကျ သက်သေပြုရန် သူမ သည်နေ့ မောင့်ရုံးကို လာခဲ့ရသည်။ သုံးနှစ်ဆိုသောအချိန်သည် မြန်ဆန်လွန်းလှသည်။ ခုတော့ လူနှစ်ယောက်၏ချည်နှောင်မှုတစ်ခုကို စာရွက်တစ်ရွက်ပေါ် လက်မှတ်ကလေးချထိုးရုံမျှဖြင့် တစ်သီးတစ်ခြားစီဟု ဖြည်ပေးလိုက်ကြတော့မည်။ ထိုစီရင်ချက်တစ်ခုကို သည်နေ့ သူမ ပြုလုပ်ရတော့မှာ။ တကယ်ဆို နှလုံးသားအလိုနှင့် ဆန့်ကျင်စွာ….။ သို့သော် ဘယ်သူက သိမှာလဲ၊ သူမ အစွမ်းကုန် ပြုံးထားရမည်။ အတတ်နိုင်ဆုံး သူမ လှနေအောင် ပြင်ဆင်သည်။ မချစ်မကြင်လိုသူက ထားပစ်ခဲ့ရက်သော မိန်းမတစ်ယောက်အဖြစ် လဲကျရှုံးနိမ့်ဟန် တစ်စတစ်လေမှ မရှိစေရ။ အတတ်နိုင်ဆုံး မောင့်အကြိုက်ဟု သူမသိထားခဲ့သည်တို့မှ ရှောင်ကြဉ်ဝတ်စားသည်။ မောင်မုန်းသော အစိမ်းရင့်ရင့်ကို ဝတ်ဆင်သည်။ မောင်မုန်းသော လက်ရှည်အင်္ကျီကိုဝတ်ကာ ဆံပင်ရှည်တို့ကို ခပ်မြင့်မြင့် စည်းနှောင်သည်။ ပန်းပန်မထား။ မောင့်လိုင်စင်ဓါတ်ပုံကလေးကို သူမပိုက်ဆံအိတ်ထဲရှိ ဝင်းဒိုးအကြည်နေရာကနေ ကဒ်တစ်ချို့ထည့်ထားသော အကန့်ထဲ ပြောင်းထည့်သည်။ မတော်တဆကလေးတောင်မှ မောင် မမြင်စေလို။ (ဆ) မောင်က သူ့ရုံးခန်းထဲမှာ ဖုန်းပြောလျက်ရှိနေသည်ကို ပိတ်ထားသောတံခါးအပေါ်ပိုင်း၏ မှန်ချပ်တပ်ပြတင်းလေးက တစ်ဆင့် သူမ လှမ်းမြင်နေရသည်။ စာချုပ်ချုပ်ပေးမည့် ရှေ့နေကြီးက မျက်နှာကို အတတ်နိုင်ဆုံး မပျော်ရွှင်လေဟန်ထားကာ သူမကို နှုတ်ဆက်သည်။ သူမက လိုအပ်သည်ထက်ပို၍ မပြုံးမိအောင်နေသည်။ ခဏနေတော့ မောင်က သူ့ရုံးခန်းထဲမှ ထွက်လာကာ အခန်းငယ်ကလေးထဲ သူမတို့နှစ်ယောက်ကို ဦးဆောင်ခေါ်သွားလေသည်။ နေကောင်းရဲ့လားဟုပင် မမေးပါ။ ဒါသည်ပင် မောင်ဖြစ်သည်။ စိတ်ထဲကမပါဘဲ ဘယ်တော့မှ ဟန်မဆောင်။ အခန်းတံခါးကို ဖွင့်လိုက်စဉ်မှာပင် သူမမျက်နှာပျက်ယွင်းကာ တစ်ကိုယ်လုံးရှိသွေးများ ရပ်တန့်သွားတော့မလား ထင်လိုက်မိ၏။ သူမ မောင့်မျက်နှာကို ဖျတ်ကနဲ ကြည့်လိုက်မိတော့ မောင်က မျက်တောင်စင်းစင်းတို့ကို မှေးချကာ တမင်ရည်ရွယ်ဟန်ကို သိုဝှက်သိမ်းဆည်းသည်။ စားပွဲပေါ်မှာက သူမ သိပ်ကိုရင်းနှီးနေခဲ့သော ပန်းပွင့်ကလေးများ။ အပွင့်ဖြူဖြူ ရိုးတံစိမ်းစိမ်းတို့က အရင်ကလို လှပခမ်းနားနေမြဲ။ ပန်းကလေးတွေကို အခက်လိုက်ချိုးထားတာမဟုတ်ဘဲ အပွင့်ကလေးတွေအတိုင်း အပြာရောင်ကြွေပန်းအိုးပက်လက်ကလေးထဲ ကြဲပက်ထည့်ထားခြင်းပင်။ သူမ မျက်နှာကို အတတ်နိုင်ဆုံး ပြန်လည် ပြင်ဆင်ချိုမြသည်။ ဘာတစ်ခုမှ ထူးခြားခံစားမှု မရှိလေဟန်။ အခန်းထောင့်က စားပွဲပေါ်မှာ မောင့်မိသားစုပုံဟု ထင်ရသော ပုံကလေးတစ်ပုံကို အနက်ရောင်ဘောင်နှင့် တင်ထားသည်ကိုလည်း တွေ့ရသည်။ သူမ သေချာမကြည့်မိအောင် တမင်နေသည်။ ခုပင် သူမ နှစ်သက်ရသော၊ မောင်နှင့်သူမတို့၏ အတိတ်ကို ထဲထဲဝင်ဝင်ခမ်းနားစေခဲ့သော ပန်းရနံ့တို့နှင့် သူမ သေလုလုရှိပြီ။ မောင် စာချုပ်ပေါ် လက်မှတ်ရေးထိုးစဉ် နှုတ်ခမ်းအတွင်းသားကိုကိုက်ကာ မျက်ရည်တို့ကို သူမ ထိန်းသည်။ ဘယ်တော့မှ မငိုဘူး၊ အထူးသဖြင့် မောင့်ရှေ့မှာ၊ ထားသွားရက်စက်ခဲ့သူရဲ့ ရှေ့မှာ။ “အားလုံး အချက်အလက်တွေ မှန်ပါတယ်နော်၊ မှတ်ပုံတင်နံပါတ်တွေ စစ်ကြည့်ပါဦး”ဟု ရှေ့နေကြီးက ဆိုတော့ သူမ ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်ကို ယောင်နနနှင့် အထုတ်မှာ…..။ သူမ ထင်မှတ်မထားခဲ့သော ရက်စက်မှုတစ်ခုက သူမကို အသေသတ်ခဲ့လေသည်။ သူ့ခြေဖမိုးနား ဖျတ်ကနဲကျသွားသော လိုင်စင်ပုံကလေးကို မောင်က မကြည့်ဖြစ်အောင်ထိန်းရင်း ကျသွားတဲ့အတိုင်း မှောက်လျက်အနေအထားနှင့်ပင် သူမလက်ထဲ လှမ်းပေးသည်။ ပိုဆိုးသည်။ ဓါတ်ပုံနောက်ကျောမှာ မင်းစစ်သွေးဆိုတဲ့ မောင့်နာမည်ကို ဓါတ်ပုံဆိုင်က အင်္ဂလိပ်လိုရေးထားခဲ့သည့် စာလုံးတို့ အထင်အရှားရှိနေသည်။ သူမ သေပြီ။ ထိန်းထားလျက်က တစ်ကိုယ်လုံး တောင့်တင်းကာ အခန်း၏ တိတ်ဆိတ်မှုက ခုမှပင် သူမကို ပိုလို့တုန်ခိုက်စေသလို....။ ခုချိန်ထိ မောင်နှင့်သူမက တစ်ယောက်ကို တစ်ယောက် မျက်ဝန်းတွေထဲထိမကြည့်ကြကြေးဟု ကတိထားခဲ့ကြသူတွေလို အပေါ်ယံရှပ်ကြည့်နေသော မျက်ဝန်းတွေကိုယ်စီနှင့် ဖြစ်သည်။ သူမ လက်မှတ်ရေးအထိုးမှာ တုန်နေသည့်လက်တွေကို မောင်ကြည့်နေသည်ဟု သူမ ခံစားသိနှင့် သိနေသည်။ ထိုးနေကျလက်မှတ်က အသတ်ကလေးမှာ တွန့်ဖြစ်အောင် တွန့်သွားသေးတော့ သူမ အနေခက်ရပြန်သည်။ သူမတို့ တကယ်ပဲ သူစိမ်းတွေ ဖြစ်သွားကြပြီတဲ့ မောင်ရယ်…. ထိန်းထားသည့်ကြားမှ သူမပါးပြင်ပေါ် မျက်ရည်တို့ ပေါက်ကနဲအကျမှာ မောင့်ကို ရုတ်တရက် သူမ ငေးကနဲကြည့်မိပြန်သည်။ အို… မောင့်မျက်ဝန်းတွေ၊ မောင့်မျက်ဝန်းတွေက အရောင်ပြောင်းလို့နေသည်။ ကြေကွဲရိပ်တို့နှင့် မောင် အိုစာသွားသလို သူမ ထင်သည်။ မောင့်မျက်ဝန်းတွေ….၊ ဆွေးညှို့နေတဲ့ မောင့်မျက်ဝန်းတွေ…။ အဲဒါ မောင်ပဲ။ အဲဒါ မောင်ပဲလေ….။ သူမ မောင့်မျက်ဝန်းတွေကို စိတ်နှင့် အဖန်ဖန် ဖတ်ရှု့မှတ်သားလိုက်သည်။ သူမပင် မသိနိုင်ခင်မှာ သူမလက်တွေက ပန်းကလေးတစ်ပွင့်ကို ကောက်ယူပြီး ဖြစ်သည်။ “ကျွန်မ ပန်းကလေးတစ်ပွင့်လောက် ယူသွားချင်လို့” သူမနှုတ်ထွက်စကားတို့က မိုက်မဲစွာ၊ ရူးသွပ်စွာ သူမနှုတ်မှ အသိမဲ့ စီးကျသည်။ အခါများစွာကလိုပါပဲ၊ သူမဟာ မောင့်အပေါ်မှာ ရှုံးနိမ့်နေကျ။ ခုတစ်ကြိမ်ကတော့ဖြင့် သူမဟာ မောင့်အတွက် သေပေးခဲ့ပြီ။ သူမ သိပ်ကို လဲကျရှုံးနိမ့်ခဲ့သည်ပဲ။ မောင့်မျက်ဝန်းတွေအရတော့ မောင်လည်း အောင်နိုင်သူ မဟုတ်ဟု သူမ သိသည်။ သူမတို့ အတူတကွ ရှုံးနိမ့်ခဲ့ကြသလားဟင်….။ အို ဘာပဲဖြစ်ဖြစ် မောင့်အရှုံးသည် သူမအရှုံးလည်းဖြစ်သည်။ မောင် ပျော်နေမှာပါဟု သူမ ထင်သည်။

 (အဆုံး) 

 သည်ညတော့ မောင့်ပုံကို သူမ အဆုံးသတ်ဖြစ်သည်။ မောင့်မျက်ဝန်းတွေကို စိတ်ထဲကနေ ပြန်ထုတ်ယူလျက် အမိအရဖမ်းဆုတ်ရေးဆွဲဖြစ်ခဲ့သည်။ အပြာရောင်….ဆွေးညှို့နေသော မောင့်မျက်ဝန်းတွေက အပြာရောင်ညို့လျက်….။ သေချာသည်။ ဒါမှ မောင်အစစ်။ သူမရှေ့မှာ စိတ်ကြေနပ်စွာ ပြီးစီးသွားသော မောင့်ပုံတူ ပန်းချီကားတစ်ချပ်။ သူမ ပြုံးသည်။ သူမ မျက်ရည်ကျသည်။ သူမမျက်ရည်တွေက အပြာရောင်…..။

 Author: ချစ်ကြည်အေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)