ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 6, 2014

==အာရုဏ်ဦးတွင် နိုးထခြင်း==

>
"ရှင်ဟာ အရမ်းအရမ်း ရူးတဲ့ ကောင်လေးပဲ။ မစ္စတာပွန်တယ်လိုင်ယာက ကျွန်မကို လွတ်လပ်ခွင့်ပေးလိုက်တယ်ဆိုတာမျိုး မဖြစ်နိုင်တဲ့အရာတွေကို အိပ်မက်မက်ရင်း ရှင့်အချိန်တွေကို ဖြုန်းနေတာလေ။ မစ္စတာပွန်တယ်လိုင်ယာ ကောက်ချင်ကောက် တင်ချင်တင်လုပ်ရမယ့်၊ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ခု ကျွန်မမဟုတ်တော့ဘူး။ ကျွန်မ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးပဲ ကျွန်မကိုယ်ကိုယ် ပေးမယ်။ ထားပါတော့ သူက၊ 'ဟေ့ရောဘတ်၊ မင်း သူ့ကို ယူသွားပြီး ပျော်ပျော်နေပါတော့။ သူက မင်းအပိုင်ဖြစ်သွားပြီ' ပြောတယ်ဆိုရင် ကျွန်မက ရှင်တို့နှစ်ယောက်စလုံးကို ရယ်နေမှာ..." The Awakening by Kate Chopin တွင် အဓိကဇာတ်ကောင်မှာ ကလေးများမိခင် (၁၉) ရာစုအမေရိကန်အမျိုးသမီး၊ မစ္စပွန်တယ်လိုင်ယာဖြစ်သည်။ လူကုံတန်လင်ယောက်ျားတစ်ဦးနှင့် ပြီးပြည့်စုံသော မိသားစုဘ၀ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် ထိုသို့ အပေါ်ယံမြင်နိုင်သည်များမှအပ ထိုအမျိုးသမီး၏ စိတ်အတွင်းထဲတွင် မည်သူမျှနားမလည်နိုင်သော၊ "နာကျင်ခံစားရမှုတစ်မျိုး" ရှိနေသည်။ ဤသည်ကို "ဘူရွှာမိခင်တစ်ဦး၏ သက်တောင့်သက်သာလှောင်အိမ်" ဆိုသည့် စကားက အကောင်းဆုံးထင်ဟပ်ပြနိုင်သည်။ စီးပွားရေး အိမ်ထောင်ရေး၊ မကြောင့်မကြနေထိုင်နိုင်သော ဂုဏ်သရေရှိအမျိုးသမီး၏ အတွင်းစိတ်ထဲတွင် မည်သို့သော လှောင်ပိတ်မှုမျိုးရှိနေပါသနည်း။ စင်စစ် ဂုဏ်သရေရှိအိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးထံ ထားရှိသော အဖိုကြီးစိုးသောလူ့အဖွဲ့အစည်း၏ မျှော်လင့်ချက်အရာရာသည် ဇာတ်ကောင်အကျဉ်းကျခံနေရသည့် လှောင်အိမ်၏ သံတန်းတစ်ခုစီဖြစ်လိမ့်မည်။ "ပွဲတက်အမျိုးသမီးဖြစ်မနေချင်ဘူး။ ပါတီပွဲတွေမှာ ကျွန်မသဘောမကျတဲ့လူတွေနဲ့ အတူတွဲကနေရတာကို ကျွန်မမကြိုက်ဘူး။ သူတို့ရဲ့ အရည်အချင်းဟာ အကဘယ်လောက်ကောင်းတယ်ဆိုတဲ့ သူတို့ခြေဖျားပေါ်မှာပဲ မူတည်နေတဲ့ ယောက်ျားတွေနဲ့ အတူတွဲကပြီး ပျော်မြူးနေရတာကို ကျွန်မသဘောမကျဘူး။ ကျွန်မ ဖတ်ထားရေးထားတာတွေ အမေ့ခံဖြစ်နေရတာကို သဘောမကျဘူး" စသည့်စကားများမှာ The Awakening ရေးသားသူ Kate Chopin ၏ စကားများဖြစ်သလို၊ သူ့ဇာတ်ကောင် မစ္စပွန်တယ်လိုင်ယာ၏ သဘောထားလည်းဖြစ်သည်။ မစ္စပွန်တယ်လိုင်ယာနောက်သို့ တကောက်ကောက်လိုက်ပြီး ရစ်သီရစ်သီလုပ်နေသော ရောဘတ်ဆိုသူ လူငယ်တစ်ဦးရှိသည်။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကို လက်ဖမိုးနမ်းခြင်း၊ ၎င်းနှင့် ကမ်းခြေသို့လမ်းလျှောက်ထွက်ခြင်း၊ ပါတီပွဲတွင် တွဲကခြင်း စသည့်ဓလေ့များသည် ၁၉ ရာစုအမေရိကန်လူ့အဖွဲ့အစည်းတွင် ဆန်းပုံမရသည့် အပြင် လူကြီးလူကောင်းဆန်သော အပြုအမူများသာ ဖြစ်သည်။ ထိုသို့အချိန်များတွင် ရောဘတ်အနေဖြင့် အမျိုးသမီးကို သူချစ်ခင်ကြောင်းဖွင့်ပြောပြီး ဆွဲဆောင်လေ့ရှိသည်။ မစ္စတာပွန်တယ်လိုင်ယာကလည်း ရောဘတ်နှင့် သူ့ဇနီးအတူရှိနေမှုမပေါ် သူငယ်ချင်းဆက်ဆံရေးအဖြစ် သံသယမစွက်ဘဲ လက်ခံထားခဲ့သည်။ မစ္စပွန်တယ်လိုင်ယာက ရောဘတ်ချဉ်းကပ်မှုကို စိတ်တွင်းမှ သာယာသည့်တိုင် လိုက်လျောဟန်မပြမိအောင် ကြိုးစားသည်။ တစ်နေ့တွင် ရောဘတ်သည် မက္ကဆီကိုသို့ ရုတ်တရက် ထွက်ခွာသွားသည်။ ရောဘတ်မရှိသည့်အချိန်တွင် မစ္စပွန်တယ်လိုင်ယာတစ်ယောက် အလွမ်းနာကျသည်။ အချစ်ဆိုသည်မှာ မည်သည်မှန်း မသိလိုက်ရဘဲ ကလေးများမိခင်အိမ်ထောင်ရှင်မတစ်ဦး ဖြစ်နေရသည့် မွန်းကြပ်မှုကို ပိုမိုခံစားရသည်။ အိမ်ထောင်ရှင်မတစ်ဦး နေ့စဉ်လုပ်ဆောင်စရာ ၀တ္တရားများ ပျက်ကွက်သည်။ မစ္စတာပွန်တယ်လိုင်ယာက သူ့မိတ်ဆွေ ဆရာဝန်ထံ ထိုအကြောင်း ပြောပြပြီး အကြံဉာဏ်တောင်းသည့်အခါ ဆရာဝန်က သူမကို စိတ်ကြိုက်နေနိုင်အောင် လွတ်လပ်ခွင့်ပေးသင့်ကြောင်း၊ အချိန်တန်လျှင် မူလအတိုင်း ပြန်ဖြစ်လာမည့်အကြောင်း အကြံပေးသည်။ မစ္စတာပွန်တယ်လိုင်ယာက သဘောတူသည်။ မစ္စပွန်တယ်လိုင်ယာ၏ သူငယ်ချင်း၊ မစ္စရာတီနိုးက မစ္စပွန်တယ်လိုင်ယာ ဖြစ်နေသည့် ခံစားချက်ကို အလုံးစုံမသိသည့်တိုင် တစ်စွန်းတစ်စ ရိပ်မိသဖြင့် မသင့်လျော်ကြောင်း စကားထိန်းပြီး ဖြောင့်ဖျသည်။ မစ္စပွန်တယ်လိုင်ယာက ထိုအတွက် စိတ်မဆိုးသလို၊ လိုက်နာမည့်သဘောထားလည်း အလျင်းမရှိ။ မစ္စပွန်တယ်လိုင်ယာက ရောဘတ်၏ မိခင်ထံ အလည်သွားပြီး၊ ရောဘတ်အကြောင်း စကားပြောကြသည်။ ရောဘတ်က သူ့မိခင်ထံသို့ လိပ်မူစာရေးသော်လည်း စာများထဲတွင် မစ္စပွန်တယ်လိုင်ယာ အကြောင်းများချည်းသာ ပါသည်ဟု ဆိုသည်။ မစ္စတာပွန်တိုင်လိုင်ယာ အလုပ်ကိစ္စဖြင့် ခရီးထွက်သောအခါတွင် မစ္စပွန်တယ်လိုင်ယာတစ်ယောက် အိမ်သေးသေးတစ်လုံးကို သူ့စိတ်ကြိုက်ပြုပြင်ပြီး ပြောင်းနေရန်စီစဉ်သည်။ ထိုအစီအစဉ်အတွက် မစ္စတာပွန်တိုင်လိုင်ယာ သဘောတူ,မတူကို ထည့်၍မျှမစဉ်းစားဘဲ အသိပေးသည်။ မစ္စတာပွန်တိုင်လိုင်ယာက ထိုအစီအစဉ်ကို ကန့်ကွက်သည်၊ သို့သော် သူ၏ အကြောင်းပြချက်မှာ တခြားမဟုတ်။ သူ့ စီးပွားရေးဂုဏ်ဒြပ်ကို ထိခိုက်မည်ဖြစ်သဖြင့် ထိုသို့ ပြောင်းနေရန်မသင့်ဟု စာပြန်သည်။ မစ္စပွန်တယ်လိုင်ယာကလည်း သူမ အစီအစဉ်အတိုင်း "ခိုအိမ်" ဟု အမည်ပေးထားသော အိမ်ကျဉ်းကျဉ်းကလေးထဲသို့ ပြောင်းနေသည်။ ထိုအချိန်တွင် ရောဘတ် မက္ကစီကိုမှ ပြန်ရောက်လာသည်။ ကမ်းခြေရှိ ခိုအိမ်လေးသို့ နှစ်ယောက်တည်း အတူသွားကြသည်။ ပွတ်သပ်နမ်းရှုပ်နေရင်း စကားပြောကြသည်။
+++++++++++++++

 "မက္ကဆီကိုမှာ ရောက်နေတုန်း ခင်ဗျားအကြောင်းပဲ ကျွန်တော် တစ်ချိန်လုံးစဉ်းစားနေတာ။ ခင်ဗျားကိုပဲ တမ်းတနေခဲ့တာ" "ဒါနဲ့တောင် ရှင်က ကျွန်မဆီ စာတစ်စောင်မှ မရေးဘူးပေါ့" ဟု မစ္စပွန်တယ်လိုင်ယာက ကြားဖြတ်ပြောလိုက်သည်။ "ခင်ဗျား ကျွန်တော့်ကို အလေးအနက်ထားမှန်းတော့ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်ရူးပေါက်နေပြီ။ ခင်ဗျားသာ ကျွန်တော့်ဇနီးဖြစ်ရင်ဆိုတဲ့ ရမ်းရမ်းကားကားအိပ်မက်တွေကလွဲလို့ ဘာကိုမှ သတိမရတော့ဘူး" "ရှင့်ဇနီး....." "ဘာသာရေး၊ သစ္စာတရား။ ခင်ဗျားသာ အလေးအနက်ဆိုရင် ဒီလိုအရာတွေအားလုံးကြားထဲက တစ်နည်းနည်းနဲ့ပေါ့" "ဒီလိုဆိုရင်၊ ကျွန်မဟာ လီယွန်ပွန်တိုင်လယ်ယာရဲ့ ဇနီးဆိုတာကို ရှင် မေ့နေခဲ့လို့ ဖြစ်မှာပေါ့" "အိုးးး ကျွန်တော့်မှာ တကယ်ဖြစ်မလာနိုင်တဲ့ အိပ်မက်ရိုင်းတွေကိုပဲ တောင့်တနေခဲ့တာ။ သူတို့ ဇနီးမယားတွေကို လွတ်လပ်ခွင့်ပေးလိုက်တဲ့ ယောက်ျားတွေအကြောင်း စဉ်းစားရင်းနဲ့ပေါ့။ ဒီလိုအဖြစ်မျိုးတွေကို ကျွန်တော်တို့ ကြားဖူးတာပဲမဟုတ်လား" "ဒါပေါ့။ အဲဒီလိုအဖြစ်မျိုးတွေ ကျွန်မတို့ ကြားဖူးသားပဲ" "အဲဒီလို ၀ိုးတ၀ါးစိတ်ရူးတွေနဲ့ ကျွန်တော် ပြန်ရောက်လာတာ။ ပြီး ဒီကိုပြန်ရောက်လာတော့လည်း..." "ဒီကိုပြန်ရောက်လာတော့လည်း ရှင်ကျွန်မဆီ မလာဘူးလေ" သူမက သူ့ပါးကို ပွတ်သပ်နေရင်းပင် ပြောလိုက်သည်။ "ဒီလိုကိစ္စမျိုးကို အိပ်မက်မက်နေတာ ဘယ်လောက် ခွေးစိတ်ပေါက်သလဲ ကျွန်တော့်ကိုယ်ကျွန်တော်လည်း သိပါတယ်။ ခင်ဗျားကိုယ်တိုင် စိတ်ပါတယ်ဆိုရင်တောင်မှပေါ့.." ရောဘတ်၏မျက်နှာကို သူမ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း ဘယ်တော့မှ လွှတ်မပေးတော့သည့်အလား သူမက စိုက်ကြည့်နေသည်။ ထို့နောက် သူ့ နဖူး၊ မျက်လုံး၊ ပါးနှင့် နှုတ်ခမ်းလွှာများကို နမ်းနေသည်။ "ရှင်ဟာ အရမ်းအရမ်း ရူးတဲ့ ကောင်လေးပဲ။ မစ္စတာပွန်တိုင်လိုင်ယာက ကျွန်မကို လွတ်လပ်ခွင့်ပေးလိုက်တယ်ဆိုတာမျိုး မဖြစ်နိုင်တဲ့အရာတွေကို အိပ်မက်မက်ရင်း ရှင့်အချိန်တွေကို ဖြုန်းနေတာလေ။ မစ္စတာပွန်တိုင်လိုင်ယာ ကောက်ချင်ကောက် တင်ချင်တင်လုပ်ရမယ့်၊ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ခု ကျွန်မမဟုတ်တော့ဘူး။ ကျွန်မ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးပဲ ကျွန်မကိုယ်ကိုယ် ပေးမယ်။ ထားပါတော့ သူက၊ 'ဟေ့ရောဘတ်၊ မင်း သူ့ကို ယူသွားပြီး ပျော်ပျော်နေပါတော့။ သူက မင်းအပိုင်ဖြစ်သွားပြီ' ပြောတယ်ဆိုရင် ကျွန်မက ရှင်တို့နှစ်ယောက်စလုံးကို ရယ်နေမှာ..." "ခင်ဗျား ဘာကိုဆိုလိုတာလဲ" ဟု မျက်နှာဖြူဖပ်ဖြူယော်ဖြင့် သူက မေးလိုက်၏။ 

+++ ++++++
 ဤစကားပြောခန်းတွင် ကျင့်ဝတ်ဖောက်ပြားသူနေရာက အသုံးတော်ခံနေသည့် အမျိုးသားဇာတ်ကောင် "ရောဘတ်" ကိုယ်တိုင်၏ စိတ်တွင်းတွင် ကိန်းအောင်းနေသော အဖိုကြီးစိုးမှုအိုင်ဒီယော်လော်ဂျီကို သတိထားကြည့်စေချင်သည်။ အမျိုးသမီးများသည် အမျိုးသားများ၏ ပိုင်ဆိုင်မှုတစ်ခုသာဖြစ်သည်ဟု သူက ရိုးသားစွာယုံကြည်နေသည်။ ရောဘတ်အတွက် မစ္စပွန်တယ်လိုင်ယာကို ပိုင်ဆိုင်ရန်အခွင့်အရေးမှာ သူမ၏ ခင်ပွန်း မစ္စတာပွန်တိုင်လိုင်ယာ၏ သဘောတူညီမှုမပါဘဲ မဖြစ်နိုင်။ (အနည်းဆုံးအားဖြင့် ရောဘတ်ကဲ့သို့ လူကြီးလူကောင်းဇာတ်ကောင်တစ်ဦးအဖို့) ထိုသို့သော အတွေးမျိုး သူ့ခေါင်းထဲသို့ မ၀င်ရောက်နိုင်။ ဤသည်မှာ မစ္စပွန်တယ်လိုင်ယာ၏ အတွင်းစိတ်တွင်းမှ အမျိုးသမီးတစ်ဦး၏နာကျင်ခံစားရမှုကို (အထူးသဖြင့် ၁၉ ရာစု စာဖတ်သူတစ်ဦး) အနေဖြင့် နားလည်ရန် အလွန်ခက်ခဲရခြင်းအတွက် အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။ ဇာတ်လမ်းပြန်ဆက်ရလျှင် ထိုအချိန်တွင်ပင် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာပြီး အစေခံတစ်ယောက်က သတင်းတစ်ခု အကြောင်းကြားသည်။ မစ္စရာတီနိုး နေမကောင်းဖြစ်နေသဖြင့် လာရောက်ကြည့်ရှုပါရန် သတင်းပေးခြင်းဖြစ်သည်။ မစ္စပွန်တယ်လိုင်ယာက သူမ ပြန်လာသည်အထိ စောင့်ပါဟု မှာကြားပြီး ရောဘတ်ကိုထား၍ လိုက်ပါသွားခဲ့သည်။ မစ္စရာတီနိုးမှာ ကလေးမီးဖွားနေခြင်းဖြစ်သည်။ ကလေးမီးဖွားနေသော မြင်ကွင်းကိုကြည့်ရင်း "အကြောင်းပြချက်တစ်ခုခုပေး၍ မလာခဲ့ရင်ကောင်းသား၊ အခုချက်ချင်း အကြောင်းပြချက်တစ်ခုခုပေးပြီး ပြန်သွားလည်း ဖြစ်သားပဲ" ဟု မစ္စပွန်တယ်လိုင်ယာ တွေးမိသည်။ သို့တိုင် သူမ ထိုသို့ မပြုလုပ်ခဲ့။ အတွေးတစ်ခုအပေါ် စဉ်းစားတွေးခေါ်ရင်း ထိုမြင်ကွင်းကို တမင်ထိုင်ကြည့်နေခဲ့သည်။ 

++++++++++++++

အက်ဒနာ (မစ္စပွန်တယ်လိုင်ယာ) မသက်မသာ ဖြစ်နေမိသည်။ ထိတ်လန့်မှုတစ်စွန်းတစက သူမ ရင်ကို ဖိစီးနေသည်။ သူမကိုယ်တိုင်၏ ကလေးမီးဖွားသော အတွေ့အကြုံများသည် တကယ်မဟုတ်ဘဲ ခပ်ဝေးဝေးတစ်နေရာတွင် ကျကျန်သကဲ့၊ တစ်ပိုင်းတစ်စကိုသာ မှတ်မိတော့၏။ နာကျင်မှု၏ အစွန်အဖျား၊ မွှန်ထူနေသော ကလိုရိုဖှောင်းနံ့များ၊ ဖျော့တော့သွားသော ထုံထိုင်းထိုင်းအာရုံများ၊ ထို့နောက်တွင် ဖြစ်တည်မှုတစ်ခုအဖြစ် သူမ ပေးစွမ်းလိုက်သော အသစ်ကျပ်ချွတ်ဘ၀လေးတစ်ခုကို တွေ့ရပြီး တဖန်ပြန်လည်နိုးထလာရခြင်း။ ၀င်ချည်ထွက်ချည်ပြုလုပ်နေသော ဤကမ္ဘာမြေပေါ်ရှိ မရေတွက်နိုင်သော ၀ိဉာဉ်အရေအတွက်ကို ထပ်တိုးလိုက်သော အပြုအမူတစ်ခု။ အတွင်းထဲမှ နာကျင်သော မီးလျှံတစ်ခုလှိုက်တက်လာပြီး သဘာဝတရား၏ နိယာမများကို ပုန်ကန်လိုမှုတစ်ခု ရုန်းကြွနေ၏။ နှိပ်စက်ကလူပြုနေသော မြင်ကွင်းကို သူမ ထိုင်ကြည့်နေလိုက်သည်။ 
 +++++++++++++
; ဤစာပိုဒ်ကိုကြည့်လျှင် သူရဲကောင်းမိခင်တစ်ယောက်အကြောင်း ဖော်ကျူးထားခြင်းမဟုတ်ကြောင်းသိသာသည်။ အပြစ်ပေးနှိပ်စက်နေသည်နှင့်တူသော မြင်ကွင်းကို ဇာတ်ကောင်က သူမ စိတ်အတွင်းမှ မကျေနပ်ချက်၊ ပုန်ကန်လိုမှုကို သက်သေထူနိုင်ရန် တမင်တကာထိုင်ကြည့်နေခြင်းသာ ဖြစ်ပါသည်။ ဇာတ်လမ်းကို ပြန်ဆက်ရလျှင် မစ္စပွန်တယ်လိုင်ယာ သူမ၏ ခိုအိမ်ကလေးသို့ ပြန်ရောက်သောအခါ ရောဘတ် ရှိမနေတော့။ စာတိုကလေးတစ်စောင်သာ ထားခဲ့သည်။ "ခင်ဗျားကို ကျွန်တော်ချစ်တယ်။ နှုတ်ဆက်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားကိုကျွန်တော်ချစ်လို့ပဲ" ဟု ရေးထားသည်။ ကျွန်တော့်တစ်ဦးတည်းအမြင်အရ ရောဘတ်၏ အပြုအမူသည် အလွန်သဘာဝကျသော အပြုအမူတစ်ရပ်ဖြစ်သည်။ အက်နာသာ ငါးမိနစ်ခန့်စောရောက်ခဲ့လျှင်၊ ထိုစာကို ရေးနေရင်းတန်းလန်းဖြင့် ရောဘတ်ကို ပက်ပင်းတွေ့ရနိုင်ကောင်းသည်။ သို့မဟုတ်၊ ကျင့်ဝတ်ပိုင်းဆိုင်ရာဒွိဟကြား ဗျာများနေသော ၁၉ ရာစု လူကြီးလူကောင်းတစ်ယောက်ကို တွေ့ရနိုင်ကောင်းသည်။ အက်ဒနာ မီးဖွားခန်းကို ထိုင်ကြည့်နေသော အချိန်သည်၊ ထိုအချိန်ပင်ဖြစ်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ၊ ရောဘတ်၏ အပြုအမူသည် ၀တ္ထု၏ "အဖြစ်မှန်ဆန်မှုဂုဏ်ရည်" (Verisimilitude) ကို များစွာအထောက်အကူပြုသည်ဟု ပြောနိုင်သည်။ မည်သည့်အမျိုးသားမျှ သူနှင့်ပတ်သက်နေသည့် လူ့အဖွဲ့အစည်းကပေးထားသော အမျိုးကောင်းသားဆိုသည့်ဂုဏ်ရည်ကို အပွန်းပဲခံလိုမည်မဟုတ်ဘဲ၊ ထိုအဖြစ်ဆိုးမျိုးကို ရှောင်လွှဲနိုင်ရန် အပြင်းအထန်ကြိုးစားကြမည်သာဖြစ်ခြင်းကြောင့် ဖြစ်သည်။ အဖိုကြီးစိုးအိုင်ဒီယော်လော်ဂျီ၏ အမြစ်စွဲနေမှုကို ထောက်သော်၊ ဤအချက်ကို ၀န်မခံဘဲ (ခင်ဗျားကိုချစ်လို့ ကျွန်တော်ပြန်သွားရပါတယ်။ ခင်ဗျားကောင်းဖို့ပါဟု ဆိုလိုရင်းဖြင့်) အချစ်ကိုခုတုံးလုပ်ခဲ့သော ရောဘတ်၏ အပြုအမူကိုလည်း ခွင့်လွတ်နိုင်ကောင်းသည်။ ဤ၀တ္ထု၏ ဇာတ်သိမ်းပိုင်းကိုမူ ကျွန်တော်သဘောကျလှသောကြောင့် ဘာသာပြန်ကြည့်ပါရစေ။ ခိုအိမ်လေးတွင် ရောဘတ် သူမကို စောင့်မနေဘဲ ပြန်သွားပြီး အက်ဒနာတစ်ယောက် တစ်ညလုံးမအိပ်ဘဲ တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးနေခဲ့သည်။ နောက်တစ်နေ့တွင်မူ သူမ ကမ်းခြေသို့ ဆင်းလာခဲ့သည်။ 

++++++++++++++++

 "ကမ်းခြေကိုဆင်းပြီး ခြေလက်ဆေး၊ ရေတောင်နည်းနည်းပါးပါး ကူးမိမလားမသိဘူး။ ညစာမစားခင်လေ" "ရေက အေးပါဘိသနဲ။ ရေကူးဖို့တော့ မစဉ်းစားပါနဲ့" ဟု နှစ်ဦးလုံးက ပြောသည်။ "ရပါတယ်။ ဒါဆိုလည်း ဒါဆိုလေး ခြေဖျားကလေးတွေလောက်ပဲ ရေစိမ်တာပေါ့။ နေဒီလောက်ပူတာ ပင်လယ်အောက်ခြေတောင် နွေးနေမှာလို့ ကျွန်မတော့ ထင်တာပဲ။ သပတ်လေးများ ရနိုင်မလား။ အချိန်မီပြန်ရောက်ဖို့ဆို အခုပဲ သွားလိုက်တော့မလားလို့။ အချိန်ဆွဲနေရင် ပိုပြီးအေးလာဖို့ပဲ ရှိတယ်လေ" မာရီကွီတာက ဗှစ်တာ့အခန်းတွင်းသို့ ၀င်သွားပြီး သားပတ်နှစ်ထည်နှင့်အတူ ပြန်လာသည်။ ထို့နောက်သူမက အက်ဒနာ့ကို ပေးလိုက်သည်။ "ညစာအတွက် ငါးတော့ ပါမှာပေါ့နော်။ ဒါပေမဲ့ မရှိရင်လည်း ထွေထွေထူးထူး လုပ်မနေပါနဲ့" ဟု ထွက်သွားရင် အက်ဒနာက ပြောလိုက်သည်။ စက်ရုပ်ဆန်ဆန်ခြေလှမ်းများဖြင့် ကမ်းခြေသို့ အက်ဒနာဆင်းလာခဲ့သည်။ နေရာင်ခြည်က စူးစူးရှရှ ပူနေသည်မှလွဲ၍ တခြားဘာကိုမျှ သတိမထားမိ။ စိတ်ကူးမျှင်များအတွင်း အဆက်မပြတ်နစ်မျောနေခြင်းလည်း မဟုတ်။ လိုအပ်သည့် တွေးတောစရာအားလုံးကို ရောဘတ်ထွက်သွားပြီးနောက် သူမ တွေးခဲ့ပြီးဖြစ်၏။ နံနက်မိုးစင်စင်လင်းသည်အထိ ဆိုဖှာပေါ်တွင် တစ်မှေးမျှမအိပ်ဘဲ တွေးခဲ့ခြင်းဖြစ်သည်။ သူမကိုယ်သူမ အထပ်ထပ်ပြောနေခဲ့မိသည်။ "ဒီနေ့ အာရိုဘင်၊ နောက်တစ်နေ့ဆိုရင် တခြားတစ်ယောက်။ ငါ့အတွက်တော့ ထူးမှာမဟုတ်ဘူး။ လီယွန်ပွန်တိုင်လိုင်ယာအတွက်လည်း ဘာအကြောင်းမှမထူးဘူး။ ဒါပေမဲ့ ကလေးတွေ...." အပရိကတွေအားလုံးကို အဆုံးသတ်လိုက်တော့မယ်၊ ဒါပေမဲ့ ကလေးတွေအတွက်ကြောင့်တော့ ကိုယ့်ကိုယ်ကိုယ် မစတေးနိုင်ဘူးဟု အချိန်အတော်အကြာက သူမ ရာတီနိုးကိုပြောခဲ့စဉ်တွင် သူမ ဘာကိုဆိုလိုချင်သလဲဆိုတာ ယခု ရှင်းရှင်းလင်းလင်းနားလည်လိုက်သည်။ ကူကယ်ရာမဲ့အဖြစ်က မျက်လုံးကြောင်နေသော တစ်ညလုံး ဖုံးလွှမ်းနေခဲ့ပြီး မည်သည့်အခါမျှ ပြန်မရုတ်သိမ်းတော့။ ဤကမ္ဘာမြေပေါ်တွင် သူမ အလိုရှိသော အရာတစ်ခုမျှ မရှိတော့။ ရောဘတ်မှလွဲ၍ သူမအနီးတွင် ရှိနေစေချင်သော လူသား တစ်ဦးမျှ မရှိတော့။ သူမကို တစ်ဦးတည်းချန်ထားပြီး ရောဘတ်ကိုယ်တိုင်ပင် သူမ၏ ဖြစ်တည်မှုအတွင်းမှ အရည်ပျော်ပျောက်ကွယ်သွားမည့်တစ်နေ့ ရောက်လာလိမ့်မည်ဟုပင် သူမ နားလည်လိုက်သည်။ ကလေးများ၏ ပုံရိပ်က သူပုန်သူကန်လေးများပမာ သူမရှေ့တွင်ပေါ်လာသည်။ သူမကို အနိုင်ယူလိုက်သော သူပုန်လေးများ၊ သူမထက် အင်အားကြီးပြီး သူမ ဘ၀တစ်လျှောက်လုံး စိတ်ဝိဉာဉ်အကျဉ်းစခန်းသို့ ကျွန်တစ်ယောက်ပမာ ဆွဲခေါ်ယူသွားရန် ကြိုးစားနေကြသည့် သူပုန်လေးများ။ သို့သော် သူတို့ရန်မှ လက်တစ်လုံးခြားအလွတ်ပြေးနိုင်မည့် နည်းလမ်းတစ်ခုကို သူမ သိထားသည်။ ကမ်းခြေသို့လျှောက်လာစဉ်တွင် ထိုအတွေးများ သူမခေါင်းအတွင်း မရှိတော့။ သူမ၏ ရေချိုးဝတ်စုံဟောင်းကို အက်ဒနာ တွေ့ရသည်။ တင်နေချ ချိတ်တွင်ပင် အရောင်များလွင့်ပျယ်ရင်း ရှိနေသေး၏။ သူမ၏ အ၀တ်အစားများကို ရေချိုးအိမ်ထဲတွင် ထားခဲ့ပြီး ထိုဝတ်စုံကိုပင် သူမ ၀တ်လိုက်သည်။ သို့သော် လူသူကင်းမဲ့နေသည့် ပင်လယ်ကမ်းခြေအစပ်သို့ ရောက်သည့်အချိန်တွင် အပေါက်အပြဲဗရပွနှင့် သက်တောင့်သက်သာမရှိသော ထိုဝတ်စုံကိုပါ သူမ ချွတ်ပစ်လိုက်သည်။ ဘ၀တွင်ပထမဦးဆုံးအကြိမ်အဖြစ် ဟင်းလင်းပြင်တစ်နေရာတွင် ၀တ်လစ်စားလစ်ဖြင့် သူမ မတ်တပ်ရပ်နေမိသည်။ နေရောင်ခြည်၏ နွေးထွေးဂရုဏာနှင့် လေညင်းက သူမအပေါ်ရိုက်ခတ်နေစဉ် လှိုင်းလုံးများက သူမကို လက်ယပ်ခေါ်နေသည်။ ကောင်းကင်အောက်တွင် ၀တ်လစ်စားလစ်ဖြင့် မတ်တပ်ရနေခြင်းသည် မည်မျှထူးဆန်းကြောက်မတ်ဖွယ်ကောင်းပါသနည်း။ မည်မျှ အရသာရှိပါသနည်း။ အသစ်စက်စက်မွေးဖွားလိုက်သည့် သတ္တ၀ါတစ်ကောင်ပမာ သူမခံစားရသည်။ သူမ အရင်က မသိခဲ့သည့် ရင်းနှီးကျွမ်းဝင်ပြီးသား ကမ္ဘာတစ်ခုကို မျက်လုံးဖွင့်ပြီး ကြည့်လိုက်ရသလိုပင်။ အမြှုပ်တစီစီထနေသော လှိုင်းလုံးငယ်လေးများက သူမ၏ ဖြူဖွေးသောခြေဖ၀ါးကို ကွေ့ဝိုက်၍ ရေနဂါးတစ်ကောင်လို သူမခြေချင်းဝတ်ကို ရစ်ပတ်လိုက်သည်။ သူမ ဆက်လျှောက်လာခဲ့သည်။ ရေက အေးစိမ့်နေသော်လည်း သူမက ဆက်၍ပင် လျှောက်လာခဲ့၏။ ရေက တဖြည်းဖြည်းနက်လာစဉ်တွင် သူမ၏ဖွေးဆွတ်နေသော ကိုယ်ခန္ဓာကို ဖြန့်ခင်းလိုက်ပြီး လက်ဖြင့်ယက်၍ ကူးခတ်လာခဲ့သည်။ ပင်လယ်ပြင်၏ အထိအတွေ့က နူးညံ့နှစ်လိုဖွယ်ကောင်းပြီး သူမ၏ကိုယ်ခန္ဓာကို ညင်သာစွာပွေ့ဖက်ထားသည်။ ဆက်၍ဆက်၍ သူမ ကူးခတ်လာခဲ့သည်။ ပင်လယ်ပြင်အတွင်းသို့ ခပ်ဝေးဝေးရောက်အောင် ကူးခတ်ခဲ့မိသောညကို သူမ သတိရလာသည်။ ထို့နောက် ကမ်းခြေသို့ ပြန်လည်မရောက်မှာ စိုးရွံ့သော ကြောက်လန့်မှုကို သူမ ပြန်သတိရလာသည်။ ယခုတော့ သူမ နောက်သို့ လှည့်မကြည့်တော့၊ ကလေးဘ၀က ဖြတ်သန်းခဲ့ဖူးသော မြက်ပင်ပြာများနှင့် ဖုန်းဆိုးမြေကို စိတ်ကူးရင်း၊ ၎င်းတွင် အဆုံးအစမရှိကြောင်း တွေးထင်ယုံကြည်ရင်း ဆက်၍သာ ကူးခတ်လာခဲ့သည်။ သူမ လက်မောင်းများနှင့် ခြေထောက်များက နွမ်းလျလာသည်။ လောရန့်စ်နှင့် ကလေးငယ်များအကြောင်း သူမ တွေးမိသည်။ ၎င်းတို့သည် သူမ ဘ၀၏ အစိတ်အပိုင်းများဖြစ်သည်။ သို့တိုင် ထိုအတွက်ကြောင့် သူမကို၊ သူမကိုယ်ခန္ဓာနှင့်စိတ်ဝိဉာဉ်ကို ပိုင်ဆိုင်နိုင်သည်ဟု သူတို့အနေဖြင့် တွေးထင်၍ မဖြစ်။ ရောဘတ်၏အမေတစ်ယောက် မည်သို့ ရယ်မောမည်နည်းဟု သူမ တွေးကြည့်မိ၏။ သူမသာသိလျှင် လှောင်ပြောင်နေမည်လားမပြောတတ်။ "ဒါနဲ့တောင် ညည်းကိုယ်ညည်း အနုပညာသမားလို့ ပြောသေးတယ်အေ။ အတော်ဟန်ဆောင်ကောင်းတဲ့ ကတော်ပဲ။ အနုပညာသမားဆိုတာက ရဲရင့်တဲ့စိတ်နှလုံးရှိတယ်၊ အရာရာဖီဆန်ရဲတယ်" မောဟိုက်ပင်ပန်းခြင်းက သူမအပေါ်ကြီးစိုးပြီး တဖြည်းဖြည်းအနိုင်ယူလာနေသည်။ "နှုတ်ဆက်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားကိုကျွန်တော်ချစ်လို့ပဲ" တဲ့။ သူ မသိပါဘူး၊ သူ နားမလည်နိုင်ပါဘူး။ သူ ဘယ်တော့မှလည်း နားလည်နိုင်မည်မဟုတ်။ ဒေါက်တာနဲ့သာ သူမ တွေ့ခဲ့ရင် ဒေါက်တာက သူမကို နားလည်ချင်နားလည်နိုင်မည်။ သို့သော် ယခုတော့ အလွန်နောက်ကျခဲ့ပြီ။ ကမ်းခြေက သူမ၏နောက်ဘက် ခပ်ဝေးဝေးတွင် ကျန်ရစ်ခဲ့ပြီး၊ သူမတွင်လည်း လက်ကျန်ခွန်အားမရှိတော့။ အဝေးတစ်နေရာဆီသို့ သူမ မျှော်ကြည့်နေမိသည်။ ထို့နောက်တွင် ရင်းနှီးပြီးသား ကြောက်ရွံ့မှုက ခဏမျှ သူမကို လွှမ်းခြုံလိုက်ပြီး၊ ဖျပ်ခနဲ ပြန်ပျောက်ကွယ်သွားခဲ့၏။ အက်ဒနာ့ နားထဲတွင် သူမ အဖေနှင့်၊ ညီမ မာဂရက်တို့၏ အသံများကို ကြားနေရ၏။ ဆာခမောပင်တွင် ကြိုးချည်ထားသော ခွေးအိုကြီးတစ်ကောင်၏ ဟောင်သံကို သူမ ကြားရ၏။ စင်္ကြန်လမ်းအတိုင်း ချီတက်သွားသော မြင်းစီးတပ်သား၏ လှံတံများမှ တချွင်ချွင်အသံများ ကြားရ၏။ ပျားများ၏ တစီစီအော်ငြီးသံ၊ ထို့နောက် လေထဲတွင် ပြည့်နှက်နေသော ပြင်းရှရှပန်းပေါင်းစုံရနံ့များ။ 

+တေဇာ (လရောင်လမ်း)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)